Skip to main content

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ပြုလုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ်  ၂၃

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

Video Conferencing ဖြင့် တက်ရောက်

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီ တွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြသည်။

ကူးစက်ဖြစ်ပွားမှုသိသိသာသာလျော့ကျ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် သိသာမှုမရှိခဲ့သော်လည်း တတိယ လှိုင်းကူးစက်မှု ဖြစ်ပွားချိန်၌ ကူးစက်မှုမြန်ဆန်ခဲ့သည့် အခြေအနေဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ ဗဟိုအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များအား အချိန်နှင့် တပြေးညီ ဆောင်ရွက်ခဲ့သည့်အတွက် ရောဂါကူးစက်မှုများ အတိုင်းအတာတစ်ခုအထိ လျော့ကျလာသည် ကို တွေ့ရှိရကြောင်း၊ ဇူလိုင် ၉ ရက် တွင် လူဦးရေ ၁၅၇၄၀ ဦးအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူဦးရေ ၄၃၂၀ ဦး တွေ့ရှိရကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် လူဦးရေ ၂၁၃၅၀ အား စစ်ဆေးခဲ့ရာ ပိုးတွေ့လူဦးရေ ၇၀၈၃ ဦးအထိတွေ့ရှိခဲ့ရသဖြင့် ရာခိုင်နှုန်းအရ ၃၄ ရာနှုန်းအထိ ရောက်ရှိခဲ့ ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လိုအပ်သည့် ထိန်းချုပ်မှုများ ဆောင်ရွက်ခြင်းနှင့် ပြည်နယ်နှင့် တိုင်းအလိုက် ကြပ်မတ်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ ရောဂါကူးစက် ဖြစ်ပွားမှုများ သိသိသာသာလျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ယခုလအကုန်တွင် ရောဂါကူးစက်မှုရာခိုင်နှုန်း ထက်ဝက်ခန့်အထိ လျော့ကျအောင် ကြိုးစား ဆောင်ရွက်ခဲ့မှုကြောင့် ဩဂုတ်လ ၁ ရက် နေ့တွင် ပိုးတွေ့ လူနာ ၃၁၈၀ ဦး၊ ဩဂုတ်လ ၂၂ ရက် နေ့တွင်  ၈၉၉၁ ဦး အား စစ်ဆေး ခဲ့ရာ ပိုးတွေ့လူနာ ၂၁၇၃ ဦးရှိခဲ့သဖြင့် ရာခိုင်နှုန်းအရ ၂၄ ဒသမ ၁၇ ရာခိုင်နှုန်း အထိကျဆင်းလာသည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ရောဂါ ကူးစက်မှုနှုန်း ကျဆင်းရခြင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှုများနှင့် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ခြင်းကြောင့်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှု လျှော့ချနိုင်ရေး ဆက်လက်ဆောင်ရွက်ရာတွင် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း စစ်ဆေးနိုင်ရန်လိုအပ်ကြောင်း၊ ရောဂါစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဖြစ်နိုင်ခြေရှိသည်များ အားလုံးကို စစ်ဆေးရန်လိုပြီး “အနာသိမှဆေးရှိမည်” ဖြစ်ကြောင်း၊ သို့မှသာ ကာကွယ်မှုအတွက် ပိုမိုစဉ်းစား ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရောဂါကူးစက်မှုများ လျော့ကျလာသော်လည်း ပေါ့ဆမှုများ မရှိရန်လိုကြောင်း။

