Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေး ပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁၆

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအတွင်း ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်း ကူးစက်ဖြစ်ပွားနေမှုများကို ဩဂုတ်လအတွင်း၌ ကူးစက်ဖြစ်ပွားနေမှုရာခိုင်နှုန်း၏ ထက်ဝက်ခန့်အထိ ကျဆင်းနိုင်ရေးကြိုးပမ်း လုပ်ဆောင်လျက်ရှိသည်ကို ယခင်အစည်းအဝေး များတွင် ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုအနေဖြင့် ဇူလိုင် ၁၄ ရက်တွင် ၃၃ ဒဿမ ၁၇ ရာခိုင်နှုန်း၊ ဇူလိုင် ၂၃ ရက်တွင် ၄၀ ဒဿမ ၈၂ ရာခိုင်နှုန်းအထိရှိခဲ့ရာမှ ဩဂုတ် ၁၅ ရက်တွင် ကူးစက် ဖြစ်ပွားသူ ၂၆ ဒဿ ၄၆ ရာခိုင်နှုန်းသာ ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်မှုတို့ ကြောင့် ဖြစ်ပွားမှု ရာခိုင်နှုန်း၏ ၁၄ ရာခိုင်နှုန်းကျော်အထိ လျော့ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်း ပိုမိုကျဆင်းလာစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆေးပစ္စည်းများ၊ အခြေခံအိမ်သုံးဆေးဝါး ပစ္စည်းများနှင့် ပတ်သက်၍ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ဝယ်ယူသုံးစွဲသူ ပြည်သူလူထု အခက်အခဲ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့ပြီးဖြစ်ကြောင်း၊ သဘာဝမဟုတ်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှုများ လျော့ချနိုင်ရေး၊ ပုံမှန်ထက် ပိုမိုသိုလှောင်၍ ဈေးနှုန်းကြီးမြင့် လာအောင် လုပ်ဆောင်နေမှုများအား ကြပ်မတ်စစ်ဆေး ဖော်ထုတ်လျက်ရှိပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူများအား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ကြပ်မတ် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူလူထုများအနေဖြင့် အခြေခံအိမ်သုံးဆေးဝါးများကို ပုံမှန် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသည် အခြေခံ စားသောက်ကုန်များ ထုတ်လုပ်သည့် နိုင်ငံဖြစ်သဖြင့် အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်း ကြီးမြင့်နေမှုများကိုလည်း သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအလိုက် စိစစ်ကြပ်မတ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု ကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်မှု စရိတ်နှင့် လုပ်အားခ ကုန်ကျစရိတ်များကြောင့် အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းမြင့်မားမှု၊ သဘာဝကျသည့် ဈေးနှုန်းမြင့်တက်မှုများရှိသည်ကို မပြောလိုသော်လည်း မတန်တဆ ဈေးတင် ရောင်းချမှုများကို မဖြစ်စေလိုကြောင်း၊ စားသောက်ကုန်ပစ္စည်းများအား ပစ္စည်းပြတ်လပ်၍ ဈေးနှုန်းမြင့်မားလာစေရန်အတွက် ရည်ရွယ်ချက်ရှိစွာဖြင့် ပွဲရုံများ၊ ဂိုဒေါင်များတွင် သိုလှောင် ခြင်း၊ ဈေးကစားခြင်းများ ရှိနိုင်သဖြင့် အခြေခံစားကုန်၊ သုံးကုန်များ ဈေးနှုန်းမြင့်မားမှု မရှိစေရေး တာဝန်ရှိသူများက ထိန်းသိမ်းကြပ်မတ် လုပ်ဆောင်ပေးကြရန်လိုကြောင်း။

အစိုးရအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ရောက်ရှိလာသည့် ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ အမြန်ဆုံးဖြန့်ဝေပေးလျက်ရှိကြောင်း၊ ထို့ကြောင့် ဆေးများရောက်ရှိလာသည်နှင့် ပျက်စီးမှု မဖြစ်စေရန် စနစ်တကျထိန်းသိမ်းထားသိုရန်နှင့် တတ်နိုင်သရွေ့ အမြန်ဆုံးထိုးနှံပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ EAOs အဖွဲ့များအနေဖြင့် ၎င်းတို့ နယ်မြေများအတွင်း ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်သွယ်လာခြင်းများရှိသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ EAOs နယ်မြေများတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု အလိုက် စာရင်းပြုစု ဆောင်ရွက်ကြရန်လိုကြောင်း။

လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည် ဖြစ်သော်လည်း ရောဂါကူးစက်ဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်သည့် အချိန် တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး၊ စာသင်ကျောင်း အဆောက်အဦများ ကြံ့ခိုင်မှုပြည့်ဝနေစေရေးအတွက် လိုအပ်သည့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များအလိုက် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမ များသည် ကျောင်းသား၊ ကျောင်းသူများအား စာပေသင်ကြားပေးကြရမည်ဖြစ်ပြီး အနီးကပ် ထိတွေ့ရမည့်သူများဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံရာတွင် ဦးစားပေးဖြင့် ထိုးနှံနိုင်ရေး လစ်ဟင်းမှုမရှိအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့် ပတ်သက်ပါက လူပုဂ္ဂိုလ်တစ်ဦးချင်း သော်လည်းကောင်း၊ ကုမ္ပဏီများသော်လည်းကောင်း မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ တင်သွင်းခွင့်ပြုပေးထားပြီးဖြစ်သော်လည်း FDA မှ သတ်မှတ်ချက် များနှင့် ကိုက်ညီသည့် ဆေးဝါးနှင့် ပစ္စည်းများဖြစ်စေရေး တာဝန်ရှိသည့် ဌာနဆိုင်ရာများက ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးနှင့် ပတ်သက်၍ လုပ်ဆောင်နိုင်သည်မှန်သမျှကို ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တက်ရောက်လာကြ သူများက လက်ရှိအချိန်တွင် ရောဂါပိုးကူးစက်ဖြစ်ပွားမှုနှုန်း အတိုင်းအတာတစ်ခုအထိ ကျဆင်း လာပြီဖြစ်ပြီး ကုသရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် သန့်ရှင်းရေးဝန်ထမ်းများ၏ ကိုယ်ခံအား ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ပေးနေမှု အခြေအနေ၊ Quarantine Center များနှင့် Positive Center များတွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများဖြန့်ခွဲ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များကို ဆောင်ရွက်ပေးနေမှု အခြေအနေ၊ ရောဂါပိုးတွေ့ရှိမှုနှုန်းများပြားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသိပညာပေးခြင်းများ ကြပ်မတ်ဆောင်ရွက်ခြင်းများကို ပိုမိုလုပ်ဆောင် သင့်သည့် အခြေအနေ။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောဂါပိုး ကူးစက်ပြန့်ပွားမှု၊ သေဆုံးမှု အခြေအနေ၊ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ ယနေ့အချိန်အထိ ဖြစ်ပွားသူ ၂၁၀၉၆၁ ဦး၊ သေဆုံးသူ ၁၀၀၄၈ ဦးရှိခဲ့သည့် အခြေအနေ၊ လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်း ကျဆင်းလျက်ရှိပြီး ဇူလိုင်လ ဒုတိယအပတ်တွင် ရောဂါပိုး တွေ့ရှိမှုနှုန်းနှင့် ဩဂုတ်လ ဒုတိယအပတ်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း နှိုင်းယှဉ် ကြည့်မည်ဆိုပါက ၃၆ ရာခိုင်နှုန်း အထိကျဆင်းလာသည်ကို တွေ့ရှိရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြည့်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးတွင် ၇၄ ရာခိုင်နှုန်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ၆၂ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၃ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ၄၀ ရာခိုင်နှုန်းကျော်အထိ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရသည့် အခြေအနေ။

ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလျက်ရှိသည့် ဒေသများအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေ၊ သတ်မှတ်စည်းကမ်းချက်များ လိုက်နာရန် အားနည်းသည့် နေရာဒေသများ၌ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို လူထုနှင့် အနီးကပ်ရှိသည့် နေရာများအထိ လုပ်ဆောင်ပေးရန်လိုအပ်သည့် အခြေအနေ၊ ကာကွယ်ဆေး များ ထပ်မံရောက်ရှိလာနိုင်ရေး ဆောင်ရွက်မှုအနေဖြင့် တရုတ်နိုင်ငံမှ ကာကွယ်ဆေး တစ်သန်း ကို လာမည့်အပတ်အတွင်း ရရှိနိုင်ရေး ချိတ်ဆက်လုပ်ဆောင်လျက်ရှိပြီး ထပ်မံစာချုပ်ချုပ်ဆို ထားသည့် ၂၄ သန်းကိုလည်း ဝယ်ယူရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲမပြတ် ကြိုးပမ်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။

ကမ္ဘာ့နိုင်ငံများတွင် ဗီဇပြောင်းရောဂါပိုး မျိုးစိတ်အသစ်များ ဆက်လက်တွေ့ရှိနေရမှု၊ ကူးစက် ပြန့်ပွားနိုင်မှု အခြေအနေနှင့် ဗီဇပြောင်းရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ် တားဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေများ၊ ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိသည့် အခြေအနေနှင့် IDP Camp များတွင်လည်း ထိုးနှံပေးနိုင်ရေး ဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများထံမှ လှူဒါန်းသည့် ကာကွယ် ဆေးများ ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေသည့် အခြေအနေ၊ အာဆီနိုင်ငံများ၊ အာဆီယံ အပေါင်း နိုင်ငံများနှင့် ပူးပေါင်း၍ ကာကွယ်ဆေးများ ရရှိနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့မှု အခြေအနေ၊ တိုင်းရင်းဆေးများမှတဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး သုတေသနဆောင်ရွက်နေမှု အခြေအနေ။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် စေတနာရှင်အလှူရှင် များထံမှ အလှူငွေများရရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေး ရန်ပုံငွေမှ သုံးစွဲထားရှိမှု အခြေအနေ၊ ဆိပ်ကမ်းများ၊ လေဆိပ်များ၊ နယ်စပ်ဂိတ်များမှတဆင့် ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုဆေးဝါးများနှင့် အခြားအိမ်သုံး အခြေခံဆေးဝါးများ တင်သွင်းဆောင်ရွက် နေမှု အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို နိုင်ငံပိုင် ရုပ်မြင်သံကြား၊ ရေဒီယိုများ၊ သတင်းစာများနှင့် အခြားမီဒီယာများမှတဆင့် ထုတ်လွှင့် ပြန်ကြားနေမှု အခြေအနေ၊ တိုင်းရင်းသားဘာသာစကားများ၊ အစီအစဉ်သစ်များဖြင့် ပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိကာလတွင် အောက်ဆီဂျင်လိုအပ်ချက် များအတွက် တိုးမြှင့်ထုတ်လုပ်ပေးနေမှု အခြေအနေ၊ ဆေးဝါးများကို ဈေးနှုန်းကြီးမြင့်လာစေ ရန် ရည်ရွယ်ချက်ရှိစွာဖြင့် သိုလှောင်မှုများ မရှိစေရေး ဆေးဆိုင်များနှင့် ဆေးဝါး သိုလှောင် ထားသည့် ဂိုဒေါင်များအား စစ်ဆေးဆောင်ရွက်ခဲ့မှု၊ တွေ့ရှိမှုနှင့် အရေးယူနိုင်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ဝင်ရောက်လာမှုနှင့် စနစ်တကျ ဆေးစစ်မှုများဆောင်ရွက်ပေးပြီး ၎င်းတို့နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေး နေမှု အခြေအနေ။

