ဘားအံ ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြိုနယ်၊ ခနိမ်းဖော်ကျေးရွာ၊ သုံးဆယ့်သုံးဆူကျေးရွာများအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကိုဆောင်ရွက်ပေးနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဉက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာန ဆိုင်ရာများသည် ခနိမ်းဖော်ကျေးရွာနှင့် သုံးဆယ့်သုံးဆူကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် အရှင်သူမြတ် များအား ဖူးမြော်ကြည်ညိုကာလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက်လျှောက်တင်ခဲ့ကြောင်းသိရသည်။ ထို့နောက် သုံးဆယ့်သုံးဆူကျေးရွာရှိ သုံးဆယ့်သုံးဆူဆံတော်ရှင်စေတီတော်ဓမ္မာရုံတွင် သုံးဆယ့်သုံးဆူကျေးရွာ အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ(၁၂)ရွာရှိ ကျေးရွာနေပြည်သူလူထုများနှင့် တွေ့ဆုံရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျေးရွာတွင် လိုအပ်ချက်များကို တောင်းဆိုကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အံဖလေးကျေးရွာမှ အခြားရွာသို့ဆက်သွယ်သည် ပေ(၂ဝ)ရှိတံတားပြုပြင်ပေးနိုင်ရေး၊ ရွာတန်ရှည်ကျေးရွာကားလမ်းပေါ်ရှိ တံတား(၂)စင်းဆောင်ရွက်ပေးနိုင်ရေး၊ သရက်တောကျေးရွာပေ(၃၀)၊ ပေ(၁၂၀)ပေရှိ စာသင်ကျောင်းဆောင်သစ် ဆောင်ရွက်ပေးနိုင်ရေး၊ ကုန်းတန်းကြီးကျေးရွာ အ.မ.ကခွဲမှ အမကကျောင်းသို့ အဆင့်တိုးမြင့်ပေးနိုင်ရေး၊ သုံးဆယ့်သုံးဆူကျေးရွာ စာသင်ကျောင်းအတွက် ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်ရေး၊ သောက်သုံးရေသန့်ရရှိရေးနှင့် ဆရာ/ဆရာမနေအိမ်ဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာ မြေပဲစိုက် တောင်သူများ၏ မြေပဲစိုက်ခင်းဧက (၁၅ဝ)အတွက် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး၊ ကျေးရွာစာကြည့်တိုက်ပြုပြင်ပေးနိုင်ရေး၊ အံကောင်ကျေးရွာ စာသင်ကျောင်းတွင် ဝန်းထမ်းအိမ်ရာ၊ ရေရရှိရေးအတွက် အဝီစိတွင်းတူးပေးနိုင်ရေး၊ တရိတခေါင်းကျေးရွာ စာသင် ကျောင်းဆောင်သစ် ဆောင်ရွက်ပေးနိုင်ရေးတို့အတွက် တင်ပြတောင်းဆိုကြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆောင်ရွက်ပေးရန်လျာထားမှုရှိနေပြီဖြစ်သော တောင်းဆိုချက်များကို ပြန်လည်ရှင်းလင်းပေးပြီး ကျန်တောင်းဆိုမှုများ အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အံဖကြီးကျေးရွာ အထက(ခွဲ)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ရာမများ၊ ကျောင်းသားမိဘများ၊ ကျေးရွာနေဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပညာရေးအတွက် ခွန်အားဖြစ်စေရေး အားပေးစကားများ ပြောကြားကား အ.ထ.က က ကျောင်းအဆင့်တိုးမြှင့်ပေးနိုင်ရေး တောင်းဆိုကြပြီး ကော့ကရိတ်မြို့နယ်တွင် နည်းပညာကောလိပ်(GTC)တည်ဆောက်မည့်မြေနေရာလျာမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)