Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း လူထုအခြေပြု ဗဟိုဌာန(ပျဉ်မနား)သို့ ကြည့်ရှု စစ်ဆေးပြီး လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရန် မှာကြား

နေပြည်တော် ဩဂုတ် ၁၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပျဉ်မနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန(ပျဉ်မနား)သို့ ရောက်ရှိပြီး ဗဟိုဌာနသင်တန်းခန်းများနှင့် အစည်းအဝေးခန်းများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က လူထုအခြေပြုဗဟိုဌာန(ပျဉ်းမနား)၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို ဆွေးနွေးမှာကြား သည်။

ကြည်ရှုစစ်ဆေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေ၊ ကလေးစာဖတ်ခန်းနှင့် ရွေ့လျားစာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) သင်တန်းခန်းမ၌ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်နှင့်မြို့နယ်များမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စုဝန်ကြီးက ယခုအခါ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို မူဝါအဖြစ်ခံ ယူ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးကင်းရှင်းပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက် သုံးရပ်ဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်၊ ဖျော်ဖြေ ပေးရန် လုပ်ငန်းရပ်များကို စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် ကြိုးပမ်းလုပ်ဆောင်ကြရမည် ဖြစ်ကြောင်း။

အလေးထားဆောင်ရွက်ပေး

နိုင်ငံတော်ဝန်ကြီးချုပ်သည် လူငယ်များ၏ အခန်းကဏ္ဍကို  ဦးစားပေးမြှင့်တင်နိုင်ရေးနှင့် ပတ်သက်၍ အခါအားလျော်စွာ လမ်းညွှန်မှုများရှိကြောင်း၊ လူငယ်များ၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရေးအတွက် ယခုအိမ်စောင့်အစိုးရ လက်ထက်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်လူရွယ် များကို အားကစားကို အခြေခံချစ်မြတ်နိုးသည့်စိတ်ဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်များဖြစ် စေရေး၊ ပညာသင်ကြားခွင့် အခွင့်အလမ်းများရရှိပြီး  မှန်ကန်သော အသိအမြင်အတွေးအခေါ် များရရှိစေရေးတို့ကို အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အပြည့်အဝ ပူးပေါင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

လူငယ်ကဏ္ဍဖွံ့ဖြိုးရေး

ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်လူရွယ်ဆိုသည်မှာ တိုင်းပြည်အတွက် များစွာအရေးကြီးပြီး နိုင်ငံ၏အနာဂတ်ကို ကောင်းစွာတည်ဆောက်နိုင်သည့် အင်အားစုများ ဖြစ်ရန်လိုအပ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် နိုင်ငံအနာဂတ်အတွက် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးလာအောင် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ လူငယ်များ၏ အခန်းကဏ္ဍကို အထူးအလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံ၏ အနာဂတ်ဖြစ်သည့် လူငယ်လူရွယ်များကို ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ဆက်စပ်ပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ အနာဂတ်၊  တိုင်းပြည်၏ မျှော်လင့်ချက်ဖြစ် သည့် လူငယ်လူရွယ်များကို တိုင်းချစ်၊ ပြည်ချစ်စိတ်၊ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက် လိုသည့်စိတ်များ ရှင်သန်နိုးကြား တက်ကြွနေစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ် ကိန်းအောင်နေစေရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် မီဒီယာနည်းလမ်းပေါင်းစုံကို အသုံးပြု၍  မြှင့်တင်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မိမိတို့ပြန်ကြားရေးဝန်ကြီးဌာန နိုင်ငံပိုင်မီဒီယာများတွင်လည်း လူငယ်ကဏ္ဍနှင့် ပတ်သက်၍ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ထိုသို့ဆောင်ရွက်ရာတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေမှုများတွင် မိမိတို့၏ လူထုအခြေပြုဗဟိုဌာနများသည် လူငယ်များ အခြေပြုသည့် ဗဟိုဌာနများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲနေသည့် ကာလတွင် မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် သစ်လွင်လန်းဆန်သည့်စိတ်၊ တက်ကြွသည့် အားမာန်တို့ဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ထောက်ပံ့ငွေများပေးအပ်သည်။

လူထုအခြေပြုဗဟိုဌာနများ

ပြန်ကြားရေးဝန်ကြီးဌာနသည် လူထုအခြေပြုဗဟိုဌာနများကို ၂၀၁၅ ခုနှစ်မှ စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကွန်ပျူတာသင်တန်းများ၊ ဘာသာစကားပြောသင်တန်းများ၊ ကိုယ်ကာယလေ့ကျင့် သင်တန်းများ၊ အသက်မွေးကျောင်းဆိုင်ရာ သင်တန်းများ၊ ဟောပြောပွဲ များနှင့် ဆွေးနွေးပွဲများကို စီစဉ်ဆောင် ရွက်ပေးလျှက်ရှိသည်။ လူထုအခြေပြု ဗဟိုဌာနများကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့်လည်းကောင်း၊ B.O.T စနစ် ဖြင့်လည်းကောင်း၊ စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ အသိပညာရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာမှီးရာနေရာ၊ ရပ်ရွာအကျိုး တိုင်းကျိုးပြည်ကျိုးများ ဆွေးနွေးတိုင်ပင်ရာနေရာ၊ ပြည်သူများအကျွမ်းတဝင် ဝင်/ထွက် သွားလာရာ နေရာအဖြစ် စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)