Skip to main content

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ကင်ဆာရောဂါကုဌာနတွင် (Bhabhatron- II) Cobalt Unit 4th Generation နှင့် Linear Accelerator စက်များတပ်ဆင်နိုင်ရေးနှင့် စက် တပ်ဆင်မည့် အဆောက်အဦကိစ္စများ ညှိနှိုင်းဆွေးနွေး

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ဓါတ်ရောင်ခြည်ကင်ဆာရောဂါ ကုဌာနတွင် တပ်ဆင်မည့် အိန္ဒိယနိုင်ငံမှ လှူဒါန်းခဲ့သော ဓါတ်ရောင်ခြည်သုံး ကင်ဆာရောဂါကုစက် (Bhabhatron- II) Cobalt Unit 4th Generation တပ်ဆင်နိုင်ရေးနှင့် (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် ဝယ်ယူမည့် Linear Accelerator စက်၏ specifications၊ စက်တပ်ဆင်မည့် အဆောက်အဦ ကိစ္စများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည် ကင်ဆာရောဂါကုဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါက်တာကျော်ဇေယျ၊ ရန်ကုန်ပြည်သူ့ ဆေးရုံအုပ် ကြီး ဒေါက်တာမြင့်မြင့်အေး၊ ညွှန်ကြားရေးမှူး(ဝယ်ယူရေး) ဒေါက်တာကျော်စိုးမင်း၊ ညွန်ကြားရေးမှူး (ဖြန့်ဖြူးရေး) ဒေါက်တာကြည်လွင်၊ ဓါတ်ရောင်ခြည် ကင်ဆာဆေးကုဌာနမှ ပါမောက္ခ/ ဌာနမှူး၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆွေးနွေးရာတွင် အသုံးမပြုတော့ဘဲ ပျက်စီးနေသော Colbalt စက်အဟောင်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှပယ်ဖျက်နိုင်ရေးအတွက် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ရန်၊ Colbalt စက်အဟောင်းများနှင့် Radioactive Source များကို ဖြုတ်သိမ်းနိုင်ရေးအတွက် သက်ဆိုင်ရာ ကုမ္ပဏီများထံ ဆေးရုံအုပ်ကြီးမှ အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ရန်၊ Colbalt စက်အဟောင်းများနှင့် Radioactive Source များကို ယာယီထိန်းသိမ်းနိုင်ရေးအတွက် စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီဌာနမှ ညှိနှိုင်းဆောင်ရွက်ရန်၊ စက်ပစ္စည်းများ ဖယ်ရှားပြီးပါက Linear Accelerator စက်ထားရှိရန်နှင့် (Bhabhatron-II) Cobalt Unit ထားရှိမည့်အခန်းများအား ကျွမ်းကျင်ပညာရှင်များနှင့် အင်ဂျင်နီယာဌာနခွဲမှ စိစစ်၍ အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ရန်၊ Linear Accelerator စက်ခန်း အတွက် လိုအပ်သော 200  KVA မီးစက်(၁)လုံးအား ကုသရေးဦးစီးဌာနမှ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ခုတင်(၅၀၀)ဆံ့ ဆေးရုံတည်ဆောက်ရေး လုပ်ငန်းများနှင့် National Cancer Institute and Treatment Center ဆောက်လုပ်ရေးလုပ်ငန်း တည်ဆောက်မည့်နေရာများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး တာဝန် ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)