Skip to main content

လူငယ်နှင့် စာရိတ္တ

 

လူငယ်တွေ စာရိတ္တကောင်းဖို့ လိုတယ်။ ခက်တာက လူငယ်ဘဝမှာ သူများပြောတာကို သိပ်လက်မခံချင် တော့ဘူး။ ကလေးဘဝတုန်းကတော့ လူကြီးက ဘာပြောပြော ‘ဟုတ်ကဲ့’ လို့ အမြဲ လိုက်လေ့ရှိခဲ့တယ်။ မြီးကောင်ပေါက်အရွယ် လူငယ်ဘဝရောက်လာတဲ့အခါကျတော့ ကိုယ်ပိုင်ဉာဏ်နဲ့ စူးစမ်းဆင်ခြင်ရတာကိုပဲ သဘောကျလာတယ်။ သူများပြောသမျှ ခေါင်းညိတ်နေရတာမျိုးကို သိပ်သဘောမကျတော့ဘူး။ ဟိုလူက ဟိုဟာ ကောင်းတယ်ပြောပေမယ့် ဟုတ်မှဟုတ်ပါ့မလားလို့ စဉ်းစားလာတယ်။ ဒီလူက ဒီဟာမကောင်းဘူး ပြောပြန်တော့ ဒါရော တကယ်ဟုတ်ရဲ့ လားလို့ သုံးသပ်လာတယ်။ ဘဝမှာ အတွေးနယ်အချဲ့ဆုံးအချိန်က လူငယ်ဘဝကို ဖြတ်သန်းချိန်လို့များ ပြောရင် ရနိုင်မလားမသိဘူး။

လူငယ်တွေ တွေးကြပါတယ်။ တွေးတာမှ အများကြီးကို တွေးကြပါတယ်။ တစ်ခါတစ်ခါ တွေးလွန်းလို့ အတွေးအိမ်ထဲမှာ ချာချာလည်နေရတာမျိုးတောင် ရှိပါတယ်။ တွေးခေါ်မြော်မြင်ရင်း၊ လေ့လာသုံးသပ်ရင်းနဲ့ တွေ့ရှိလာ တဲ့ အမှန်တရားကိုလည်း လူငယ်တွေက လက်ခံကျင့်သုံး လေ့ ရှိကြပါတယ်။ ပြောင်းလွယ် ပြင်လွယ် ရှိကြပါတယ်။ ဒီအလေ့အကျင့် ရှိတာလေးကိုက ချစ်စရာအလေ့အထ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ သူတို့တစ်တွေ လမ်းမှားမရောက်ဖို့၊ စာရိတ္တဆိုးတဲ့ဘက်ကို ဦးမတည် မိကြစေဖို့အတွက် လူကြီးတွေက လမ်းညွှန်တည့်မတ် ပေးနိုင်ဖို့ လိုပါတယ်။

လူငယ်တွေကို ပြောဆိုတဲ့အခါမှာလည်း ပုံမှန်သမား ရိုးကျ နည်းလမ်းဟောင်းတွေနဲ့ ပြောနေလို့ချည်း မရ တော့ပါဘူး။ ခြောက်လှန့်မှုတွေလည်း သွားလုပ်လို့မရ တော့ပါဘူး။ နည်းနည်းလေး အရွယ်ရောက်လာတဲ့အခါ ကျတော့ စမ်းကြည့်လိုက်ရမှ၊ စမ်းကြည့်လိုက်တဲ့အခါ လူကြီးပြောတဲ့အတိုင်း တကယ်ဖြစ်လာတယ်ဆိုမှ ယုံကြည် လက်ခံချင်တော့တာ။ မဟုတ်လို့ကတော့ ဘာတွေပြောနေမှန်း မသိဘူးလို့သာ စိတ်ရှုပ်ရှုပ်နဲ့ နားထောင် နေရတာ။ စိတ်ပါလက်ပါတော့ မဟုတ် တော့ဘူး။ တကယ်တော့ ခြောက်လှန့်တယ်ဆိုတာ ကလေး ကိုရော၊ လူငယ်လူကြီး ဘယ်သူ့ကိုမဆို မလုပ် သင့်တဲ့ အရာပါ။ သူ့အရွယ်နဲ့သူ သဘောပေါက် နားလည်လက်ခံလာအောင် ပြောတတ်ဖို့လိုပါတယ်။ နားလည်အောင် ပြောတယ်ဆိုတာလည်း လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