ကုန်ထုတ်လုပ်မှုများထိခိုက်ခဲ့

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့သဖြင့် ကုန်ထုတ်လုပ်မှုများ ထိခိုက်ခဲ့မှုများရှိကြောင်း၊ စားသောက်ရေးအတွက် မိမိတို့လုပ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် ဝိသမလောဘများဖြင့် ရောင်းဝယ်နေမှုများကိုလည်း တွေ့ရှိရကြောင်း၊ ပြီးခဲ့သည့်ကာလအတွင်း ဆေးဝါးများ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စစ်ဆေးကြပ်မတ်ခြင်းများ စနစ်တကျဆောင်ရွက်ခဲ့ခြင်းကြောင့် ဆေးဝါးများ၏ ဈေးနှုန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံ၏ အမျိုးသားရေး စရိုက်လက္ခဏာသည် စေတနာထားပြီး လှူဒါန်းလို သည့်စိတ်၊ ပေးကမ်းလိုသည့်  အခြေခံစိတ်များ ရှိပြီးဖြစ်သဖြင့် ၎င်းစိတ်ကို အခြေခံ၍ ဆောင်ရွက်မှုများသည် သဟဇာတဖြစ်ရန် လိုကြောင်း၊ မိမိတို့ နိုင်ငံတစ်ခုတည်း မဟုတ်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် စားသောက်ရေးနှင့် ကာကွယ်ကုသ ဆေးများနှင့်ပတ်သက်၍ ဝိသမလောဘများဖြစ်ပေါ်မှု မရှိအောင် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

ကြိုးပမ်းဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါသည် ကာကွယ်ဆေးများ ထိုးနှံထားပါက ရောဂါဖြစ်နိုင်မှု ကျဆင်းပြီး ကာကွယ်နိုင်မှုရှိသည်ကို တစ်ကမ္ဘာလုံးက လက်ခံထားကြကြောင်း၊ ထိုသို့ ကာကွယ်နိုင်မှုများကို သိရှိလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံ နိုင်ရန်အတွက် ထိုးနှံ လိုကြသူများ များပြားလာခဲ့ပြီး မိမိတို့အနေဖြင့်လည်း ကာကွယ်ဆေးများရရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် အိန္ဒိယနိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး သန်း ၃၀ ရရှိအောင် ဆောင်ရွက် ခဲ့သော်လည်း ပထမအသုတ်ရောက်ရှိပြီး နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိခြင်းမရှိခဲ့ကြောင်း၊ ထိုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းပြီးခါစ အချိန်ဖြစ်သဖြင့် အိန္ဒိယနိုင်ငံတစ်ခုတည်းကသာ အဓိက ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ တတိယလှိုင်း ဖြစ်ပေါ်လာချိန်တွင် တစ်ကမ္ဘာလုံးရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားလာခဲ့ရာ လက်ရှိကမ္ဘာ့လူဦးရေ၏ ၂၁၂ သန်းအထိ ဖြစ်ပွားခဲ့ပြီး သေဆုံးမှုနှုန်းများလည်း မြင့်တက်လျက်ရှိကြောင်း၊ နိုင်ငံအားလုံး၌ ရောဂါကာကွယ်ရေးအတွက် ကာကွယ်ဆေးများရရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း ၎င်းကဲ့သို့ အခြေအနေများအကြားမှ ပြည်သူလူထု ကျန်းမာရေးအတွက် ကာကွယ်ဆေးများ ရရှိအောင် ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ ကာကွယ်ဆေးများ ရောက်ရှိချိန်တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများ အနေဖြင့် ကာကွယ်ဆေးထိုးနှံမှုများအား အမြန်ဆုံးထိုးနှံနိုင်ရေး စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ တစ်ရက်စော၍ ဆေးထိုးနိုင်လျင် တစ်ရက်စော၍ ကာကွယ်ပြီးဖြစ်မည် ဖြစ်ကြောင်း။

အသိပေးကြေညာထား

ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် ပြည်ပနိုင်ငံများမှ ကာကွယ်ဆေး ဆေးဝါးအတုများဝင်ရောက်လာမှုများရှိသည်ဟု ကြားသိရသဖြင့် ပြည်သူများထိခိုက်မှုများ ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ဩဂုတ် ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ပြည်သူလူထု သတိပြုနိုင်ရန် အသိပေးကြေညာထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာနယ်စပ်ဒေသများမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ကြပ်မတ် ဆောင်ရွက်နေရန် လိုကြောင်း၊ မြို့ကြီးများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆေးဝါးကုမ္ပဏီများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ တင်သွင်းခွင့်ပေးထားကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသမှ ပြည်သူများ အနေဖြင့် ဆေးဝါးအတုများ ထိုးနှံမှုမရှိစေရေးအတွက် ဒေသခံပြည်သူများသိရှိစေရေး အမြဲမပြတ်အသိပေး ထုတ်ပြန်ဆောင်ရွက်နေရန်လိုကြောင်း၊ ဆေးဝါးအတုများသည် လူ့အသက်အန္တရာယ် အထိဖြစ်ပေါ်စေနိုင်သဖြင့် ထိုသို့ဆောင်ရွက် သူများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုကြောင်း။

