Skip to main content

အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ ဆောင်ရွက်ချက်များ

ကင်ဆာအပါအဝင် မကူးစက်နိုင်တဲ့ ရောဂါတွေအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပေါင်းပြီး လေ့လာဆန်းစစ်မှုလုပ်နေ ပါတယ် (ဒေါက်တာဇော်လင်းထွဋ် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ)

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၂၇)၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ (၁၀၆)၊ (၁၀၇)နှင့် အမျိုးသားလွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီကို အမိန့်ကြေညာစာအမှတ် ၈/၂၀၁၆ အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

ကော်မတီအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားရေး၊ သက်တမ်းစေ့ အသက်ရှည်နေထိုင်ရေး၊ ရောဂါဘယ ကင်းရှင်းရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့် အမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို အဆိုပါ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်-

ဒေါက်တာဇော်လင်းထွဋ်
ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ

(မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်တို့ကော်မတီရဲ့ အဓိကတာဝန်က ပြည်သူတွေရဲ့ ကျန်းမာရေးအဆင့်အတန်းမြင့်မားဖို့အတွက် အစိုးရအဖွဲ့နဲ့ ပေါင်းစပ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ဥပဒေတွေပြဋ္ဌာန်းနိုင်ဖို့အတွက်လည်း ဆောင်ရွက်ပေးရ ပါတယ်။ ကျွန်တော်တို့အနေနဲ့ လွှတ်တော်ကပေးအပ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် လုပ်ငန်းတာဝန်က သုံးရပ်ရှိပါတယ်။ ဥပဒေပြုရေး ကတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်ပါတယ်။ နံပါတ်နှစ်က အစိုးရနဲ့ ပေါင်းစပ်ပြီး Check and Balance လုပ်ရတာပါ။ နံပါတ်သုံးကတော့ မဲဆန္ဒနယ်တွေကို ကိုယ်စားပြုတာပါ။ ဒါတွေကလည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ တာဝန်တွေပါပဲ။ လွှတ်တော်ကျင်းပပြီးလို့ သက်ဆိုင်ရာ မဲဆန္ဒနယ်ကိုပြန်တဲ့အခါမှာ ကျွန်တော်တို့ဟာ ကော်မတီရဲ့ တာဝန်တွေကိုလည်း ထမ်းဆောင်ရပါတယ်။

သက်ဆိုင်ရာမဲဆန္ဒနယ်ရောက်တဲ့အခါ သက်ဆိုင်ရာ မဲဆန္ဒနယ်က ဆေးရုံတွေ၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွေကို သွားရောက် လေ့လာပြီး လွှတ်တော်ကျင်းပချိန်မှာ ဆွေးနွေးရပါတယ်။ ပြီးရင်သက်ဆိုင်ရာကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပေါင်းစပ်ရပါတယ်။ ဒီလုပ်ငန်း တွေအပြင် ပြည်သူတွေဆီက ပေးပို့လာတဲ့ တိုင်ကြားစာတွေနဲ့ပတ်သက်ပြီး ဆောင်ရွက်ပေးရတာရှိပါတယ်။ ဒီလိုဆောင်ရွက်ရင်းနဲ့ ဥပဒေပြု ရေးအပိုင်းကိုလည်း ထမ်းဆောင်ရပါတယ်။

ခုလောလောဆယ်မှာ ကျွန်တော်တို့ကော်မတီအနေနဲ့ ဥပဒေနှစ်ခု ပြဋ္ဌာန်းနိုင်ဖို့ ဆောင်ရွက်နေတာရှိပါတယ်။ ကြက်ခြေနီတံဆိပ် အမှတ်အသားဆိုင်ရာ ဥပဒေနဲ့ ကျန်းမာရေးမှူး ကောင်စီဥပဒေကို ရေးဆွဲနေပါတယ်။ လွှတ်တော်ပြန်ကျင်းပတဲ့ အချိန်မှာလည်း ဆေးကောင်စီဥပဒေကို တင်သွင်းသွားဖို့ ရှိပါတယ်။

ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီး ဆွေးနွေးပြောပြချင်တာလည်း ရှိပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကူးစက်နိုင်တဲ့ရောဂါ နှစ်ခုရှိပါတယ်။ တီဘီ၊ ငှက်ဖျား ဒီလိုရောဂါတွေက ကူးစက်နိုင်တယ်။ မကူးစက်နိုင်တဲ့ ရောဂါတွေလည်း ရှိတယ်။ ဒါတွေကတော့ အနေအထိုင်၊ အပြုအမူနဲ့ အမူအကျင့် ဒါတွေနဲ့ဆိုင်ပါတယ်။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါတွေပါ။

ကူးစက်နိုင်တဲ့ရောဂါတွေကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်ပေမယ့် မကူးစက်နိုင်တဲ့ ရောဂါတွေက ကိန်းဂဏန်းတစ်ခုအထိ မြင့်တက် လာနေပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ ကော်မတီအနေနဲ့ မကူးစက်နိုင်တဲ့ရောဂါတွေနဲ့ပတ်သက်ပြီး လေ့လာနေပါတယ်။
အဓိကကတော့ ကင်ဆာနဲ့ပတ်သက်တာပါ။ ကင်ဆာက ကျွန်တော်တို့နိုင်ငံမှာ ရှေ့ကို တဖြည်းဖြည်း ရောက်လာတယ်။ ဒါကြောင့် ကင်ဆာ အပါအဝင် မကူးစက်နိုင်တဲ့ ရောဂါတွေအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ပေါင်းပြီး လေ့လာဆန်းစစ်မှု လုပ်နေပါတယ်။

နောက်တစ်ခုက ဘတ်ဂျက်နဲ့ပတ်သက်တာပါ။ ကျန်းမာရေး၊ အားကစားနဲ့ပတ်သက်တဲ့ ဘတ်ဂျက်ဟာ ပြည်ထောင်စုတစ်ခုလုံးရဲ့ ၃ ဒသမ ၆ ရာခိုင်နှုန်းပဲ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ သုံးစွဲခဲ့တာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ နှီးနွှယ်ဌာန ခုနစ်ခုရှိပါတယ်။ အဲဒီ ခုနစ်ခုမှာ ကုသရေးဦးစီးဌာနက ကျန်းမာရေးနဲ့ အားကစား ဘတ်ဂျက်တစ်ခုလုံးရဲ့ ၅၈ ဒသမ ၇ နဲ့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ၃၈ ရာခိုင်နှုန်းလောက် သုံးစွဲရတယ်။ အားကစားက နှစ်ရာခိုင်နှုန်းလောက်ပဲ သုံးစွဲရတယ်။

အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ကုသရေးမှာပဲ အများကြီးသုံးစွဲနေရတယ်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးဆိုတာ အားနည်းတယ်။ ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားကျန်းမာရေးအာမခံစနစ်တစ်ခု လိုအပ်နေတယ်။ ဒါကြောင့် အမျိုးသားကျန်းမာရေးအာမခံဥပဒေကို ရေးဆွဲ နိုင်အောင် ကြိုးစားနေတယ်။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ စားစရိတ်တွေကို ပြည်သူတွေက ကျခံသုံးစွဲနေရတယ်။ ကျန်းမာရေးအတွက် မိမိငွေကိုသုံးစွဲရတာ ၈၅ ရာခိုင်နှုန်း ရှိတယ်။ ဆေးရုံ၊ ဆေးခန်းတွေက ဆေးပေးတာတော့ရှိတယ်။ ဒါပေမယ့် လုံလောက်မှုမရှိဘူး။ ဒါတွေကို ဖြေရှင်းဖို့ အတွက်လည်း ကြိုးစား နေပါတယ်။

