ရန်ကုန် ဖေဖော်ဝါရီ ၁၇
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင်ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဉီးထွန်းထွန်းဦးက အဖွင်အမှာစကားပြောကြားရာတွင် “ ကျင်းပ ပြီးစီး ခဲ့သည့် ၈ ကြိမ်မြောက် JICM အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ ဆက်လက် အကောင်အထည်ဖော်ရန် နှစ်ဖက် ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့များသည် ဖေဖော်ဝါရီ ၂ ရက် နှင့် ၃ ရက်နေ့များတွင် ရန်ကုန်မြို့၊ NRPC တွင် တွေ့ဆုံခဲ့ကြကြောင်း၊ အဆိုပါ အစည်း အဝေးတွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်ကိစ္စ၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုကိစ္စ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆိုပြုချက်ကိစ္စများအား ပြန်လည်ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့ကြသည့်အတွက် မိမိတို့ နှစ်ဖက်ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ ယနေ့တွင် တွေ့ဆုံကြခြင်း ဖြစ်ကြောင်း။
နှစ်ဖက် အလုပ်အဖွဲ့များအနေနှင့် ယခင် အဆိုပြုချက်များကို ပြန်လည်သုံးသပ်ပြီး ပိုမို ကောင်းမွန်သည့် ရလဒ်များ၊ သဘောတူညီမှုများကို ယနေ့ အစည်းအဝေးတွင် ညှိနှိုင်းနိုင်ကြမည် ဟုမျှော်လင့်ပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံ အစည်းအဝေးများ ကျင်းပပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသလို NCA ကတိကဝတ်ပါ မျှော်မှန်းချက်များအပြင် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်များတွင် မည်ကဲ့သို့ သဘော တူညီချက်များ ချမှတ်မည် ဆိုသည်ကိုလည်း အကြေအလည် ဆွေးနွေးညှိနှိုင်း ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံရေးအခြေခံမူများ ရယူနိုင်ရန် ဆွေးနွေးညှိနှိုင်းကြရမည် ဖြစ်သလို တစ်ဖက် တွင်လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရေးမှ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်း ရေးအထိ ဆွေးနွေးညှိ နှိုင်းသွားရန်၊ ယုံကြည်မှုနှင့် တည်ငြိမ်ကောင်းမွန်သည့် အခြေအနေ တစ်ရပ်ကို ဖန်တီးတည် ဆောက်သွားကြရန်လိုအပ်ပါကြောင်း။
NCA အခန်း(၃)၊(၄)၊(၆)ပါ ဆွေးနွေးမည့် အကြောင်းအရာခေါင်းစဉ်များကိုလည်း ယမန်နေ့က ကျင်းပသည့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏နှစ်ဖက်ညှိနှိုင်း အစည်းအဝေးတွင် အစိုးရဘက်က အဆိုပြုထားပြီး မည်ကဲ့သို့ စုဖွဲ့ ဆွေးနွေးကြမည် ဆိုသည်ကိုလည်း ဆွေးနွေခဲ့ကြပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုနိုင်ရေးသည် အရေးကြီးပါ ကြောင်း၊ ထို့ကြောင့် (၂၁) ရာစု ပင်လုံညီလာခံတွင် ရလဒ်ကောင်းများရရှိရန်အတွက် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ၈ ကြိမ်မြောက် JICM အစည်းအဝေးတွင် ဆုံးဖြတ်ထားသည့်အတိုင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ အစည်းအဝေးကို ၂၀၂၀ အစောပိုင်း လေးလတာ ကာလအတွင်း ကျင်းပနိုင်ရန်အတွက် ညီလာခံလုပ်ငန်းစဉ်များကို အမြန်ဆုံး စတင် လုပ်ဆောင်ရန်လိုပါကြောင်း၊ ညီလာခံမတိုင်မီ ကျင်းပရမည့် နှစ်ဖက်ညှိနှိုင်းဆွေးနွေး ပွဲများ၊ ကျင်းပမည့် အချိန်ဇယား Timeline များကို မိမိတို့အကြား ညှိနှိုင်းသဘောတူ ထားရန်လည်း လိုအပ်ပါကြောင်း၊ JICM အစည်းအဝေး အပြီး ၂ လအတွင်းမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးမှု ပူးတွဲကော်မတီ UPDJC နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC အစည်းအဝေး များ ခေါ်ယူကျင်းပရန် JICM က သဘောတူထားပြီး ဖြစ်ကြောင်း။