အသိအမှတ်ပြုဆောင်ရွက်

ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် နွေစပါးရာသီတွင် စပါးစိုက်ပျိုးမှုများ လျော့နည်း ခဲ့ကြောင်း၊ ယခုအခါ မိုးရွာသွန်းမှု ရာခိုင်နှုန်း မြင့်မားလျက်ရှိသဖြင့် ထိုအခြေအနေအား ကောင်းစွာအသုံးချ၍ တောင်သူများအနေဖြင့် စပါးများနှင့် အခြားသီးနှံများအား စနစ်တကျ စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ နိုင်ငံအတွင်း စားသောက်ကုန်များ ဖူလုံစွာ ထုတ်လုပ်နိုင်ပြီး ရိက္ခာများပေါများလာပါက နိုင်ငံအတွက်ရိက္ခာရှားပါးမှု မဖြစ်ပေါ်နိုင်ကြောင်း၊ ယခုအခါ ကမ္ဘာ့နိုင်ငံများတွင် စားသောက်မှုနှင့် ပတ်သက်၍ ရိက္ခာများ လိုအပ်မှုဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအတွင်း စိုက်ပျိုးရေးထုတ်ကုန်များ ပေါများလာပါက ပြည်ပပို့ကုန်များလည်း တင်ပို့နိုင်မည်ဖြစ်သဖြင့် နိုင်ငံခြားဝင်ငွေများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးတောင်သူများအား လိုက်လံကြည့်ရှုအားပေး၍ အသိအမှတ်ပြုဆောင်ရွက်နေရန် လိုကြောင်း မှာကြား သည်။

ကာကွယ်တားဆီးနိုင်ရေးလုပ်ဆောင်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလျက်ရှိသည့် အခြေအနေ၊ ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျခြင်းမရှိဘဲ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိမှုနှုန်း မြင့်မားလျက်ရှိသည့် အချို့မြို့နယ်များကို နေအိမ်တွင် နေထိုင်ရေး(Stay at home) ထပ်မံကန့်သတ် ထားရှိ၍ ကူးစက်ဖြစ်ပွားမှုနှုန်းလျော့ကျစေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေ၊ ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဗီဇပြောင်းရောဂါပိုးများ ဆက်လက် တွေ့ရှိနေရမှု၊ ကူးစက်ပြန့်ပွားနိုင်မှု အခြေအနေများနှင့် ဗီဇပြောင်းရောဂါပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီးနိုင်ရေး လုပ်ဆောင်လျက် ရှိသည့် အခြေအနေ၊ အောက်ဆီဂျင်သုံးစွဲသူများအနေဖြင့်  SOP Guide Line နှင့် အညီသုံးစွဲရန် လိုအပ်သည့် အခြေအနေ၊ ဆေးရုံအသီးသီးတွင် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကျန်းမာရေး ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားထောက်ပံ့မှုများ ပြုလုပ်ရန် စီမံဆောင်ရွက်နေမှု အခြေအနေ၊ ဆေးရုံများအလိုက် ICU အခန်းများ အဆင့်မြှင့်တင်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊ လက်ရှိအချိန်အထိ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများနှင့် ကာကွယ်ဆေးထိုးနှံမှုအား အာဆီယံ Website များနှင့် WHO Website များတွင်လည်း တင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် အခြေအနေ၊  ကာကွယ်ဆေးများရောက်ရှိမှု၊ ထပ်မံမှာယူ ထားရှိမှု အခြေအနေများနှင့် ထပ်မံဝယ်ယူ ရရှိနိုင်ရေး ညှိနှိုင်းချိတ်ဆက် ဆောင်ရွက် နေမှုအခြေအနေ၊ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ ကာကွယ်ဆေး တင်သွင်းမှုနှင့် ထိုးနှံနေမှု အခြေအနေများကို မှတ်တမ်းရေးသွင်းနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေ။

ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့်  ဆက်စပ်ပစ္စည်းများ၊ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့မှုများကို နိုင်ငံတကာမှ လှူဒါန်းပေးအပ်ခဲ့မှုနှင့် ထပ်မံလှူဒါန်းလာမည့် အခြေအနေ၊ Relif Flight များ ပြေးဆွဲပျံသန်း၍ နိုင်ငံသားများကို ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက် ပြေးဆွဲသွားမည့် အခြေအနေ၊ ရောဂါကာကွယ်ကုသထိန်းချုပ်ရေးဆိုင်ရာနှင့် ဆက်စပ် ဆေးဝါးများ၊ စက်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးခဲ့သည့် အခြေအနေ၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စီမံဆောင်ရွက် ပေးထားမှုနှင့် ပေါင်းစပ်ဆောင်ရွက် ပေးနေမှုအခြေအနေ၊ FDA ၏ ထောက်ခံချက်ဖြင့် ကုန်စည်များ စိစစ်ထုတ်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးနေမှု အခြေအနေ။

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများကို သတင်းစာများ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့အပြင် ပုဂ္ဂလိကရုပ်သံလိုင်းများမှ အသိပညာပေး လျက်ရှိသည့် အခြေအနေ၊ နေအိမ်တွင်နေထိုင်ရေး(Stay at home) ကာလအတွင်း ပြည်သူများ စိတ်ချမ်းမြေ့မှုရရှိစေရေး၊ အသိပညာရရှိရေး၊ စိတ်ဖိစီးမှု များလျော့ကျစေရေး သီချင်းနှင့် ဇာတ်လမ်းတိုများ၊ အင်တာဗျူးအစီအစဉ်များ၊ အငြိမ့် များအပြင် အခြားအစီအစဉ်များစွာကို တင်ဆက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်စီမံ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။

အောက်ဆီဂျင်များအား ပြည်ပမှ တင်သွင်းဖြန့်ဖြူးနေမှု၊ ပြည်တွင်းမှ ထုတ်လုပ်နေမှု အခြေအနေ၊ ကာကွယ်ဆေးများအား သတ်မှတ်နယ်ပယ်များအလိုက် ထိုးနှံ ပေးနေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ထိုးနှံရေး ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်နေမှု၊ နယ်စပ်ဂိတ်အသီးသီး၌ စနစ်တကျစစ်ဆေး၍ ရောဂါပိုး တွေ့ရှိသူများအား စောင့်ကြည့်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရောဂါပိုး မတွေ့ရှိသူများ ကို ၎င်းတို့ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ပို့ဆောင်ပေးလျက်ရှိသည့် အခြေအနေ။

