နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပထမအကြိမ် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ပိုလန်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Marcin Przydacz တို့က ဦးဆောင်ကျင်းပကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ-ပိုလန်နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့နိုင်မည့် နည်းလမ်းများ၊ နှစ်နိုင်ငံအကြား သံတမန် နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအကြား ဗီဇာကင်းလွတ်ခွင့် အပြန်အလှန်ပြုရေး ကိစ္စရပ်များ နှင့်စပ် လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်က နိုင်ငံတော်အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှုတို့ကိုလည်း ရှင်းလင်းအသိပေးခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Marcin Przydacz တို့က လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါနားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံဆက်ဆံရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအပါအဝင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား၊ ပညာရေးနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း စသည့် ကဏ္ဍရပ်များတွင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးသွားမည် ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်သည် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
(သတင်းစဉ်)