ပြီးတော့ ပြည်သူတွေက ကျွန်တော်တို့ကော်မတီကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ပေးပို့တဲ့စာတွေ လည်းရှိပါတယ်။ ဥပမာဆိုရင် မြို့နယ် ဆေးရုံတွေမှာ မြွေဆိပ်ဖြေဆေး မလုံလောက်တာတို့၊ ခွေးရူးရောဂါနဲ့ပတ်သက်ပြီး ဆေးမလုံလောက်တာတို့ ဒါတွေနဲ့ပတ်သက်ပြီး တိုင်ကြားစာတွေ ရှိတယ်။ လူသားအရင်းအမြစ်နဲ့ပတ်သက်တာ တွေလည်းရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာက လူသားအရင်းအမြစ် မလုံလောက်သေးတဲ့အတွက် အခြေခံကျန်းမာရေးဝန်ထမ်းနဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ Burden ဖြစ်နေတယ်။ ဒီအပေါ်မှာ နားလည်မှု လွဲမှားတာ တွေရှိတယ်။ တကယ်တမ်းကျတော့ ဒါတွေက ကျန်းမာရေးစနစ်ကြောင့်ပါ။ ဒီလိုတိုင်ကြားပေးပို့လာတဲ့ အပေါ်မှာ သက်ဆိုင်ရာ Stakeholder တွေနဲ့ပေါင်းပြီး ဖြေရှင်း ဆောင်ရွက်ပေးပါတယ်။

ကျွန်တော်တို့ကော်မတီနဲ့ Westminster Foundation for Democracy (WFD) နဲ့ပူးပေါင်းကာ ကင်ဆာနဲ့ပတ်သက်ပြီး ဆောင်ရွက်နေတာလည်း ရှိပါတယ်။ အရင်တုန်းက ကျွန်တော်တို့နိုင်ငံမှာ ကင်ဆာနဲ့ ပတ်သက်ပြီး စာရင်းဇယားမရှိပါဘူး။ ကင်ဆာကုသ ဆောင်ဆိုပြီး သီးခြားမရှိဘူး။ ဒါကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်ဆေးရုံတွေက ကင်ဆာရောဂါခံစားနေရသူ တွေနဲ့ တွေ့ဆုံဆွေးနွေး ပါတယ်။ ဘာတွေလိုအပ်သလဲ မေးမြန်းပါတယ်။ မြန်မာနိုင်ငံမှာ ကင်ဆာကုသဆောင်ရှိတာ ငါးနေရာပဲ ရှိပါတယ်။ ရန်ကုန်ဆေးရုံကြီး၊ မြောက်ဥက္ကလာဆေးရုံ၊ မန္တလေးဆေးရုံ၊ နေပြည်တော်ဆေးရုံနဲ့ တောင်ကြီးဆေးရုံတို့ ဖြစ်ပါတယ်။ ဒီနေရာတွေကို သွားရောက်လေ့လာခဲ့ ပါတယ်။ ဒီလိုလေ့လာမှုတွေကရလာတဲ့ ရလဒ်တွေထွက်လာမှာပါ။ အခုလောလော ဆယ်တော့ သုတေသနပြုနေပါတယ်။

ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကော်မတီအနေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးစရိတ် စိုက်ထုတ်မှုလျော့ကျအောင်၊ အမျိုးသားကျန်းမာရေး အာမခံစနစ ်ပေါ်ပေါက်အောင် ကြိုးစားနေပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ မဲဆန္ဒရှင်တွေကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကိုလည်း အသိပညာပေးဖြန့်ဝေရပါတယ်။