လူငယ်တစ်ယောက်ရဲ့ အပြောအဆို ၊ အနေအထိုင်၊ အပြုအမူ၊ အကျင့်စာရိတ္တတွေကို ပြုပြင်စေလိုတဲ့အခါ ဟိုဟာ မလုပ်နဲ့၊ ဒီဟာမလုပ်နဲ့ ဆိုတာမျိုးတွေချည်း မကြာမကြာပြောနေရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ကန့်သတ် တားမြစ်ချက်တွေကိုချည်း ဆက်တိုက်ပြောနေ တဲ့အခါ စိတ်ညစ်နေတာပဲရှိပါတယ်။ အမှန်တကယ် သဘောပေါက်နားလည်လို့ လိုက်နာရတာမျိုး မဟုတ် တော့ဘူး။ “အမေကလည်း ချုပ်ချယ်လိုက်တာ၊ အဖေက လည်း အလိုကိုမလိုက်ဘူး” ဆိုတဲ့ အတွေးမျိုးတွေပဲ ဝင်နေတတ်တာပါ။ ဟိုဟာမလုပ်နဲ့၊ ဒီဟာ မလုပ်နဲ့လို့ မပြောခင်မှာ ဟိုဟာကိုလုပ်လိုက်ရင် ဘယ်အကျိုးဆက် တွေ ဖြစ်လာနိုင်တဲ့အကြောင်း၊ ဒီဟာကို လုပ်ရင် ဘယ်အခြေအနေအထိရောက်ပြီး ဘယ်အဆင့်အထိ ပြင်းထန်ဆိုးရွား သွားနိုင်တဲ့အကြောင်း စိတ်ရှည် လက် ရှည် ရှင်းပြနိုင်ဖို့လည်း လိုပါတယ်။

လူငယ်တွေက မေးလိမ့်မယ်။ မေးခွန်းတစ်ခုကို ဖြေပြီးတာနဲ့ နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိမ့် မယ်။ မေးခွန်းတွေ တရစပ်မေးလိမ့်မယ်။ သူတို့သဘော မပေါက်မချင်းကို ဆွေးနွေးမေးမြန်းလိမ့်မယ်။ ဒါကောင်း တဲ့ အမူအကျင့်ပါ။ သိချင်စိတ်၊ စူးစမ်းလေ့လာချင်စိတ် ရှိနေတာကိုက အနာဂတ်အတွက် ကောင်းတဲ့လက္ခဏာ ပါ။ သိချင်စိတ်ရှိမှ၊ လေ့လာချင်စိတ်ရှိမှ လေ့လာသင်ယူ ခြင်းအလုပ်ကို စိတ်ပါလက်ပါ လုပ်မှာပါ။ မေးတာတွေ ကို ဖြေနိုင်ဖို့အတွက် ကိုယ့်ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ လူငယ်ကတော့ သူသိချင် တာတွေကို မေးနေမှာပါပဲ။ တရစပ်ကို မေးနေမှာပါပဲ။ ဒါကိုဘာ့ကြောင့် မလုပ်သင့်တာလဲ၊ ဘယ်သူက တားမြစ် ထားတာလဲ၊ လုပ်ရင်ဘာဖြစ်မှာလဲ။ မေးသမျှတွေကို မဖြေနိုင်တော့တဲ့အခါကျတော့ “ ဒီကလေး စကားကို များတယ်” ဆိုတာမျိုးနဲ့ ပိတ်ပစ်လေ့ရှိကြတယ်။ သူ့ရဲ့ သိလိုစိတ်ကို ဟန့်ပစ်လေ့ရှိကြတယ်။ ဒါက မလုပ်သင့်တဲ့ ကိစ္စပါ။

