Skip to main content

ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံဆွေးနွေးပွဲ ပုသိမ်မြို့တွင်ပြုလုပ်

ပုသိမ် ဖေဖော်ဝါရီ ၁၉

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ဆွီဒင်ကြက်ခြေနီအသင်း၏ ပံ့ပိုးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်း/ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအများနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲများ၏ အမှုဆောင်များအတွက် ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ကြက်ခြေနီ အသိပညာ ပြန့်ပွားရေး လုပ်ငန်းများကို ယခုထက်ပိုမို ကျယ်ပြန့်စွာ သိရှိစေရန်နှင့် ကြက်ခြေနီ လှုပ်ရှားမှုများကို လူအများသိရှိအောင် ဆောင်ရွက် ကြရန်လည်း အရေးကြီးကြောင်း၊ သို့မှသာ ကြက်ခြေနီက ဆောင်ရွက်နေသည့် လူမှုကရုဏာ လုပ်ငန်းများတွင် ပြည်သူများပူးပေါင်း ပါဝင်လာမည် ဖြစ်ကြောင်း၊ ပြည်သူတွေအနေနှင့် ကြက်ခြေနီ၏ အကူအညီရယူနိုင်ဖို့ ကြက်ခြေနီက ဆောင်ရွက်ပေးနေသည့် လုပ်ငန်းတွေကို သိရှိထားရန် အရေးကြီးကြောင်း၊ ယနေ့တက်ရောက်လာကြသည့် တိုင်းဒေသကြီး၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ အမှုဆောင် အဖွဲ့ဝင်များအနေဖြင့် ကြက်ခြေနီအသိပညာများကို တိုင်းဒေသကြီးအတွင်း ကျယ်ပြန့်စွာ ပြန့်ပွားအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိမြို့နယ် ကြက်ခြေနီအသင်းခွဲ ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းဝင်နှင့် တပ်ဖွဲ့ဝင်အင်အား တိုးပွားရေးတို့အတွက် လူထုအတွင်းမှ ပြည်သူများ ပါဝင်လာအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သိုမှသာ လူထုအတွင်း ကြက်ခြေနီ လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာပြီး ရပ်ရွာလူထုကိုယ်တိုင် သဘာဝဘေး အန္တရာယ်ထိခိုက်မှု အခြေအနေများကို လျှော့ချနိုင်မည့် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများ အနေနှင့်လည်း အသင်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ စွမ်းဆောင်ရည်မြင့်မားသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဖြစ်လာစေရန်အတွက် အားလုံးဝိုင်းဝန်း ကြိုးစား ကြရန် တိုက်တွန်းကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးမှ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ ဆွီဒင်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့ သင်တန်းသား၊ သင်တန်းသူ (၇၁) ဦးတက်ရောက်မှာဖြစ်ပြီး ဖေဖော်ဝါရီလ (၁၈)ရက်နေ့မှ (၂၀) ရက်နေ့ အထိ ကျင်းပ သွားမည် ဖြစ်ကြောင်းသိရသည်။

မောင်မောင်မြင့်