အားကစားကဏ္ဍနဲ့ပတ်သက်တာလည်း ရှိပါတယ်။ (၁၅)ကြိမ်မြောက် လွှတ်တော်အစည်းအဝေး အတွင်းမှာ မေးခွန်းမေးမြန်းခဲ့တာလည်း ရှိပါတယ်။ ဒါက အောင်ဆန်းအားကစားကွင်းနဲ့ ပတ်သက်တာပါ။ အောင်ဆန်းအားကစားကွင်းကြီးဟာ ၁၉၆၄ ခုနှစ်မတိုင်မီက အရှေ့ တောင်အာရှမှာ အကြီးမားဆုံး အားကစားကွင်းကြီးဖြစ်ခဲ့တယ်။ အဲဒီအောင်ဆန်းအား ကစားကွင်းကနေ ကမ္ဘာ့အဆင့်မီ မြန်မာ့ဘောလုံး အားကစားသမားတွေကို မွေးဖွားပေးခဲ့တယ်။ အဲဒီခေတ်က ဗဟာဒူး၊ တင်အောင် တို့ဟာ အာရှလက်ရွေးစင်အထိ ဖြစ်ခဲ့တယ်။ အဲဒီခေတ်က မြန်မာ့ဘောလုံးအသင်းကို အခုလက်ရှိ ဂျပန်တို့၊ တောင်ကိုရီးယားတို့ဟာ မယှဉ်နိုင်ခဲ့ဘူး။ မြန်မာဘောလုံး အသင်းကို အတုယူရတယ်။ ၁၉၇၂ ခုနှစ်မှာလည်း ဂျာမနီနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့အဆင့်ပွဲမှာလည်း မြန်မာအသင်းဟာ အသန့်ရှင်းဆုံးဆုကို ရခဲ့တယ်။ အဲဒီ ဟာတွေရဲ့ မဟာအောင်မြေက အောင်ဆန်းကွင်းကြီး ဖြစ်တယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အောင်ဆန်းအားကစားကွင်းကို ပြုပြင်ထိန်းသိမ်းမှုတွေ လျော့နည်းလာတယ်။ ကွင်းရဲ့ပတ်ပတ်လည်မှာလည်း ဆိုင်ခန်းတွေ ဆောက်လာတယ်။ ဆိုင်ခန်းပေါင်း ၃၂၁ ခန်း ရှိတယ်။ ဆိုင်ခန်း ငှားခက တစ်လကိုတစ်သောင်းပဲရပြီး ဘတ်ဂျက်ထဲကို ဝင်တယ်။ အားကစားကွင်းရဲ့ အရှိန်အဝါက မှေးမှိန်သွားတယ်။ ဒါကြောင့် မေးခွန်းမေးမြန်းခဲ့တယ်။ သွားရောက် လေ့လာခဲ့တဲ့အခါ အားကစားကွင်းက အသစ်ပြန်လည် တည်ဆောက်ရမယ့် အခြေအနေဖြစ်နေတယ်။ ၇၀ ရာခိုင်နှုန်းလောက် ပျက်စီးနေပြီ။ ဒါကြောင့် ပြန်လည် ပြင်ဆင်ဖို့ လုပ်နေပါပြီ။

အားကစားနဲ့ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံမှာ အားကစားအဖွဲ့ချုပ်ပေါင်း ၄၀ လောက်ရှိတယ်။ အရင်က အားကစားအဖွဲ့ချုပ်တွေက ရယူလိုမှုတွေရှိခဲ့တာတွေ ရှိတယ်။ ဥက္ကဋ္ဌလုပ်ကွက်အတွက် အစိုးရနဲ့အပေးအယူ လုပ်တာတွေရှိခဲ့တယ်။ အခုလက်ရှိ အစိုးရလက်ထက် မှာတော့ အားကစားနည်းတွေကို တိုးတက်အောင် လုပ်ချင်တဲ့၊ တကယ်ဝါသနာပါတဲ့သူတွေက အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လာတဲ့ အတွက် အားကစားကဏ္ဍ အနည်းငယ်တော့ ဦးမော့လာပါတယ်။