လူငယ်တွေရဲ့ မေးခွန်းတွေကို စိတ်ရှည်လက်ရှည် ဖြေသင့်ပါတယ်။ ကိုယ်သိတာကို သိတဲ့အတိုင်း၊ မသိရင် လည်းမသိတဲ့အတိုင်း ရိုးရိုးသားသားဖြေဆို ဆွေးနွေး သင့်ပါတယ်။ လူကြီးတစ်ယောက်အတွက်ကျတော့ “ဒီကိစ္စကို မသိပါဘူး” လို့ ပြောလိုက်ရမှာကို ရှက်ရွံ့နေ မိတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်တပည့် သားမြေး ရဲ့ ရှေ့မှာ၊ ကိုယ့်ဝန်ထမ်းတွေရဲ့ရှေ့မှာ ဒီစကားမျိုး ပြော လိုက်ရမှာကို ဝန်လေး နေမိတတ်ပါတယ်။ မသိဘူး၊ နားမလည်ဘူးလို့ ပြောလိုက်ရင် ကိုယ့်တပည့်သားမြေးက ကိုယ့်ကို အထင်အမြင် သေးသွားလေမလားရယ်လို့ စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်နေမိတတ်ပါတယ်။ ဒီတော့ မသိတာကို မသိတဲ့အကြောင်း မပြောဘဲနဲ့ ဟိုလိုလို ဒီလိုလို ဝေ့ဝိုက်ရှောင်တိမ်း နေမိတတ်ကြပါတယ်။ ဒီလိုတွေပြောနေရင် နားထောင်ရတဲ့ လူငယ်က စိတ်မရှည် တော့ဘူး။ “ဘာတွေလာပြောနေပါလိမ့်” ဆိုတဲ့ အတွေးမျိုးတွေ သူ့ခေါင်းထဲ ဝင်သွားတယ်။ တချို့က လည်း လူငယ်မေးလိုက်တဲ့ မေးခွန်းကို မဖြေဘဲနဲ့ “ဒါ နင့်အရာလား” ဆိုပြီး ဟောက်ပစ်လိုက်သေးတယ်။ ဒါက လုံးဝရှောင်သင့်တဲ့ အပြုအမူပါ။

တကယ်တော့ ဘယ်သူမှ အရာအားလုံးကို မသိနိုင် ပါဘူး။ မသိတာကို သိသယောင်နဲ့ ဟန်ဆောင်ဖြီးဖြန်း နေရင် အခုမသိပေမယ့် နောင်တစ်ချိန်တော့ သိသွား ကြမှာပါ။ သိသွားတဲ့ တစ်ချိန်ကျရင် ငါတို့ဆရာ ညာခဲ့၊ ဖြန်းခဲ့၊ ဖြီးခဲ့တာပဲလို့ အထင်ကြီးလေးစားမှုတွေ လျော့သွားကြမှာပါ။ မသိတာကို မသိတဲ့အကြောင်း ပြော လိုက်ရင် လတ်တလောမှာ အထင်သေး ကောင်းသေးသွားနိုင်ပေမယ့် ရေရှည်ကျရင် “သူကိုယ် တိုင် ဒီလိုပြောတယ်ဆိုရင်တော့ တကယ်မှန်လို့ ပြောတာဖြစ်လိမ့်မယ်။ သူက တကယ်မသိတာကို သိပါတယ်လို့ ညာပြီး ပြောလေ့မရှိဘူး” ဆိုတာမျိုးနဲ့ ကိုယ့်အပေါ် ယုံကြည်ချက် ခိုင်ခိုင်မာမာ ထားသွား ကြမှာပါ။ ဒါကြောင့် လူငယ်တွေနဲ့ ပြောဆိုဆက်ဆံရာမှာ အရိုးသားဆုံး နေထိုင်ပြောဆိုခြင်းကသာ ရေရှည် ထိရောက် တဲ့ အမူအကျင့်တစ်ခုဖြစ်ပါ တယ်။ မသိတာကို မသိတဲ့အကြောင်း ပြောလိုက်ရတာက ရှက်စရာ မဟုတ်ပါဘူး။ မသိဘဲနဲ့ သိသယောင်ပြောနေတာကမှ ရှက်စရာကိစ္စ ဖြစ်ပါတယ်။

ကိုယ်မသိတဲ့ ကိစ္စတစ်ခုကို မေးလာခဲ့ရင်လည်း မသိဘူးဆိုတာမျိုး အရိုးခံနဲ့ပြောလိုက်ရုံနဲ့တော့ တာဝန် မကျေသေးပါဘူး။ ဘယ်သူတော့ သိလိမ့်မယ်၊ သူ့ဆီသွား မေးလိုက်ဆိုတာမျိုး။ ဘယ်စာအုပ်ထဲမှာတော့ အပြည့် အစုံ ရေးထားတယ်။ အဲဒါလေး ဖတ်ကြည့်လိုက်ဆိုတာမျိုးနဲ့ ပြန်လည်လမ်းညွှန် လိုက်ရမှာပါ။ ဒါဆိုရင် သူ့အတွက် လည်း လေ့လာစရာ၊ မေးမြန်းဆွေးနွေးစရာ လမ်းစဖွင့် ပေးလိုက်ရာ ရောက်သွားပါပြီ။