Relief Flight များ ပြေးဆွဲ၍ ခရီးသည်နှင့် ဆေးဝါးများ သယ်ယူပို့ဆောင်ပေး နိုင်ခဲ့သည့် အခြေ အနေနှင့် ပို့ဆောင်ဆက်သွယ်မှု မပြတ်တောက်စေရေး လေယာဉ်၊ ရေယာဉ်များနှင့် ကုန်းလမ်း ပို့ဆောင်ရေးတို့မှ ခရီးစဉ်များ ပြေးဆွဲဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ရောဂါပိုး အတည်ပြုလူနာများအား တပ်မတော်စင်တာများတွင် ကုသဆောင်ရွက်ပေးနေမှုနှင့် လူနာများ အား ကုသပေးနိုင်ရေးဆေးတပ်ဖွဲ့ဝင်များကို တာဝန်ပေးအပ်ထားရှိသည့် အခြေအနေ၊ ဆေးဝါး များ တင်သွင်းဖြန့်ဖြူးမှု လွယ်ကူလျင်မြန်စေရေးအတွက် ဖြေလျော့၊ ချိတ်ဆက်ဆောင်ရွက် ပေးနေမှုနှင့် ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ ဆေးဝါးများ ထုတ်လုပ် ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကျန်းမာရေး ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှင့် ပတ်သက်၍ “နောက်တစ်ခုက ကျန်းမာရေးဝန်ထမ်းတွေ၊ တကယ်ကို ကျန်းမာရေး ဝန်ထမ်းတွေ က ရှေ့တန်းကျကျလုပ်ရတာ၊ ဆေးရုံတွေမှာ၊ ဖျားနာလာတဲ့ သူတွေကို သူတို့ပဲကုရတာ၊ သူတို့ကို ကူးစက်ပြီဆို သူတို့ကို Priority ပေးရလိမ့်မယ်၊ ဦးစား ပေးပြီးတော့ သူတို့ကိုအထူးကိစ္စ တစ်ရပ်အနေနဲ့ စောင့်ရှောက် ပေးဖို့လိုပါတယ်၊ ဖြစ်တဲ့အချိန်မှာ ဖြစ်လို့ပြန်ကုလို့ ပျောက်သွား ရုံတင်မဟုတ်ဘူး၊ နောက်ဆက်တွဲပြဿနာတွေပါ ပြန်ကြည့်ဖို့လိုတာပေါ့။ တောက်လျှောက်ကို မှတ်ထားပြီးတော့ Register လုပ်ထားဖို့လိုပါတယ်။ ကုသရင်းနဲ့ ကူးစက်ခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေ ပေါ့။ သူတို့ကိုတော့ အထူးကိစ္စတစ်ရပ်အနေနဲ့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်များက ပြန်ကြည့်ပေးပါ။ ဝန်ကြီးဌာနအနေနဲ့လည်း ဒါကိုမှတ်တမ်းတင်ထားပြီး စောင့်ရှောက်ပေးဖို့ ကျွန်တော်ပြောလိုပါတယ်၊ နောက်တစ်ခါ အရပ်ဘက် ကုသရေးနဲ့ ပတ်သက်ပြီး တချို့နေရာတွေမှာ မနိုင်တဲ့အတွက်ကြောင့် တပ်မတော်က ဝင်ကူပေးရတာ ရှိတယ်။ တပ်မတော်က ဝင်ကူပေးရတာရှိသလို တပ်မတော်ဆေးရုံတွေမှာလည်း ကုသပေး နေတာတွေရှိတယ်။ ကိုဗစ်ကိုပဲ အဓိကထားပြီး ဆောင်ရွက်ပေးနေတာတွေ။ ခုနကပြောတဲ့ ဥပမာအားဖြင့် Quarantine Center လိုဟာမျိုးတွေ၊ ကုသရေးစင်တာလိုဟာမျိုးတွေမှာ၊ ကျွန်တော်တို့က သီးခြားထားပြီး စောင့်ရှောက်ပေးထားသလိုပဲ၊ ဆေးရုံတွေမှာလည်း ကျွန်တော် တို့ ကုသပေးနေတာတွေရှိတယ်၊ ဒီလိုလူတွေအတွက်လည်း သီးခြားချီးမြှင့်ပေးဖို့၊ ဆောင်ရွက် ပေးဖို့လိုမယ်ဆိုတာကိုလည်း ကျွန်တော်ထည့်ပြီး ပြောလိုပါတယ်” ဟု ပြောကြားသည်။

