နေပြည်တော် ဖေဖော်ဝါရီ ၁၇
အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ထွန်းကားလာသည့် ကာလကြီးတွင် တစ်နိုင်ငံတည်း သီးသန့်နေထိုင်ရန် ပိုမိုခက်ခဲလာသလို လုံခြုံမှုနှင့်လည်း ပိုမိုဝေးကွာလာစေ ပါကြောင်း၊ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးနှင့်ဆက်စပ်သည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ( Convention on the Elimination of the all Forms of Discrimination Against Women – CEDAW) ကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေးဓလေ့ထုံးတမ်းများ သည် ယောက်ျား၊ မိန်းမ မခွဲခြားဘဲ တန်းတူရည်တူ ရှိသည်ကိုစာပေများတွင် ဆုံးမထားသည် ကို တွေ့ရှိရပါကြောင်း၊ အိမ်တွင်း အကြမ်းဖက်မှုဖြစ်စဉ်များကို လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုဟု ရှုမြင်နိုင်မှုအားနည်းနေခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီး ကာကွယ်သည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းထားခြင်း မရှိသေးခြင်းများကြောင့် အကြမ်းဖက်ခံ အမျိုးသမီးအများစုသည် အကြမ်းဖက်မှုမှ အကာအကွယ်ရယူနိုင်ခွင့် ကင်းမဲ့နေပါကြောင်း။
မြန်မာနိုင်ငံ၏လူဦးရေ ငါးဆယ်ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများဖြစ်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်နိုင်ပါက နိုင်ငံသားအများစုကို အကြမ်းဖက်မှုမှ တားဆီးကာကွယ်နိုင်ရာ ရောက်ပါကြောင်း၊ CEDAW ကော်မတီအဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံအဆင့် အစီရင်ခံစာများ တင်သွင်းလျက်ရှိပြီး CEDAW ကော်မတီမှ အစီရင်ခံစာအပေါ် အကြံပြုသုံးသပ်ချက် (၅၆)ချက် ပြန်လည်ပေးပို့ခဲ့ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်သည့် ဥပဒေပြဋ္ဌာန်းရန်နှင့် ခွဲခြားဆက်ဆံမှုများ ဖြစ်စေသည့် ဥပဒေများနှင့် ပြဋ္ဌာန်းချက်များကို အမြန်ဆုံးပြန်လည် သုံးသပ်ရန်ဆိုသည့် အချက်များ ပါဝင်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ အကြံပြုချက်နှင့်အညီ ရေးဆွဲထားသည့် ယခု ဥပဒေသည် အခြားဥပဒေများနှင့် မတူညီဘဲ လူမှုရေးဥပဒေဖြစ်နေခြင်းနှင့် ဥပဒေတစ်ရပ်သည် ပြဋ္ဌာန်းပြီးရုံမျှနှင့် လုံလောက်ခြင်းမရှိဘဲ ပြည်သူများ လိုက်နာကျင့်သုံးမှသာ ဥပဒေသဘော သက်ဝင်မည်ဖြစ်ပါကြောင်း၊ ဥပဒေအသစ် တစ်ခုကို လွှတ်တော်ကိုယ်စားလှယ်များ အားဖိတ်ခေါ်၍ ရှင်းလင်းမိတ်ဆက်ခြင်းသည် လွှတ်တော်တွင်း ဆောင်ရွက်ရန်ရှိသည့် ကိစ္စများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဝီရိယထား၍ ကြိုတင်ဆောင်ရွက်ခြင်း ဖြစ်သဖြင့် မိမိတို့သိလိုသည်များ၊ ရှင်းလင်းမှုမရှိသည်များ ကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေး အကြံပြုပူးပေါင်း ကူညီပေးကြပါရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီး ကာကွယ်ရေး ဥပဒေ(မူကြမ်း)ကို ရေးဆွဲရာတွင် အဓိကဝန်ကြီးဌာနအနေဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်မှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အာဆီယံဒေသတွင်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတား ဆီးကာကွယ်ရေး လုပ်ငန်းအစီအစဉ် ( ASEAN Regional Plan of Action On Elimination of Violence Against Women- EVAW) ကို ရေးဆွဲထားသဖြင့် ၎င်း လုပ်ငန်းစဉ်နှင့် အညီဖြစ်စေရန်လည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ (မူကြမ်း) ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်ကြောင်း။
အမျိုးသမီးများ၏ အခွင့်အရေးများကို ဖော်ဆောင်ခြင်းနှင့် ကာကွယ်စောင့်ရှောက် ခြင်းများ လိုအပ်သကဲ့သို့ ပဋိပက္ခများအတွင်း လိင်အကြိမ်းဖက်မှုများအတွက် တားဆီး ကာကွယ်ရန် လည်း လိုအပ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် လိင်အကြိမ်းဖက်မှုကာကွယ်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် ကုလသမဂ္ဂသဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရပါ ကြောင်း၊ ထို့ကြောင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေး ဆိုင်ရာ ပူးတွဲကြေငြာချက် (Joint Communique) ကို ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် လက်မှတ် ရေးထိုး၍ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ရာတွင် မြန်မာ့ဓလေ့ ထုံးတမ်းအားလုံးကိုလည်း ပစ်ပယ်၍ မရပါကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် အမျိုးသမီးများ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ် စောင့်ရှောက်မှုများအတွက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသမီးနှင့် ပတ်သက်၍ အကာအကွယ်ပေးသည့် ပြစ်မှု၊ ပြစ်ဒဏ်အပိုင်းများကို စနစ်တကျဖော်ပြထားခြင်း မရှိသေးသည့်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း)တွင် ထည့်သွင်းထားပါကြောင်း၊ အဆိုပါကိစ္စများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ က လေ့လာပြီး အကြံပြုပေးကြစေလိုကြောင်း၊ မိမိတို့ရေး ဆွဲထားသည့်ဥပဒေ (မူကြမ်း)သည် နိုင်ငံနှင့်ကိုက်ညီပြီး အမျိုးသမီးများကို အကျိုးပြုနိုင်အောင် ဆောင်ရွက်ထားပါကြောင်းနှင့် ယခု ဥပဒေ(မူကြမ်း) သည် မိသားစုတစ်စု၊ အိမ်ထောင်စုတစ်စု ပြိုကွဲမှုကို ဦးတည်သည့် ဥပဒေ မဖြစ်စေဘဲ အမျိုးသမီးများ ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အကာအကွယ်ပေးနိုင်မှုအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်အောင် ဝိုင်းဝန်းအကြံပြု ဆောင်ရွက် ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥပဒေ(မူကြမ်း)ကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးအကြံပြုကြသည်။
(သတင်းစဉ်)