စာရိတ္တပြုပြင်ရေးဆိုတာက တကယ်ခက်တဲ့ ကိစ္စပါ။ လူငယ်တွေရဲ့ စာရိတ္တကို ဘယ်လိုပြင်ပေးရမှန်းကို မသိ တော့ဘူးလို့ စိတ်ပျက်လက်လျှော့သံတွေ၊ ညည်းတွားသံ တွေ ကြားရလေ့ရှိပါတယ်။ တကယ်တော့ လူကြီးတွေရဲ့ စာရိတ္တကို ပြုပြင်ရတာကမှ ပိုခက်တာပါ။ လူငယ်က စိတ်မြန်ကိုယ်မြန် တဇွတ်ထိုး လုပ်တတ်ကြ တာကလွဲလို့ သိပ်ခေါင်းမာလေ့ မရှိကြပါဘူး။ သူတို့ဆုပ်ကိုင်ထားတဲ့ အရာတစ်ခုက မကောင်း မှန်း သိတော့တဲ့အခါမှာတော့ အလွယ်တကူလက်လွှတ်လေ့ ရှိကြပါတယ်။ တစ်ခုပါပဲ။ တစ်စုံတစ်ခုကို မကောင်းဘူးလို့ ပြောချင်တဲ့အခါ သူတို့ သဘောပေါက် နားလည်အောင် ပြောရတာကတော့ အတော်ခက်ပါ လိမ့်မယ်။ ခက်တယ်ဆိုပြီး လက်လျှော့ ပစ်လိုက်ဖို့ ဆိုတာကလည်း မသင့်လျော်တဲ့ ကိစ္စပါ။

အရက် မသောက်နဲ့၊ ဆေးလိပ် မသောက်နဲ့၊ ကွမ်းမဝါးနဲ့၊ မူးယစ်ဆေးဝါး မသုံးနဲ့လို့ ပြောရုံနဲ့ မရပါဘူး။ အရက်က ဘယ်လို ဆိုးကျိုးတွေဖြစ်စေတယ်၊ ဆေးလိပ် က ဘယ်လို ထိခိုက်စေနိုင်တယ်၊ ကွမ်းယာက ဘာရောဂါ တွေ ဖြစ်စေနိုင်တယ်၊ မူးယစ်ဆေးဝါးက ဘယ်လို အညွန့် တုံးစေတယ်ဆိုတာကို လက်တွေ့ နမူနာတွေ ပြပေးရမှာပါ။ “အရက်မသောက်နဲ့၊ ငရဲကြီးတတ်တယ်” လို့ ပြောလိုက် ရင် “ငရဲဆိုတာ ဘယ်လို ဟာမျိုးလဲ” လို့ သူကထပ်မေးပါ လိမ့်မယ်။ ဒါဆိုရင် ရှေ့ဆက်ပြီး နားလည်အောင်ပြောဖို့ လိုလာပါပြီ။ လူငယ်ဘဝမှာ ကုသိုလ်၊ အကုသိုလ်သဘောနဲ့ ဟောပြောပေးဖို့ကလည်း သိပ်မလွယ်သေးပါဘူး။ လက် တွေ့ သက်သေပြနိုင်တဲ့ အရာမျိုးနဲ့မှပိုပြီး ထိရောက်လေ့ ရှိပါတယ်။