ထို့နောက် ရောဂါဖြစ်ပွားမှုနှုန်းများ ထက်ဝက်နီးပါး အထိကျဆင်းလာသည် ဆိုသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တွက်ချက်သည့်နှုန်းအရ အချို့မြို့နယ်များတွင် ရောဂါကူးစက်မှုနှုန်း များ များပြားမှု ရှိနေသေးသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆိုပါရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသေးသည့် မြို့နယ်များတွင် ရောဂါကူးစက်မှုနှုန်းများ လျော့ကျစေရေး ဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါ အောက်ဆီဂျင်နှင့်ပတ်သက်၍ လက်ရှိ အခြေအနေတွင် လုံလောက်မှုရှိနေပြီဖြစ်ကြောင်း၊ သို့သော်ယခုဖြစ်ပွားနေသည့် ရောဂါသည် လက်ရှိအချိန်တွင်လုံးဝကင်းစင် ပျောက်ကင်း သွားမည့်ရောဂါမဟုတ် သေးကြောင်း၊ အောက်ဆီဂျင်သည် ကိုဗစ်-၁၉ ရောဂါကုသရေးတွင် သာမက အခြားရောဂါကုသရေးများအတွက်လည်း လိုအပ်သည်များရှိကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်ဆေးရုံများ၊ ခရိုင်နှင့်မြို့နယ် အဆင့်အလိုက် ဆေးရုံများနှင့် ဆေးရုံကြီးများတွင် အောက်ဆီဂျင်များ အမြဲတမ်းရရှိနေအောင် တွက်ချက်ဆောင်ရွက်ပေးရန် လိုကြောင်း၊ လိုအပ်ချက်များ ဖြစ်ပေါ်လာပါကလည်း ဖြည့်ဆည်းပေးနိုင်ရေး တစ်နေရာနှင့် တစ်နေရာ အမြဲချိတ်ဆက်ဆောင်ရွက် ထားရန်လိုကြောင်း၊ အလားတူနိုင်ငံပိုင် အောက်ဆီဂျင် စက်ရုံများ၊ တပ်မတော်ပိုင် အောက်ဆီဂျင်စက်ရုံများနှင့် ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင် ထုတ်လုပ်မှုများအား စာရင်းပြုစုထားပြီး ဆေးရုံများ၌ ဆေးရုံသုံးအောက်ဆီဂျင် များ အမြဲမပြတ်ရရှိရေး ဆောင်ရွက်ထားရန်လိုကြောင်း၊ ရေရှည်အတွက်ကြည့်၍ တွက်ချက် ဆောင်ရွက်ကြရန်လိုကြောင်း။

ရောဂါစစ်ဆေးမှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ကျဆင်းလာသည့်အတွက် ရောဂါကူးစက်မှုနှုန်း လျော့ကျလာသကဲ့သို့ ရာခိုင်နှုန်းအရလည်း ကျဆင်းလာမှုများ ရှိကြောင်း၊ အဓိကအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မြေပြင်အခြေအနေမှန်များအား သိရှိနေရန်လိုကြောင်း၊ ရောဂါကူးစက်ခံရသော်လည်း မိမိတို့အစီအစဉ်ဖြင့် ကျန်းမာရေးဌာနများသို့ လာရောက်ကုသမှု ခံယူခြင်းမပြုသူများ မရှိရန်လိုကြောင်း၊ အဆိုပါ ရောဂါကူးစက်ခံရသူများမှတစ်ဆင့် အခြား သူများသို့ကူးစက်ရန်အတွက် အန္တရာယ်များစွာ ရှိကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြင့် သတင်းဖော်ထုတ်ကြပ်မတ်ဆောင်ရွက်ပြီး ရောဂါစစ်ဆေးမှုနှင့် ပတ်သက်၍ အထူး ဂရုပြုဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း၊ ဆေးရုံတိုင်းတွင် ဆရာဝန်များရှိစေရေး အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဖြန့်ခွဲတာဝန်ပေးထားကြောင်း၊ လိုအပ်ချက်များ ရှိပါက တပ်မတော်မှ ဝင်ရောက်ကူညီ‌ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆေးရုံတိုင်းတွင် ဆရာဝန်များရှိရေးသည် အရေးအကြီးဆုံးအချက်ပင်ဖြစ်ကြောင်း၊ ဆရာဝန်များ တာဝန် ထမ်းဆောင်မှုနှင့် နေထိုင်မှုများအဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်း များက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန် လိုကြောင်း၊ ယခင်ပထမလှိုင်းနှင့် ဒုတိယလှိုင်း တွင် ဆေးရုံများ၌ ပြင်ဆင်မှုများ အားနည်းခဲ့ခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သကဲ့သို့ ယခုတတိယလှိုင်းတွင်လည်း ရောဂါကူးစက်မှုမြန်ဆန်ပြင်းထန်မှုကြောင့် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ကို သင်ခန်းစာယူ၍ ဆေးရုံများအားလုံးတွင် ကုသရေးအတွက် အမြဲကြိုတင် ပြင်ဆင် ထားရှိရန်လိုကြောင်း၊ မိမိတို့ဒေသအလိုက် လူဦးရေကိုတွက်ချက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း။

