နေပြည်တော် ဖေဖော်ဝါရီ ၁၇
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်မြောက်အစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ် သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်း အဖွဲ့”ကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ ပါဝင်သော အဖွဲ့ဝင်(၁၄)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့သည့် သက်တမ်းမှာ (၁)နှစ်ကျော် ကြာမြင့်ပြီဖြစ်ပါ ကြောင်း၊ လုပ်ငန်းတာဝန်(၁၁)ချက် သတ်မှတ်ပေးပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း တာဝန် များမှာ ဖားကန့်ဒေသတွင် နေထိုင်သည့် မိသားစုများ၏ ဒုက္ခများ၊ အခက်အခဲများကို ကယ်တင် နိုင်ရန်၊ လူမှုအဆင့်အတန်းရှိနိုင်ရန်၊ ထိရောက်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဖြစ်နိုင်ရေး အတွက် စီမံချက်များချမှတ်ရန်၊ ဖားကန့်ဒေသ အတွင်းနေထိုင်သူများအတွက် အခြေခံလူ့အခွင့် အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် မြေလွတ်၊မြေရိုင်းများကို စီမံခန့်ခွဲမှုဉပဒေနှင့်အညီ ဆောင်ရွက်ရန်၊ အခြေခံလူတန်းစားများ ဖြစ်သည့် ရေမဆေးကျောက်ရှာဖွေသူများအနက် မူးယစ်ဆေးစွဲသူများအား မူးယစ်ဆေးသံသရာ မှ လွတ်မြောက်စေရေးအတွက် ဆောင်ရွက်ပေးရန်တို့ဖြစ်ပါကြောင်း။
ဖားကန့်ဒေသ၏ သဘာဝတွင်းထွက်ပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း ဆောင်ရွက်နိုင်လျှင် နိုင်ငံအတွက် ဂုဏ်တင့်ပြီး အေးချမ်းသာယာသော ဒေသတစ်ခု ဖြစ်လာ နိုင်သည့်အတွက် လက်ရှိအနေအထားအရ အဆိုပါအခြေအနေများကို ရောက်ရှိရန် ရေရှည် အကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည့် အတွက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော် နိုင်ရန် ဘဏ္ဍာငွေ ရရှိရေးသည်လည်း အဓိက ကိစ္စတစ်ရပ်ဖြစ်သည့်အတွက် တက်ရောက် လာသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲအလိုက် ဘဏ္ဍာငွေ ရရှိနိုင်ရေး ကို အထူးအလေးထား ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဖားကန့်ဒေသ၌ မူးယစ် ဆေးဝါးကိစ္စရပ်သည် အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် မူးယစ်ဆေးဝါးများ ဝင်ရောက်မှု မရှိစေရေးနှင့် ဝင်ရောက်မှုနည်းပါးအောင် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ကိစ္စရပ်တစ်ခုပင်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက် လျက်ရှိသဖြင့် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုရရှိနေကြောင်း၊ ဖားကန့်ဒေသရှိ ရွှေ့ပြောင်း အလုပ်သမားများအရေးသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ကြောင်း၊ တရားဉပဒေစိုးမိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်သည် အဓိကကျပါကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများကို ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် ပြည်ထောင်စု အဆင့်ဆင့်နှင့် ပြည်နယ်အဆင့်များအကြား တာဝန်ယူမှုတာဝန်ခံမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆဋ္ဌမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော် ဆောင်ရွက်မှုများအားတင်ပြရာ အစည်းအဝေးတက်ရောက်လာသည့် တာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထဲ ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)