စားရေးအခက်မခဲမရှိစေရန်

စားရေးအခက်အခဲမရှိစေရန်အတွက် အခြေခံစားကုန်များကို ရွေ့လျားဈေးကားများဖြင့် လှည့်လည်ရောင်းချပေးနေမှုနှင့် အခြေခံအိမ်သုံးဆေးဝါးများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည့် အခြေအနေ၊ တပ်မတော် ဆေးရုံများ၊ စင်တာများတွင် စောင့်ကြည့်၊ ကုသမှုများ ဆောင်ရွက်ပေးနေမှု အခြေအနေ၊ Oxygen Plant များ တည်ဆောက်ပြီးစီးမှု၊ ဆက်လက်တည်ဆောက် နေမှုနှင့် တည်ဆောက်ပြီးစီးပါက ထွက်ရှိလာမည့် အခြေအနေ၊ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများတွင် ဗီဇပြောင်းရောဂါမျိုးကွဲများဖြင့် ကူးစက်ပြန့်ပွားခဲ့မှု အခြေအနေ၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးဆိုင်ရာ ပစ္စည်းများ၊ အောက်ဆီဂျင်များ၊ တစ်ခါသုံးဆေးထိုး အပ်နှင့် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးပေးလျက် ရှိသည့် အခြေအနေ၊ ပြည်တွင်းရှိ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဆေးဝါးစက်ရုံများမှ ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေ၊ ဆေးဝါးများကုန်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေး စောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှု၊ အခြေခံ အိမ်သုံးဆေးဝါးများ ကုန်ဈေးနှုန်း ကျဆင်းလာမှု၊ ကိုဗစ်-၁၉ ပထမလှိုင်းကာလအတွင်း ပြည်တွင်းရှိ အထည်ချုပ်စက်ရုံအချို့ ပိတ်ထားရမှုများ ရှိခဲ့ပြီး ယခုတတိယလှိုင်းကာလအတွင်းပင် အထည်ချုပ်အမှာစာများ ရောက်ရှိလာသည့်အတွက် စက်ရုံများကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် လည်ပတ်ခဲ့ပြီး ယခင်လည်ပတ်မှုရပ်ဆိုင်း ထားသည့် အထည်ချုပ်စက်ရုံ ၃၈ ရုံနှင့် စက်ရုံအသစ် ၁၁ ရုံ၊ စုစုပေါင်း စက်ရုံ ၄၉ ရုံ လည်ပတ်လာနိုင်သည့်အတွက် ဝန်ထမ်း ၂ သောင်းကျော်ကို အလုပ်အကိုင် အခွင့် အလမ်း ဖော်ဆောင်ပေးနိုင်ခဲ့သည့် အခြေအနေ၊  စက်ရုံ၊ အလုပ်ရုံများမှ အလုပ် သမားများအား ကာကွယ် ဆေးထိုးနှံနိုင်ရေး လုပ်ဆောင်လျက်ရှိရာ ဩဂုတ် ၂၂ ရက် အထိ အလုပ်သမား ၈ သောင်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဆက်လက် ထိုးနှံပေးသွားမည့် အခြေအနေ။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် မြို့နယ်၊ ခရိုင်အလိုက် ဖြစ်ပေါ်ခဲ့သည့် ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု၊ ဆေးရုံတက်ရောက်မှု၊ အောက်ဆီဂျင် လိုအပ်မှု အခြေအနေများကို ဆန်းစစ်သုံးသပ်၍ အမှန်တကယ် လိုအပ်ချက်များကို တွက်ချက်ပြင်ဆင် ထားရန်လိုအပ်သည့် အခြေအနေ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဒေသများ အတွင်း ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စနစ်တကျစာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိပြီး ဦးစားပေးအုပ်စု အလိုက် အမြန်ဆုံးထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ တိုက်ပွဲရှောင်နှင့် IDP Camp များ၌ ရှိနေသူ လူဦးရေ ၅ သိန်းကျော်အနက် အသက် ၁၈ နှစ်အထက် ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သူ ၁၆၅၂၉၆ ဦးရှိပြီး ၎င်းတို့အနက် လူဦးရေ ၅ သောင်းကျော်ကို ယခုအပတ်အတွင်း ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိသည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကာကွယ်ဆေးထိုးနှံပြီးစီးသူများကို စနစ်တကျ မှတ်တမ်းတင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများပုံမှန်အတိုင်း လည်ပတ်နေမှုများကို အားပေးရမည်ဖြစ်ပြီး ရောဂါကာကွယ် ထိန်းချုပ်ကုသရေး စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရန်လည်း လိုအပ်မည် ဖြစ်ကြောင်း၊ စက်ရုံပိုင်ရှင်များအနေဖြင့်လည်း ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် ၎င်းတို့၏ လိုအပ် ချက်များနှင့် ပတ်သက်၍ အလေးထားလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန်ရှိသူများအနေဖြင့်လည်း လိုအပ်သည်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးသွားရမည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များ ဖြည့်စွက် မှာကြားသည်။

ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါသည် မျိုးရိုးဗီဇများ ပြောင်းလဲကူးစက်မှု ဖြစ်ပွားလျက်ရှိသည့်အတွက် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)နှင့် ကျန်းမာရေးအဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံနှုန်းသတ်မှတ်ချက်များရှိပြီး ၎င်းတို့ကို လေ့လာ၍ လိုက်နာဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများတွင် ဗဟိုအဖွဲ့၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များအနေဖြင့် လိုအပ်သည် မှန်သမျှကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများနေဖြင့်လည်း ပြည်သူများမှ တိကျစွာ လိုက်နာ ဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း။

ဆေးရုံအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်

ထို့နောက် ဆေးရုံများကိုအဆင့်မြှင့်တင်နိုင်ရေး လုပ်ဆောင်ကြရမည်ဖြစ်ပြီး ဆေးရုံတိုင်းသည် ဆေးရုံအင်္ဂါရပ်များနှင့် ကိုက်ညီမှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုခေတ်၌ နိုင်ငံတကာရှိ ဆေးရုံများ၏ ပုံသဏ္ဍန်များ၊ အင်္ဂါရပ်များကို အလွယ်တကူ လေ့လာတွေ့ရှိနိုင်ကြောင်း၊ ထိုသို့လေ့လာ၍ မြို့နယ်၊ တိုက်နယ်၊ ခရိုင်အဆင့် ဆေးရုံများ စနစ်တကျရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ICU ခန်းများရှိသည် ဖြစ်သော်လည်း ကိုဗစ်နှင့် ပတ်သက်၍ သီးသန့်ထားရှိပြီး အခြားရောဂါ များအတွက် လည်း ICU ခန်းကို သီးသန့်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင် ရေး အတွက်လည်း နိုင်ငံတော်မှ လိုအပ်သည့် ကုန်ကျမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆေးရုံများအဆင့်မြှင့်တင်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အမှိုက်သရိုက်များ ရှင်းလင်းရေး၊ ခြံစည်းရိုးများကောင်းမွန်ရေး၊ သန့်ရှင်း သပ်ရပ်မှုရှိစေရေး ဆေးရုံဝန်ထမ်းများ၊ တပ်မတော်၊ လူမှုရေးအဖွဲ့အစည်းများဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

