Skip to main content
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) သို့ တက်ရောက်မိန့်ခွန်းပြောကြား

နေပြည်တော် စက်တင်ဘာ - ၉

သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) ကို ယနေ့နံနက်ပိုင်းတွင် Video Conference စနစ်ဖြင့်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားသည်။

အစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးချုပ်များ၊ မဟာမဲခေါင် ဒေသခွဲနိုင်ငံများမှ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌနှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ သတ္တမအကြိမ်မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (7th GMS)  ဖွင့်ပွဲအဖြစ် မဟာမဲခေါင်ဒေသခွဲ နိုင်ငံများ၏ အောင်မြင်မှုများ ဗွီဒီယိုကိုပြသသည်။ ယင်းနောက် အိမ်ရှင်နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆန်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မဟာမဲခေါင်ဒေသခွဲနိုင်ငံများမှ နိုင်ငံ့အကြီးအကဲများနှင့် အာရှဖွံ့ဖြိုးရေး ဘဏ်ဥက္ကဋ္ဌတို့က မိန့်ခွန်းအသီးသီးပြောကြားကြသည်။

ဆက်လက်၍ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။