ထို့နောက် လက်ရှိကာလအတွင်း ကြုံတွေ့လာရနိုင်သည့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်၍ လိုအပ်သည်များ ကြိုတင်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ဆက်လက် ပြောကြားရာတွင် “နောက်တစ်ခုကတော့ ဆေးရုံများနဲ့ ပတ်သက်ပြီး တစ်ချက် ကျွန်တော် မှာချင်ပါတယ်။ အဲဒါကတော့ ရာသီဥတုကလည်း အခုမိုးတွေများပါတယ်။ ခုနကလည်း ဒုတိယ ဥက္ကဋ္ဌလည်း ပြောပါတယ်။ Weather forecast အရ လာမယ့် နောက်ဆုံးအပတ် လောက်ကနေစပြီးတော့ မိုးတွေပိုများလာဦးမယ့် သဘောတွေရှိတယ်။ အဲဒီတော့ ဆေးရုံထဲမှာ လည်း ရေတွေမလျှံအောင်။ ဆေးရုံတွေ ရေမလျှံအောင်၊ ရေမဝင်အောင်၊ ရေစီးရေလာ ကောင်းအောင် အဲဒါတွေလည်း လုပ်ပေးထားပေါ့။ ဖြစ်လာရင် လူနာတွေ ရွှေ့ထုတ်ရတာ တော်တော်ခက်ပါတယ်။ တော်တော်အန္တရာယ်များပါတယ်။ လုပ်ရကိုင်ရတာ တော်တော်လေး လက်ဝင်ပါတယ်။ လူကောင်းတွေ ရွှေ့ရတာကိစ္စမရှိဘူး၊ လူမမာတွေ ရွှေ့ရတာကျတော့ တော်တော်ကို ဒုက္ခ၊ သုက္ခ ရောက်နိုင်တယ်။ ဒါကြောင့် ဆေးရုံနဲ့ ပတ်သက်ရင် ရေပိတ်နိုင်တဲ့ ကိစ္စတွေ၊ မြောင်းတွေ ပိတ်နေတာတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ ရှိနေတာတွေ၊ အမှိုက်သရိုက်တွေ မရှိအောင် ဒါလေးတွေ အကုန်လုံး ရှင်းပေးထားပါ။ နောက်တစ်ခါသွားဖို့လာဖို့အတွက် လမ်းတွေ ကိုလည်း ဂရုတစိုက် ကြည့်ပေးထားဖို့ ပြောလိုပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပတ်သက် ရင်လည်း အမြဲတမ်း ပြင်ထားပါ။ မိုးမကုန် မချင်း ကတော့ တန်းမဖြုတ်ဖို့ ကျွန်တော်ပြောလို ပါတယ်။ တန်းမဖြုတ်ပါနဲ့ အားလုံး အဆင်သင့်ပြင်ထား။ ထမင်း ကျွေးသင့်ရင်လည်း ကျွေးထား။ အဲ့ဒီအတွက် ပိုက်ဆံအကုန်အကျခံရမယ်ဆိုလည်း အကုန်အကျခံမယ်။ သဘာဝဘေးအန္တရာယ် အတွက် ကျွန်တော်တို့ အကုန်အကျ ခံပေးမယ်။ အရေးကြီးတာတော့ ဖြစ်ကာမှ အကုန်လုံး မနိုင်မနင်းနဲ့ဖြစ်မှာ ကြောက်ရတာ။ အရေးကြီးတာတော့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက် တာကတော့ လက်ရှိ အခြေအနေမှာ ရေကြီးရေလျှံနဲ့ ပတ်သက်တာ အခက်အခဲတွေ ဖြစ်လာ နိုင်တယ်။ ဒါကို တွက်ချက်ပြီးတော့မှ ပြည်နယ်နဲ့ တိုင်းတွေက ပြင်ထားပေးဖို့ရယ်။ အဓိက ကတော့ ဆေးရုံတွေမှာ ရေလျှံတာတို့၊ ဘာတို့ မဖြစ်အောင်၊ လူနာတွေ ရွှေ့ထုတ်ရတဲ့ အဆင့်မျိုး၊ ဒုက္ခ၊ သုက္ခ မရောက်အောင် ဒါလေးလည်း ပြင်ထားဖို့ လိုမယ်ဆိုတာ လေးလည်း ကျွန်တော် မှာလိုပါတယ်။” ဟု ပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးနှင့်ပတ်သက်သည့်  Mask များ၊ Face Shield များ၊ PPE ဝတ်စုံများ၊ လက်အိတ်များနှင့် အခြားလိုအပ်သည့် ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်း၌ ထုတ်လုပ် လျက်ရှိသော်လည်း လိုအပ်ချက်များ များစွာရှိနေသေးကြောင်း၊ အဆိုပါပစ္စည်းများသည် လူထု အတွက် အဓိကလိုအပ်သည့် ပစ္စည်းများဖြစ်ကြောင်း၊ လိုအပ်ပါက ထုတ်လုပ်နိုင်ရေး ကြိုတင် တွက်ချက်ပြင်ဆင် ဆောင်ရွက်ထားရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် နိုင်ငံသား များကိုလည်း ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် လက်ခံ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အရှိန်အဟုန်မပြတ်ဆက်လက် ဆောင်ရွက်နိုင်ရေး စနစ်တကျ မျက်ခြည်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆိုပါ ပြန်လည် ဝင်ရောက် လာသူများ၏ ကုသရေးလုပ်ငန်းများကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)