ဒေါက်တာစန်းမောင်မောင်
အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ

(ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျွန်တော်တို့ ကော်မတီအနေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားဖို့၊ သက်တမ်းစေ့ အသက်ရှည်နေထိုင်ဖို့၊ ရောဂါဘယကင်းရှင်းစေဖို့အတွက် ဆောင်ရွက်နေပါတယ်။ ပြီးတော့ ပြည်သူလူထုရဲ့ တိုင်ကြားစာတွေ၊ အသနားခံစာတွေနဲ့ တင်ပြချက် တွေကို ကြားနာစိစစ်ပြီး ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။ ပြီးတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနဲ့ လူငယ်ထုအတွင်းမှာ စာရိတ္တဖွံ့ဖြိုးရေးကိစ္စတွေကို အလေးပေးဆောင်ရွက်နေပါတယ်။ အားကစား ကဏ္ဍနဲ့ ပတ်သက်ပြီး တိုင်းပြည်ကအားထားရတဲ့ လက်ရွေးစင်အားကစားသမားတွေ ပေါ်ထွန်းလာ အောင်၊ အားကစားကဏ္ဍ တိုးတက် အောင် ဖော်ဆောင်နေတာတွေလည်း ရှိပါတယ်။

ကျွန်တော်တို့ကော်မတီအနေနဲ့ လုပ်ဆောင်ရမယ့် တာဝန်တွေလည်း ရှိပါသေးတယ်။ ကျန်းမာရေးအဆင့် အတန်းမြှင့်ရာမှာ အသက်ကယ် ဆေးတွေ ကျယ်ကျယ် ပြန့်ပြန့်ရရှိအောင်၊ ဆေးကုသမှုကိရိယာတွေ တိုးမြှင့်ရရှိအောင်၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရရှိအောင်၊ ကျန်းမာရေးသုတေသနလုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင်နဲ့ ဥပဒေပြင်ဆင်၊ ပယ်ဖျက်၊ ပြဋ္ဌာန်းနိုင်ဖို့အတွက် ဆောင်ရွက်ရတာ တွေ ရှိပါတယ်။

အားကစားကဏ္ဍမှာဆိုရင် အခုလောလောဆယ်မှာ ခြင်းလုံးအဖွဲ့ချုပ်၊ ရေကူးအဖွဲ့ချုပ်၊ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် စတဲ့အဖွဲ့ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ရှိပါတယ်။ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါတယ်။ ဝန်ကြီးဌာနနဲ့လည်း ညှိနှိုင်း ဆောင်ရွက် ပေးပါတယ်။

အားကစားကဏ္ဍက အားနည်းနေသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ကော်မတီဝင်တွေက လွှတ်တော်ကို မေးမြန်းဆွေးနွေးတာတွေ ရှိပါတယ်။ ကျောင်းသားအားကစားပွဲတွေ ပြန်လည်ကျင်းပဖို့၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အားကစားပွဲတွေကျင်းပဖို့ မေးခွန်းတွေ မေးပါတယ်။ ဒါမှသာ ပြည်သူတွေအနေနဲ့ အားကစားစိတ်ဓာတ် တက်ကြွလာမှာ ဖြစ်ပါတယ်။

ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့လည်း (၁၃) ကြိမ် မြောက် လွှတ်တော်အစည်းအဝေးအတွင်းမှာ မန္တလေး တိုင်းဒေသကြီးနဲ့ ကယားပြည်နယ်ကို သွားဖို့စီစဉ်တာတော့ ရှိပါတယ်။ လွှတ်တော်ရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး။ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ဆောင်ရွက်မှု အားနည်းပေမယ့် ဆွေးနွေးမှု တွေကတစ်ဆင့် ကူညီဆောင်ရွက်ပေးနေတာ တွေရှိပါတယ်။ နှုတ်အားဖြင့် ကူညီတာမျိုးပါ။ လက်တွေ့ ကွင်းဆင်းပြီး ဆောင်ရွက်တာမျိုးတော့ မရှိသေးပါဘူး။

