လွိုင်ကော် ဖေဖော်ဝါရီ ၁၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၈ နာရီ က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဒေသဆိုင်ရာ ဦးစီး ကော်မတီ ဥက္ကဋ္ဌ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က ယနေ့ကျင်းပပြုလုပ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်လာကြသူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်းကောင်း တောင်းပေး ပါတယ် ၊ ယခုလိုအခမ်းအနား အောင်မြင်မှုဟာ ပြည်သူများရဲ့အောင်မြင်မှု ၊ ဆရာ / ဆရာမများရဲ့ အောင်မြင်မှု၊ နီပွန် ဖောင်ဒေးရှင်း ရဲ့ အောင်မြင်မှု၊ ပံ့ပိုးသူအားလုံးရဲ့ အောင်မြင်မှုဖြစ်ပါကြောင်း၊ ဒီအောင်မြင်မှုဟာ အလွန်ပင် မွန်မြတ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော နိုင်ငံတော်ရဲ့လိုအပ်ချက်ဖြစ်လို့ ပညာပါရမီဖြည့်ဆည်းပေးရတာမို့လွန်စွာ မွန်မြတ်ပါကြောင်း၊ ယခုလိုပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက် များစွာကျေးဇူးတင်ရှိကြောင်းနှင့် အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ထားရှိ ပါကြောင်း နီပွန်ဖောင်ဒေးရှင်းအနေနဲ့လည်း ဒေသခံပြည်သူတွေဘယ် လောက်တောင် စိတ်ဝင်စား လဲဆိုပြီးကျောင်းအတွက် ဖောင်ဒေးရှင်းကိုဆောင်ရွက်စေပြီး မိဘများရဲ့အားကိုယူသွားကြောင်း၊ ပိုလျှံလာသော ဖောင်ဒေးရှင်းရဲ့ ငွေတွေကိုလည်း ကျောင်းကိုပဲပြန်လည် လှူဒါန်းကြပါကြောင်း၊ နီပွန်ဖောင်းဒေးရှင်းရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဟာ လွန်စွာ ကောင်းမွန်ပါ ကြောင်း၊ နီပွန်ဖောင်ဒေးရှင်းလှူဒါန်းသည့် ကျောင်းများတွင်လည်း လိုအပ်သော စာသင်ခုံ၊ white Board များ ပါ၀င်ပါကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် ပညာရေးညွှန်မှူးတို့ က ပေါင်းစပ် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကျောင်းအဝင်းကို လည်း အလှမြက်ပင်များ စိုက်ပျိုးပေးထားသည်ကို မြင်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မှ ဆောင်ရွက်လျက် ရှိပြီးတိုင်းဒေသကြီ၊ ပြည်နယ်များတွင် ဝန်ကြီးချုပ်များမှ ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြီးပြည်စုံတယ် ဆိုတာမရှိဘဲ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး နီပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)၊ စီမံကိန်းဒေသ ဒါရိုက်တာ ဒေါ်အေးအေးသန့်မှ စာသင်ကျောင်းဆောင် ဆောက်လုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေကျပ် (၁၀၂) သိန်းကိုပေးအပ်ခြင်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ကျောင်းအုတ်မြစ်ချ ဆောင်ရွက်ရာတွင် ငွေကျပ် သိန်း (၃၀) ပါ၀င်လှူဒါန်းခဲ့သည့် အလှူရှင်အား ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ် ခဲ့ကြောင်းသတင်းရရှိသည်။
ဆက်လက်ပြီး ဒေသခံပြည်သူများမှ မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တင်ပြဆောင်ရွက်စေခဲ့ လွိုင်ကော် စက်မှုဇုန် ဥက္ကဋ္ဌမှ အထက (နွားလဝိုး)ရှိ ဖျက်သိမ်း ကျောင်း ဆောင်ဟောင်းအား ကြည့်ရှုစစ်ဆေးပေးရန်၊ မြို့အ၀င် ကျောင်းဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မီးပွိုင့်တပ်ဆင်ဆောင်ရွက်ပေးနိုင်ရေး ၊ နွားလဝိုးကျေးရွာ အုပ်စု အတွင်းကျေးရွာ (၇) ရွာရှိပြီး အခြေခံပညာအထက်တန်းကျောင်းအတွက်လိုအပ်သော စာရေးကိရိယာနှင့်ပရိဘောဂများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ၊ ကျေးရွာအုပ်စု ဘောလုံးကွင်းဆောင်ရွက်ရန်အတွက်မြေ (၁၀) ဧက ရှိသဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး ၊ နွားလဝိုးကျေးရွာတွင် နွေရာသီ ရေအခက်အခဲရှိပါသဖြင့် စက်ရေတွင်းတူးပေးနိုင်ရေး၊ ကျေးရွာအဝင်လမ်းကို မြေသားလမ်းမှ ကျောက်လမ်းခင်းပေးနိုင်ရေး စသည့်အချက်များကို တင်ပြဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာဌာနများမှ တင်ပြချက်များအပေါ် လက်ရှိဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့် ဘဏ္ဍာရေးနှစ်များအလိုက် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ပြန်လည် ရှင်းလင်းဖြေကြား ပေးခဲ့သည်။
ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း (နွားလဝိုး)၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ဥက္ကဋ္ဌ ဦးစောဖိုးလှမြင့် မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားအခဲ့ပြီး ကျောင်းဆောင်သစ်အား ကယားပြည်နယ်အစိုးရအဖွဲ့၀န်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်၀န်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေး၀န်ကြီး၊ နီပွန်ဖောင်ဒေးရှင်း (စေတနာ)အဖွဲ့ စီမံကိန်းဒါရိုက်တာ နှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူးတို့မှ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဖွင့်ပွဲအမှတ်တရသစ်ပင်များစိုက်ပျိုးပေးခြင်းနှင့် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။
ယနေ့ဖွင့်လှစ်သည့် ကျောင်းဆောင်သစ်သည် နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့၏ပံ့ပိုးကူညီမှု၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် စေတနာအဖွဲ့နှင့် ဒေသခံပြည်သူများပူးပေါင်းဆောက်လုပ်သောကျောင်းဖြစ်ပြီး ကျောင်း၏အတိုင်းအတာမှာ ပေ(၁၂၀×၃၀) ဖြစ်ပြီး စုစုပေါင်း ကုန်ကျငွေမှာ (၇၄၉.၈၂၀၅) သိန်း ဖြစ်သည်။
အဆိုပါ ရန်ပုံငွေတွင် နီပွန်ဖောင်ဒေးရှင်(စေတနာ)အဖွဲ့မှ (၆၂၈.၅၆၄၀၅) သိန်းပါဝင်ပြီး ဒေသခံပြည်သူများမှ (၁၂၀) သိန်း ထည့်ဝင်ပံ့ပိုးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်၀န်ကြီး၊ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ နီပွန်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ထွန်းလေး(ပြန်/ဆက်)