ပြောရင်းဆိုရင်း ဟောရင်းပြောရင်းနဲ့ စိတ်မရှည် တော့တဲ့အခါ ပြစ်ဒဏ်နဲ့ထိန်းပြီး စာရိတ္တကို ပြုပြင်ပေး လေ့ ရှိကြပါတယ်။ ဒီလိုအပြစ်ပေးပြီဆိုရင် ဘာ့ကြောင့် ဒီလို အပြစ်ပေးရတယ်ဆိုတာကို အဆုံးအမ ခံရတဲ့ ကာယကံရှင် သဘောပေါက်အောင် ပြောပြပြီးမှ ဒဏ်ပေး ဖို့ အရေးကြီးပါတယ်။ အပြစ်သာ ပေးလိုက်တယ်၊ အပြစ်ပေးခံရတဲ့ သူက သေချာသဘောမပေါက်ဘူး ဆို ရင် သူ့ကို သက်သက်အနိုင်ကျင့်တယ်လို့ ထင်သွား မှာပါ။ ဒီတော့ သူ့ဘက်က ရှေ့ဆက်မပြင်ဘဲနဲ့ ဆုံးမသူအပေါ်မှာ အမျက်ဒေါသ ထွက်သွားတဲ့အတွက် ပိုပြီးတော့တောင် အခြေအနေဆိုးသွားနိုင်ပါတယ်။ ရှေ့ဆက်ပြီး အရွဲ့ တိုက်တာတွေ ဘာတွေတောင် ဖြစ်လာနိုင်ပါတယ်။ သဘောပေါက် နားလည်အောင် ပြောဆိုလမ်းညွှန်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ရှည် လက်ရှည် ပြုပြင်တည့် မတ်နိုင်ဖို့ အရေးကြီးပါတယ်။

အပြစ်ပေးတဲ့နည်းလမ်းနဲ့ လူငယ်တစ်ယောက်ရဲ့ စာရိတ္တကို ပြုပြင်ပေးတယ်ဆိုတာကလည်း ဘယ် လောက် အထိ အောင်မြင်မှုရှိသလဲဆိုတာကို သုတေသန ပြုဖို့ လိုပါတယ်။ အများအားဖြင့် အပြစ်ပေးလိုက်တာနဲ့ သိမ်ငယ်စိတ်ဝင်သွားတတ်တာနဲ့ အရွဲ့တိုက်ပြီး ရှေ့ဆက် မိုက်တာရယ်လို့ နှစ်မျိုးလောက် ပြောင်းသွားတာက ပိုများလိမ့်မယ် ထင်ပါတယ်။ ဒါ့ကြောင့် အပြစ်ပေးအရေး ယူခြင်းနည်းလမ်းကို သေသေချာချာချင့်ချိန် သုံးသပ် ပြီး မတတ်သာမှသာ ဆောင်ရွက်သင့်ပါတယ်။

လူငယ်တွေရဲ့ ဘဝမှာ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေ ရှိနေဖို့ လိုအပ်ပါတယ်။ တစ်စုံတစ်ခုဖြစ်လာရင် မှန်၊ မမှန်၊ သင့်၊ မသင့်ကို ချိန်ဆနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေး နိုင်မယ့်သူ ရှိနေဖို့လိုပါတယ်။ တိုင်ပင်ဖက်တွေထဲမှာ ရွယ်တူ တန်းတူ သူ့သူငယ်ချင်းတွေအပြင် လူကြီးတွေ လည်း ပါနေဖို့လိုပါတယ်။ တိုင်ပင်ဖက်လူကြီး စာရင်း ထဲမှာ မိဘတွေ၊ ဆရာတွေ ထိပ်ဆုံးကပါနေ သင့်ပါတယ်။ လူငယ်တွေက ပြောချင်ဆိုချင် တိုင်ပင်ချင်တာကို လူကြီး တွေက အရေးတယူမလုပ်ဘဲ ပိတ်ပင်ဟန့်တားလိုက်မယ် ဆိုရင် နောက်နောင် ဘာကိစ္စပဲရှိရှိ လူငယ် အချင်းချင်းသာ တိုင်ပင်တော့မှာပါ။ လူကြီးကို ဖွင့်ပြောတော့မှာ မဟုတ် ပါဘူး။ သူတို့ဘာသာတိုင်ပင်ပြီး သူတို့မှန်တယ် ထင်တာ ကိုပဲ လုပ်ကြတော့မှာပါ။ လူငယ်တွေ အချင်းချင်းတိုင်ပင် တာလည်း ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ အချင်း ချင်း တိုင်ပင်ရုံလောက်နဲ့ တစ်ခါတလေကျတော့ ပြည့်စုံ တဲ့ သုံးသပ်ချက် ရမလာတတ်ပါဘူး။ ဒီနေရာမှာ လူငယ် ဆိုတဲ့ အသက်အရွယ်အပိုင်းအခြားကို ဆယ့်သုံးလေး ငါးနှစ်ကနေ ဆယ့်ကိုးနှစ်လောက်အထိကိုသာ ရည်ညွှန်း ပြောဆိုလိုရင်း ဖြစ်ပါတယ်။