ကျွန်တော်တို့ကော်မတီအနေနဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒီလိုဥပဒေတွေပြဋ္ဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေတာတွေလည်း ရှိပါတယ်။

ကော်မတီအနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးအနက်ထား လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကူးစက်ခြင်း မရှိတဲ့ရောဂါတွေ ကင်ဆာ၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အဆုတ် ဒါတွေနဲ့ ပတ်သက်ပြီး အဖြစ်များလာတယ်။ ကျွန်တော်တို့ ကော်မတီအနေနဲ့ အဖြစ်များတဲ့ အဆုတ်ကင်ဆာနဲ့ ပတ်သက်ပြီး ဆွေးနွေးနေတာတွေလည်း ရှိပါတယ်။ အဆုတ်ကင်ဆာဖြစ်ရတာက ဆေးလိပ်နဲ့ဆေးရွက်ကြီး အသုံးပြုမှုများလို့ဆိုတာ အားလုံးသိကြပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ ၂၀၀၆ ခုနှစ်မှာ ဥပဒေလည်း ပြဋ္ဌာန်းပြီးသားပါ။ ဒါပေမယ့် ဥပဒေကြောင်းအရ အရေးယူမှု အားနည်းတာကို တိုက်တွန်းတာကိုလည်း လုပ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အချက်အလက်ကောက်ယူမှုအရ လည်း အဆုတ်ကင်ဆာဖြစ်ပွားမှုက အဖြစ်များတဲ့အတွက် သောက်သုံးမှုကို ထိန်းချုပ်ဖို့၊ အခွန်တိုးကောက်ဖို့ ဆွေးနွေးကြပါတယ်။ မဲဆန္ဒနယ်တွေမှာ ပြည်သူတွေနဲ့ တွေ့ဆုံတိုင်း အသိပညာပေးပါတယ်။ ဒီလိုသုံးစွဲကြတဲ့အတွက် ပြည်သူတွေ အတွက် ဆုံးရှုံးမှုက နှစ်ခုဖြစ်ပါတယ်။ ငွေကြေးအရ ဆုံးရှုံးသလို လုပ်အားလည်းဆုံးရှုံးပါတယ်။ ဒါကြောင့် သုံးစွဲမှုလျော့နည်းစေမယ့် လုပ်ငန်းတွေကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားပါမယ်။

အဓိကကတော့ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီကူးပြောင်းစနိုင်ငံတစ်ခုဖြစ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဒါပေမယ့် လိုအပ်ချက်တွေထဲက ရုန်းကန်ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက်ကတော့ သုံးနေကျ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့စကားလို ကာကွယ်ရေးအတွက် အသိပညာပေးရမှာပါ။ အားကစားနဲ့ပတ်သက် ပြီးတော့လည်း အားကစားသမား တွေကို မွေးထုတ်ပေးဖို့ လိုအပ်သလို သူတို့အတွက် ထိုက်တန်တဲ့ ထောက်ပံ့မှုလည်း ဆောင်ရွက်ပေးရမှာပါ။ ယဉ်ကျေးမှုနဲ့ပတ်သက် ပြီးတော့လည်း ယဉ်ကျေးမှုအရ ကျွန်တော်တို့နိုင်ငံမှာ တန်ဖိုးရှိတာတွေ အများကြီးရှိတဲ့အတွက် ဒါတွေကို ထိန်းသိမ်းရမှာပါ။ တစ်ဖက်က လည်း ဒီယဉ်ကျေးမှုတွေကို နိုင်ငံတကာကသိရှိပြီး ခရီးသွားတွေဝင်ရောက်ဖို့၊ ဝင်ငွေရဖို့ကိုလည်း ဆောင်ရွက်ရမှာပါ။ ဒါတွေအတွက် ကျွန်တော်တို့ ကော်မတီကလည်း တစ်ဖက်တစ်လမ်းကနေ တတ်အားသမျှ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း- ရှင်မင်း

ဓာတ်ပုံ- ကေကေ