Skip to main content

သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာအင်စတိကျု (PANNA INSTITUTE) တို့ ပူးပေါင်းပြီး KAS Myanmar ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သည့် စတုတ္ထအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပ သည်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ဖွင့်လှစ် သည့် သင်တန်းသည် နိုင်ငံ့ဝန်ထမ်းများအတွက် စွမ်းရည်မြှင့်သင်တန်း တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းတွင် သုတေသန လုပ်ပုံလုပ်နည်း (Research Methodology) ၊ ပြည်သူ့ဆက်ဆံရေး (Public Relations)၊ နှင့်သတင်းအချက်အလက် စီမံခန့်ခွဲမှု (Information Management) တို့အပြင် Political Economy (နိုင်ငံရေးဘောဂဗေဒ) ဘာသာရပ်များကိုပါ ပို့ချသွားမည် ဖြစ်ပါကြောင်း။

မိမိတို့ နိုင်ငံသည် လွတ်လပ်ရေး ရပြီးသည့်အချိန်မှစ၍ နိုင်ငံရေးစနစ် အမျိုးမျိုး၊ အစိုးရ အမျိုးမျိုး၊ အုပ်ချုပ်ရေးစနစ် အမျိုးမျိုးကို ဖြတ်သန်းလာခဲ့ပါကြောင်း၊ ထိုကဲ့သို့ ဖြတ်သန်းခဲ့မှု အတွေ့အကြုံများကိုဆန်းစစ်ကာ လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် စနစ်တကျ ရေးဆွဲပြင်ဆင်ထားသည့် သင်ခန်းစာများကို အတွေ့အကြုံကြွယ်ဝသည့် သင်တန်းဆရာများက ပို့ချသွားမည်ဖြစ်ပါကြောင်း။

ယနေ့ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များသည် နိုင်ငံ့ဝန်ထမ်းများ၏ အရည်အသွေးကို များစွာတိုးတက်စေမှာဖြစ်ပြီး နိုင်ငံ့တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ရာတွင် အထောက် အကူ ပြုစေရန်ရည်ရွယ် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ယခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်းများ အတွက် ယခုကဲ့သို့ သင်တန်းများ ထပ်မံဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိပြီး အဆိုပါသင်တန်း များတွင် သင်ကြားမည့် ဘာသာရပ်များကိုလည်း ပိုမိုပြည့်စုံ ကောင်းမွန်အောင် ဆောင်ရွက် သွား မည် ဖြစ်ပါကြောင်း။

သင်တန်းသားများအနေဖြင့် သင်တန်းတွင် အာရုံစူးစိုက်ကာ တက်တက်ကြွကြွ ပါဝင်ဆွေးနွေး ကြစေလိုပါကြောင်း၊ သင်တန်းမှ ရရှိလာသည့် အသိပညာ၊ ဗဟုသုတများကို လည်း ဌာန အတွက်၊ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ထိထိရောက်ရောက် အသုံးချပြီး သင်တန်း တက်ရောက်ခွင့် မရရှိသည့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ထပ်ဆင့်မျှဝေစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ Panna Institute မှ ပညာရပ်ဆိုင်ရာ အကြံပေး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အ‌ရေးကော်မရှင်အဖွဲ့ဝင်‌ ဒေါက်တာ တင်မောင်မောင်သန်း က သင်တန်း ဖွင့်လှစ်ရ ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယခုဖွင့်လှစ်သည့် စတုတ္ထအကြိမ် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်း အချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ် သင်တန်းကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ငါးရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်း ၅၂ ဦး တက်ရောက်ကြသည်။

ပထမအကြိမ် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်သင်တန်းကို ၂၀၁၉ ခုနှစ် ဇွန်လ၊ ဒုတိယအကြိမ် သင်တန်းကို အောက်တိုဘာလနှင့် တတိယအကြိမ်သင်တန်းကို ဒီဇင်ဘာလတို့တွင် ဖွင့်လှစ်ခဲ့သည်။

(သတင်းစဉ်)