အသက်ထက်အရေးကြီးတာဘာမှမရှိ

ထို့နောက် အောက်ဆီဂျင်နှင့် ပတ်သက်၍ လိုအပ်သည်များကို ဆောင်ရွက်ပေး ရန်လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ “ဆက်စပ်ပြီး ပြောချင်တာကတော့ အောက်ဆီဂျင်ကိစ္စပါ၊ အောက်ဆီဂျင်နဲ့ပတ်သက်ပြီး ကျွန်တော်တို့က ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်မှာ အောက်ဆီဂျင် လိုအပ်ချက်တွေ အလွန်မြင့်တက်လာတဲ့အခါကျတော့၊ အကုန်လုံးက အောက်ဆီဂျင်ရရှိဖို့ အသည်းအသန်ကြိုးစားကြတာပေါ့၊ အမြင့်ဆုံး လိုအပ်ချက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက် နေ့က ၃၁၂၉၈ လုံး လိုတယ်ဆိုပြီးတော့ ကမ္ဘာကစောင့်ကြည့်လေ့လာရေး Indicator တွေမှာ သွားတွေ့တယ်။ အခု ကျွန်တော်တို့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့လိုအပ်ချက်က ၁၈၆၆၇ တွေ့တယ်။ ကျွန်တော်တို့ ထုတ်နိုင်တာက အခု ၄ သောင်းကျော်၊ တစ်ကယ်လို့ အပြည့်အစုံဆို လေးသောင်းကျော်လောက် ထုတ်နိုင်တာကို ကျွန်တော်တို့တွေ့တယ်။ ဆိုလိုချင်တာကတော့ အမြင့်ဆုံး လိုအပ်ချက်ထက်ကို ပိုပြီးတော့မှ အောက်ဆီဂျင် ထုတ်နိုင်တဲ့အနေအထားတော့ ရောက်သွားပြီ။ သို့သော် ဆေးရုံသုံး အောက်ဆီဂျင်တွေ သန့်ရှင်းပြီးတော့မှ စနစ်တကျဖြစ်တဲ့ အောက်ဆီဂျင် ဖြစ်စေချင်တယ်။ အဲဒါလည်း ကျွန်တော် ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာလည်း ပြောပါတယ်။ အောက်ဆီဂျင်အိုး တွေက အစ စနစ်တကျလုပ်ပါ။ သန့်သန့်ရှင်းရှင်း သပ်သပ် ရပ်ရပ်ဖြစ်အောင် ကြိုးစားပါ။ နောက်တစ်ခါလည်း အောက်ဆီဂျင် အောက်ဆီဂျင်လို့ ပြောတဲ့အခါကျတော့။ မြို့နယ်တွေမှာ ကြိုးစားကြတယ်။ အဓိက ကတော့ ဆက်သွယ်မှု ခက်ခဲတဲ့ နေရာ တွေမှာ အောက်ဆီဂျင် မဖြစ်မနေရအောင် လုပ်ရမယ်။ ဥပမာအားဖြင့်- နန်းယွန်းလိုမြို့နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဆိုရင် နန်းယွန်းလို ဟာမျိုးပေါ့၊ သွားရလာရတာ နည်းနည်းခက်တာကိုး။ လဟယ်ကမှ ခန္တီးကသွားရင် နည်းနည်း အဆင်ပြေနိုင်သေးတယ်။ ဒါ ဥပမာ ပြောပြတာ၊ ဥပမာအားဖြင့် - မာန်အောင်လို ဟာမျိုးဆိုရင် လေကြောင်းလမ်းတစ်ခုနဲ့ ရာသီဥတုကောင်းလို့ရှိရင် သင်္ဘောလမ်းသွားလို့ရတယ်။ ကားလမ်းမရှိဘူး။ မာန်အောင်ကျွန်းမျိုးဆိုရင် ရကိုရရမယ်။ သူ့ကို Survive လုပ်နိုင်၊ သူ့ကိုယ်သူ ရပ်တည်နိုင်ရမဲ့ အခြေအနေမျိုး ရှိရမယ်။ အဲ့ဒါမျိုးလေးတွေပေါ့၊ ပြည်နယ်နဲ့ တိုင်းအလိုက် သွားလာမှုခက်ခဲတဲ့ မြို့နယ်တွေမှာ၊ ခရိုင် မဟုတ်လို့၊ မြို့နယ် မဟုတ်လို့၊ မဟုတ်ဘူး၊ သွားလာမှု ခက်ခဲတဲ့ ဒေသတွေကတော့ မဖြစ်မနေရ အောင် ကြိုးစားပေး၊ စိတ်မပူရအောင်၊ လျှပ်စစ်မီး ဘယ်လိုရအောင်လုပ်မလဲ၊ ဥပမာအားဖြင့်- အသေးစား ရေအားလျှပ်စစ် စီမံကိန်း၊ အဲ့ဒီမှာ ၅၀၀ ကီလိုဝပ်၊ ၁၀၀၀ ကီလိုဝပ်၊ ဒါမှမဟုတ်လို့ရှိရင် ၂၀၀ ကီလိုဝပ် လား၊ ၃၀၀ ကီလိုဝပ်တော့ ရသလား၊ ရရင် ခုနကပြောတဲ့ အောက်ဆီဂျင်စက်ရုံနဲ့ ပတ်သက်ပြီး အထောက်အကူရအောင် ချိတ်ဆက်ထား၊ လူထက်အရေးကြီးတာ၊ အသက်ထက် အရေးကြီးတာဘာမှမရှိဘူး’’ ဟု ပြောကြားသည်။

ဆေးဝါးအတုများ တင်သွင်းမှုမရှိစေရေး စစ်ဆေးရမည်

ဆက်လက်၍ ကိုဗစ်ကာကွယ်ဆေးများနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းမှုများကို နယ်စပ်ဂိတ်များ၊ လေကြောင်းနှင့် ရေကြောင်းတို့မှတဆင့် နည်းလမ်းမျိုးစုံဖြင့် တင်သွင်းမှုများ လုပ်ဆောင်လျက်ရှိပြီး နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အမြန်ဆုံး ထုတ်ပေးနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သည့် စစ်ဆေးမှုများ၊ ခွင့်ပြုမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ မတော်လောဘများဖြင့် ကန့်သတ်တားမြစ်ဆေးဝါးများ၊ ဆေးဝါးအတုများ တင်သွင်းမှုမရှိစေရေး စစ်ဆေးရမည်ဖြစ်ပြီး တွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

ပညာပေးမှုနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ လုပ်ဆောင်နေမှုများ ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်တွင်လည်း အသံချဲ့စက်များနှင့် အသိပေးကြေညာခြင်း၊ ကျန်းမာရေးအသိပညာပေး၊ သတိပေးဆိုင်းဘုတ်များ ထောင်ခြင်းများပြုလုပ်ရန်လည်း လိုကြောင်း၊ အထူးသဖြင့် တိုင်းရင်းသား ဒေသများတွင် ပညာပေးမှုများပိုမိုဆောင်ရွက် ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပေးမှု၊ သတိပေးမှုများ နေ့စဉ်မြင်တွေ့ကြားသိ နေရမှသာလျင် ဆင်ခြင်လိုက်နာနိုင်မည် ဖြစ်သောကြောင့် ပညာပေးမှုများကို ကျယ်ကျယ် ပြန့်ပြန့်ဖြင့် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း။

စေတနာထား၍ လုပ်ဆောင်ကြရမည်

ကိုဗစ်-၁၉ ရောဂါကို ရှေ့တန်းမှ ကာကွယ်ထိန်းချုပ်ကုသပေးနေသော ကျန်းမာရေး ဝန်ထမ်းများ၊ နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများတွင် ထမ်းဆောင်ကြ သည့် အဖွဲ့အစည်းများ၊ ပြည်သူလူထု၏ သယ်ယူပို့ဆောင်ရေးကို ဆောင်ရွက်ပေးနေသည့် အဖွဲ့များ၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ ကျန်းမာရေးကောင်းမွန်ရန်လည်း လိုအပ်မည်ဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံရာတွင် ဦးစားပေး သတ်မှတ်ချက်များအလိုက် စနစ်တကျထိုးနှံပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံပိုင် တပ်မတော်(လေ)နှင့် တပ်မတော်ပို့ဆောင်ရေး စနစ်များမှတစ်ဆင့် ပြည်နယ်နှင့်တိုင်းအားလုံးသို့ အမြန်ဆုံးရောက်ရှိနိုင်ရေး ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ရောက်ရှိလာသည့် ဆေးပစ္စည်းများ ပျက်စီးမှုမရှိစေရေး စနစ်တကျ ထိန်းသိမ်းထားသို၍ အမြန်ဆုံးထိုးနှံပေးရမည်ဖြစ်ကြောင်း၊ အသက်အရွယ် ကြီးမြင့်သူများတွင် သေဆုံးမှုနှုန်း မြင့်မားသည်ကိုတွေ့ရှိရပြီး အသက် ၅၀ နှင့် အထက် သေဆုံးမှု ၈၀ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကာကွယ်ဆေးကို အသက်အရွယ်ကြီးရင့်သူများအား ဦးစားပေးထိုးနှံစေလျက်ရှိကြောင်း၊ ယခု ကာကွယ် ဆေး ၈ သန်းရောက်ရှိပြီး ၆ သန်းကို ထိုးနှံပေးပြီးဖြစ်ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံရန် ဆေး ၂ သန်း ကျန်ရှိကြောင်း၊  တစ်ဖက်ကလည်း ကိုယ်ခံစွမ်းအားကောင်းမွန်အောင် နေထိုင်ရန်လိုအပ်မည် ဖြစ်ပြီး ကျန်းမာသန်စွမ်းမှုရှိစေရန် ကိုယ်လက်လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အသိပညာပေး မှုများကိုသာမက အခြေခံကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးမှုများကို လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားရေးသောက်ရေးနှင့် ပတ်သက်၍ အဆင်ပြေ ချောမွေ့မှုရှိစေရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု၊ စိုက်ပျိုးရေး နှင့်မွေးမြူရေး၊ ဒေသအလိုက် စားရေရိက္ခာ ပေါများစေရေး ဆောင်ရွက်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ အခြေခံအနေဖြင့် နိုင်ငံသားများနှင့် တိုင်းပြည်၏ စီးပွားရေး ကောင်းမွန်အောင် လုပ်ဆောင်ရန် အဓိက လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း လုပ်ဆောင်ရသည့် တာဝန်များအလိုက် မိမိအလုပ်နှင့် တိုင်းပြည်အပေါ်တွင် စေတနာထား၍ လုပ်ဆောင်မည် ဆိုပါက မိမိတို့၏ လုပ်ဆောင်မှုများ အောင်မြင်နိုင်မည်ဖြစ်ပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူလူထု၏ လူမှုဘဝတိုးတက်မြင့်မားရေးကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စေတနာထား၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)