မသင့်တာကို မသင့်မှန်းသိရင် ရပ်တန်းက ရပ်လေ့ ရှိပေမယ့် တစ်ခုခုကို လုပ်သင့်တယ်လို့ ယူဆနေဆဲအခါ မှာ၊ ဒါမှမဟုတ် လုပ်သင့်၊ မလုပ်သင့် မချင့်ချိန်နိုင်သေးတဲ့ အခါမှာ အတုံ့အဆိုင်းမရှိ ဆောင်ရွက်လေ့ ရှိတာမို့ မမှား သင့်တဲ့ အမှားမျိုး မကျူးလွန်မိဖို့အတွက် လိုအပ်တဲ့ လေ့လာသင်ယူမှုတွေ ရှိနေအောင် တိုက်တွန်း ထားရမှာပါ။ သင်ယူနိုင်ခွင့်ရှိတဲ့ အခြေအနေတွေ ဖန်တီးပေးထားရမှာပါ။

အလုပ် လျှောက်လွှာတွေတင်တဲ့ အခါပဲဖြစ်ဖြစ်၊ သင်တန်းဝင်ခွင့် လျှောက်လွှာတွေ၊ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတွေ တင်တဲ့အခါပဲဖြစ်ဖြစ် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်တွေ တောင်းပြီး ပူးတွဲတင်ပြရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတွေကလည်း ထောက်ခံချက် ပေးလိုက် တာပဲ များပါတယ်။ ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ထားတဲ့ မှတ်တမ်းမရှိဘူးဆိုရင် ထောက်ခံ ပေး လိုက်ကြ တာပါပဲ။ ရဲစခန်းတွေကလည်း ထိုနည်းလည်း ကောင်းပါပဲ။ ပြစ်မှုကျူးလွန်တဲ့ မှတ်တမ်းထဲမှာ မပါရင် ထောက်ခံပေးလိုက်တာပါပဲ။ ဆိုလိုတာကတော့ အကျင့် စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံ ချက်တွေ ရထား ရုံနဲ့လည်း ကိုယ့်ကိုယ်ကိုယ် စာရိတ္တကောင်းလှပြီရယ်လို့ မယူဆနိုင်သေးဘူးဆိုတဲ့ အချက်ပါ။ ကိုယ့်စာရိတ္တနဲ့ ပတ်သက်လို့ ကိုယ်ကိုယ်တိုင်အာမခံဝံ့တဲ့ အနေအထား အထိ လိုအပ်ပါတယ်။ မဟုတ် တာကိုမလုပ်ဘူး၊ မမှန်တာ ကိုမပြောဘူး၊ မသင့်တာကိုမကြံဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထိန်းဖို့လည်း အရေးကြီး ပါတယ်။

လူကြီးမိဘတွေက ကိုယ့်ကလေး ထူးချွန်ထက်မြက် ဖို့ကိုတော့ အထူးတလည်ကြိုးစားပြီး မြေတောင်မြှောက် ပေးလေ့ ရှိကြပါတယ်။ ကျောင်းကောင်းကောင်းမှာ ထား မယ်၊ ဝိုင်းကောင်းကောင်း၊ ဂိုက်ကောင်းကောင်းနဲ့ လေ့ကျင့်ပြီး အမှတ်ကောင်းကောင်းရအောင် လူအား၊ ငွေအားနဲ့ အထူးတလည် ဝါယမ စိုက်လေ့ရှိကြပါတယ်။ ဒါပေမယ့် စာရိတ္တကောင်းတဲ့ ကလေးဖြစ်လာဖို့၊ စိတ်ကောင်း နှလုံးကောင်းရှိတဲ့သူ တစ်ယောက်ဖြစ်လာ အောင် ပျိုးထောင်ပေးဖို့ကိုတော့ သေသေချာချာ အလေးထားရ ကောင်းမှန်းမသိ ဖြစ်နေတတ်ပါတယ်။ ကျောင်းမှာ အဆင့်ဘယ်လောက်ရသလဲ၊ ဂုဏ်ထူး ဘယ်နှဘာသာပါမယ် ထင်သလဲဆိုတာလောက်ကိုသာ မကြာမကြာ မေးတတ်ကြပြီး အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကိစ္စလေးတွေကိုတော့ မေးမြန်းလေ့လာ သွန်သင်ဖို့ သတိမထားမိဘဲ ဖြစ်ဖြစ်သွားတတ်ပါတယ်။ ကိုယ့် ကလေးကိုယ် လူတော်လူကောင်းချည်း ဖြစ်စေချင် ကြတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် လူတော်ဖြစ်ဖို့ကို သေသေချာချာ လေ့ကျင့်ပျိုးထောင်ပေးတတ်ပေမယ့် လူကောင်းဖြစ်ဖို့ကို အလေးထားပြီး သွန်သင်ဖို့ မေ့သွား တတ်တာကိုသာ ဆိုလိုတာပါ။ လူကောင်းဖြစ်ဖို့၊ စာရိတ္တကောင်းသူ တစ်ယောက်ဖြစ်လာ ဖို့အတွက်လည်း အလေးထားပြီး သွန်သင်ပေးကြရမှာ ဖြစ်ပါတယ်။