ယမန်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် JMC အစည်းအဝေး ကျင်းပမည့် ရက်ကို အဆိုပြုညှိနှိုင်းခဲ့ကြပြီး သက်မှတ်အဆိုပြုနိုင်မည့် အနေအထားဖြစ်ပါကြောင်း၊ UPDJC အစည်းအဝေး ကျင်းပသည့်အခါ အထူးသဖြင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ပြန်လည် ပြင်ဆင် အတည်ပြုရန်ရှိပါကြောင်း၊ ထို့ကြောင့် (၂၁)ရာစုပင်လုံ ညီလာခံ ကျင်းပနိုင်ရေးအတွက် ယနေ့အစည်းအဝေးတွင် UPDJC အစည်းအဝေး အပါအဝင် ညီလာခံ မတိုင်မီ ကျင်းပရမည့် ဆွေးနွေးပွဲများအတွက် အချိန်ဇယားကို နှစ်ဖက်ဆွေးနွေး ညှိနှိုင်းပေးကြရန် ပြောကြားလို ပါကြောင်း ပြောကြားသည်။
၂၀၂၀ ဇန်နဝါရီ ၈ ရက်က ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် JICM အစည်းအဝေး၏ ဆုံးဖြတ်ချက် ဖြစ်သည့် နှစ်လအတွင်း UPDJC နှင့် JMC အစည်းအဝေးများ ခေါ်ယူကျင်းပ နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပသည့် အစိုးရနှင့် အပစ် အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCA-S EAO) တို့၏ ညှိနှိုင်း အစည်းအဝေးတွင် JMC အစည်းအဝေးများကို မတ်လ (၁၀)၊ (၁၁) နှင့် (၁၂) ရက်များတွင် ပြန်စနိုင်ရန်အတွက် အစိုးရကိုယ်စားလှယ်များဘက်မှ အဆိုပြု ထားပြီးဖြစ်သည်။
NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်စဝ်စိုင်း ငင်းက “မနေ့ကကျင်းပခဲ့တဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲမှုခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့တွေရဲ့ ညှိနှိုင်းအစည်းအဝေးမှာ ကောင်းမွန်တဲ့ရလဒ်တွေ ဆောင်ကြည်းပေး နိုင်ခဲ့တယ်လို့ ကြားသိရ ပါတယ်။ ဒီလိုရလဒ်ကောင်းတွေ ရရှိခဲ့တာဟာ နှစ်ဖက်ညှိနှိုင်း ရေးအဖွဲ့တွေရဲ့ ကြိုးပမ်း အားထုတ်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အလေးထား အရေး ပေးမှုတွေကို ထင်ဟပ်စေခဲ့ ပါတယ်။ ဒီရလဒ်ကောင်းတွေအတွက် NCA-S EAO ကိုယ်စား မိမိအနေနဲ့ ချီးကျူးဂုဏ်ပြုပါတယ်။ ဝမ်းမြောက်ဂုဏ်ယူပါတယ်” ဟု နှုတ်ခွန်းဆက်အမှာ စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
NCA-S EAO ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း၏ နှုတ်ခွန်းဆက်အမှာ စကားတွင် “အစိုးရညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ပြီးခဲ့သည့်ပထမအကြိမ် တရားဝင်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးပွဲ တွင် နှစ်ဖက်ဆွေးနွေး တင်ပြချက်များ၊ အဆိုပြုချက်များအပေါ် နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များက ပြန်လည် ယူဆောင်လာသည့် အဆိုပြုချက်များကို ယခုအစည်းအဝေးတွင် အသေးစိတ် အပြန် အလှန်ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ချမှတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက် ရမည် ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် JICM အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း အချိန်ဇယား Timeline နှင့် ပတ်သက်၍ အစည်း အဝေးကျင်းပရေးဆိုင်ရာ အစီအစဉ်များကို နှစ်ဖက်ညှိနှိုင်း သွားရန်ရှိပါကြောင်း၊ UPDJC အစည်းအဝေး၊ UPDJC အတွင်းရေးမှူး အစည်းအဝေး၊ လုပ်ငန်း ကော်မတီ အစည်းအဝေး ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ JICM အစည်းအဝေးများကို ဆင့်ကဲကျင်းပ သွားရမည်ဖြစ်သောကြောင့် အဆိုပါအစည်းအဝေးများအတွက် ပြင်ဆင်မှု လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း။
