ကော့ကရိတ် ဖေဖော်ဝါရီ ၁၇
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့ အတွင်းမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကော့ကရိတ်မြို့ သုံးဆယ့်သုံးဆူကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ဒေသနေပြည်သူများ နှင့် ယမန်နေ့ နံနက် (၉)နာရီက တွေ့ဆုံပွဲကို ကျင်းပပြုလုပ် သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ယနေ့လာရောက်ခြင်းသည် ဒေသနေပြည်သူတို့၏ လူမှုအခက်အခဲများ၊ စီးပွားရေးဆိုင်ရာ အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေသနေပြည်သူတို့၏ လိုအပ်ချက်များကိုလည်း ဌာန ဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့်ပတ်သက်၍ အမှာ စကား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် သုံးဆယ်သုံးဆူကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှဒေသခံပြည်သူများ၊ အနီး ပတ်ဝန်းကျင်ကျေးရွာပြည်သူများက ကျောင်းဆောင်သစ်ဆောက်လုပ်ရေး၊ ဆရာ၊ ဆရာမနေအိမ်ရရှိရေး၊ ရေသန့်စက် ရရှိရေး၊ ကျေးရွာချင်းဆက်တံတားရရှိရေး၊ ကျေးရွာစာကြည့်တိုက် တိုးချဲ့ဆောက်လုပ်ရေးစသည့် ဒေသလိုအပ်ချက်များ တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်ဝန်ကြီးချုပ်နှင့်အဖွဲ့များသည် တက်ရောက်လာသည့် ကလေးငယ်များကို မုန့်များဝေငှခြင်း၊ ဆရာဆရာမ များကို ငါးသေတ္တာ၊ စားသုံးဆီဗူးများနှင့် ကျောင်းအတွက်ဆိုလာနှင့် ဆက်စပ်ပစ္စည်းနှစ်စုံ ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
ခင်မျိုးဝင်း(ကော့ကရိတ်ပြန်ဆက်)