လူငယ်တွေကို သွန်သင်ဆုံးမရတာက မလွယ်ပါဘူး။ အထူးသဖြင့် သွန်သင်ဆုံးမတယ်လို့ ထင်သွားရင်ကို သူတို့က သိပ်ကြိုက်လေ့ မရှိကြပါဘူး။ သွန်သင်မှန်း မသိအောင် သွန်သင်သွားနိုင်မှသာ အဆင်ပြေတတ် တာဖြစ်ပါတယ်။ စာရိတ္တပြုပြင်ရေးဆိုတာကလည်း ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့လို့ ပြောနေမှ မဟုတ် ပါဘူး။ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သူတွေ ဖြစ်လာ အောင် ပျိုးထောင်ပေးလိုက်ဖို့သာ လိုတာပါ။ သိလာတဲ့ တစ်နေ့ကျရင် ပြောနေစရာတောင် မလိုတော့ပါဘူး။ မကောင်းတာကို အလိုလို ရှောင်သွားကြတယ်။ ကောင်းတာကို အလိုလို ဆောင်သွားကြတယ်။

ကိုယ့်မျိုးဆက်သစ်တွေကို လူတော်လူကောင်းဖြစ်ဖို့ ကြိုးစားရာမှာ လူတော်ဖြစ်ဖို့ လေ့ကျင့်ပေးတာနဲ့ တစ်ပြိုင် တည်း လူကောင်းဖြစ်ဖို့လည်း လမ်းညွှန် တည့်မတ်ပေးနိုင်ရေး၊ စာရိတ္တကောင်းမွန်သူလေးတွေ ဖြစ်လာ စေရေး အတွက်လည်း အလေးထားသင့်ပါတယ်။ ဒီလိုပြောလို့ ဒီနေ့ခေတ်လူငယ်တွေက စာရိတ္တ မကောင်း ကြလို့လားလို့တော့ မမေးလိုက်ပါနဲ့။ လူကြီးတွေက ပြန်လေးစားရလောက်တဲ့အထိ အကျင့် စာရိတ္တကောင်း ကြတဲ့ လူငယ်တွေအများကြီး ရှိကြပါတယ်။ သာဓက ထုတ်ပြလို့ မကုန်နိုင်လောက် အောင်ပါပဲ။ ဒါဆို ဘာကြောင့် ဒီလိုရေးရသလဲလို့ မေးရင်တော့ ခိုး၊ ဆိုး၊ လု၊ နှိုက် လူငယ် လေးတွေလည်း မကြာမကြာ တွေ့လာရလို့ပါပဲ။ လူငယ် အားလုံး မဟုတ်တောင်မှ အများစုရဲ့ စာရိတ္တတွေကောင်းနေဖို့ လိုအပ်ပါတယ်။ မတော်တာက အကျိုးမပြုနိုင်တာဘဲ ရှိတာပါ။ မကောင်းရင်တော့ ဒုက္ခပါပေးနိုင်ပါတယ်။ တော်ပြီး မကောင်းရင် ပိုလို့တောင်ဒုက္ခပေးနိုင်ပါသေး တယ်။

လူငယ်တွေ တော်လည်းတော်ကြပါစေ၊ ကောင်းလည်း ကောင်းကြပါစေ။ ။

သိုက်စိုးထွန်း(နတ်ရွာ)