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြင်ဆင်ရေး အစည်းအဝေးကျင်းပသည့် အခါတွင် NCA စာချုပ် လက်မှတ်မရေးထိုးနိုင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ညီနောင် EAO များ ပါဝင် တက်ရောက်နိုင်ရေးကိုလည်း နှစ်ရက်တာ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးသွားရန်ရှိပါကြောင်း၊ ထို့အပြင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် Public Consultation ကျင်းပနိုင်ရေးအတွက် လိုအပ်သည့် ကြိုတင်ပြင် ဆင်မှုများကို ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ် ပါကြောင်း၊ ယခုညှိနှိုင်း အစည်းအဝေး သည် ဒုတိယအကြိမ်မြောက်အစည်းအဝေး ဖြစ်သလို ယုံကြည်မှုတည်ဆောက်ခြင်းကို ပိုမိုခိုင်မာ လာအောင် နှစ်ဦးနှစ်ဖက်က ကြိုးပမ်း ဆောင်ရွက်နေသည့် အခိုက်အတန့်ဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက်ဆွေးနွေး ညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးသည့်အချို့ အကြောင်းအရာများကို ယခုအစည်းအဝေးတွင် ယာယီ ချန်လှပ်ထားရန် လိုအပ်သည်ဟု မြင်ပါကြောင်း၊ မိမိတို့ အားလုံးသည် ကိုယ့်တစ်ဦး၊ ကိုယ့်တစ်ဖွဲ့တည်း၏ ကောင်းကျိုးကိုသာ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ အားလုံး နှင့်သက်ဆိုင်သည့် ပြည်ထောင်စုကောင်းကျိုးအတွက် ဦးတည် ဆောင်ရွက် နေခြင်း ဖြစ်သည်ကို နှလုံးသွင်း လက်ကိုင်ထားရမည် ဖြစ်ကြောင်း။
(၇၃)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့လာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ သဝဏ်လွှာတွင် “ငြိမ်းချမ်းရေးကို အစိုးရရဲ့ အဓိကဦးစားပေး လုပ်ငန်းကြီး တစ်ရပ်အဖြစ် သတ်မှတ်လို့ မဖြစ်မနေ အောင်မြင်အောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိ ပါတယ်” ဟု မိန့်ကြားခဲ့သလို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် ပြည်ထောင်စုနေ့အခမ်းအနား မိန့်ခွန်းတွင်လည်း “ နိုင်ငံအတွက် အသက် တမျှ အရေးတကြီး လိုအပ်နေတဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို စုပေါင်းအားနဲ့ ရယူသွားကြဖို့” မြွတ်ကြား ထားခဲ့ပါကြောင်း၊ လွယ်တိုင်းလျဲန်တွင် ကျင်းပပြုလုပ်သည့် (၇၃) နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားသို့ပေးပို့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာတွင် “တိုင်းရင်းသား များအနေဖြင့် မိမိတို့လိုလားချက် များကို နိုင်ငံရေးဆွေးနွေး ပွဲများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို ဖွင့်ထားပြီးဖြစ်ပါသည်” ဟု ညွှန်းဆိုထားကြောင်း။
ညွှန်းဆိုထားသည့်အတိုင်း မိမိတို့နှစ်ဖက်ညှိနှိုင်းဆွေးနွေးရေး အဖွဲ့များ အနေဖြင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအကျိုး၊ ပြည်ထောင်စုအကျိုးနှင့် အားလုံးအကျိုးတို့ကို မျှော်ကိုးပြီး ဇွဲ၊ လုံ့လ၊ ဝီရိယ၊ သတိ၊ ပညာ နှင့် ဝိုင်းဝန်းဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင် ရွက်သွားကြမည် ဆိုပါက အားလုံးလိုလားတောင့်တသည့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတို့ကို မုချရရှိနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယနေ့ကျင်းပသည့် အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေး ကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြပြီး NCA-S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ မူဘောင် ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်စဝ်စိုင်းငင်း ၊ NCA အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင် များဖြစ်ကြသည့်ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ် ကလူစေး၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ခွန်မြင့်ထွန်း၊ ဒေါက်တာစိုင်းဦးတို့ တက်ရောက်ကြသည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်