နေပြည်တော် ဖေဖော်ဝါရီ ၁၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP Phase-2 အတွက် လိုအပ်သော ကွန်ကရစ်တိုင်ဝယ်ယူနိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ များနှင့် စာချုပ်များ လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယနေ့ကျင်းပသည့် အခမ်းအနားသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်သည့် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း NEP Phase-2 ပါ ကျေးရွာ(၄,၇၀၀)အတွက် ကွန်ကရစ်တိုင်ဝယ် ယူရေး တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ(၆)ခုနှင့် စာချုပ်လက်မှတ်ရေး ထိုးခြင်းဖြစ်ပါ ကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မိမိတို့၏ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှု လုပ်ငန်းများတွင် လျှပ်စစ်ဓာတ် အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အား ပေးစက်ရုံများ၊ ဓာတ်အား လိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အားဖြန့်ဖြူး နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း အထိ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ရာ ဆက်လက်၍လည်း ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်း အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။
“၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသ များအားလုံး လျှပ်စစ်ဓာတ် အား အပြည့်အဝရရှိစေရန်” ရည်ရွယ်၍ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်းကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း၃၁၀ ရယူ၍ Phase-1 အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဓာတ်အားရရှိရန် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ NEP Phase-1 စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ကုန်တွင် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ စုခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိ နိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ လျှပ်စစ် ဓာတ်အားရရှိရေး အတွက် ဟန်ချက်ညီညီ စီမံဆောင်ရွက် လျက်ရှိရာ ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တန်းမြို့နယ် တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကမာကလုတ်/ ကရင်ချောင်ဓာတ်အားခွဲရုံကို အိမ်ထောင်စု(၁,၆၉၀)စု ဓာတ်အားရရှိရေးအတွက် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ခတ္ထိယဓာတ်အားခွဲရုံကို အိမ်ထောင်စု (၃,၄၃၅) စု ဓာတ်အားရရှိရေး အတွက် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၃၀ ကေဗွီ နဘား-ရွှေဘို-အုန်းတော ဓာတ်အားလိုင်း (၁၇၈ ဒသမ ၅) မိုင်နှင့် ၂၃၀/၁၃၂/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ၊ ၂၃၀/၃၃/၁၁ ကေဗွီ (၂x၅၀)အမ်ဗွီအေ ရွှေဘိုဓာတ်အားခွဲရုံကို မြို့နယ်(၃)ခုနှင့် မြို့(၈)မြို့အား ဓာတ်အားလိုင်း တည်ငြိမ်စွာ ဖြန့်ဖြူး ပေးနိုင်ရေးအတွက် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အတွင်း ကျေးရွာပေါင်း (၆၀) အိမ်ထောင်စု (၁၂၄၀၄)စု အတွက် လျှပ်စစ်မီးလင်းရေးအခမ်း အနားတို့ကို အသီးသီး ဖွင့်လှစ်ပေးခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း ကရင်ပြည်နယ် တွင် ဖွင့်လှစ်မည့် ၆၆ ကေဗွီ ကော့ကရိတ်-ကြာအင်းဆိပ်ကြီး ဓာတ်အားလိုင်း (၄၁ ဒသမ ၄၈) မိုင်နှင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီးခွဲရုံကို အိမ်ထောင်စု (၄,၈၅၄) စု ဓာတ်အားရရှိရေးအတွက် ဖွင့်လှစ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။
ယခုတင်ဒါသည် NEP Phase-2 အတွက် လိုအပ်သော ပစ္စည်းဝယ်ယူရေးတင်ဒါများ အနက် တတိယအကြိမ်မြောက် ဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ မွန်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ် နှင့် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)အတွင်းရှိ NEP Phase-2 ဖြင့် တည်ဆောက်မည့် ကျေးရွာများ ဓာတ်အားရရှိနိုင်ရေးအတွက် ကွန်ကရစ်တိုင်များ ဝယ်ယူမည့်စာချုပ်များဖြစ်ပါ ကြောင်း၊ NEP Phase-1 အဆင့် ၂ မိုင်အတွင်း ကျေးရွာများနှင့် NEP Phase-2 အဆင့် ၅ မိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာပေါင်း ၉,၇၈၀ ရွာရှိ အိမ်ထောင်စု ပေါင်း ၁,၁၆၆,၄၃၁ စုခန့် လျှပ်စစ်ဓာတ်အားရရှိလာမည်ဖြစ်ပြီး အဆိုပါချေးငွေကြောင့် စုစုပေါင်း Electrification Rate ၁၀ ဒသမ ၇၂ ရာခိုင်နှုန်းခန့် တိုးတက်လာမည်ဖြစ်ပါကြောင်း၊ NEP Phase-2 ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ၎င်းအပြင် NEP II Project ဖြင့် ကျေးရွာပေါင်း (၉၀၀၀)ရွာကို လျှပ်စစ် ဓာတ်အား ထပ်မံရရှိနိုင် ရေးအတွက်ကိုလည်း ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆက်လက်ဆောင် ရွက်နိုင်ရေး စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ NEP II Project အတွက် ပထမအဆင့် အနေဖြင့် ကမ္ဘာ့ဘဏ်မှ ကနဉီး ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ဖြင့် လျှပ်စစ်မီးတိုးချဲ့ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက် နိုင်ရန် Feasibility Study Report အား စတင်ဆောင်ရွက်နိုင်ရန်လည်း စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု တင်ဒါအောင်မြင် သည့် ကုမ္ပဏီများအနေဖြင့် ကွန်ကရစ်တိုင်များအား စာချုပ်ပါ သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အရည်အသွေးကောင်းမွန် ပြည့်မီစွာ ထုတ်လုပ်ပေးကြရန်လည်း လိုအပ်ပါ ကြောင်း၊ ထို့အပြင် ကုမ္ပဏီများအနေဖြင့် ကွန်ကရစ်တိုင် များအား ပေးပို့ရမည့် Delivery Point များသို့လည်း အချိန်မီပေးပို့နိုင်ရေးအတွက် ထုတ်လုပ်ရေး လုပ်ငန်းများကို ဆောလျင်စွာ စတင်ဆောင်ရွက်ကြရန်လိုအပ်ပြီး ကျေးရွာ များ လျှပ်စစ် ဓာတ်အားရရှိရေးအတွက် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေးကောင်းမွန်စေရေးတို့ကို အလေးထား ဆောင်ရွက် ပေးကြရန် တိုက်တွန်းလို ပါကြောင်း ပြောကြားသည်။
ထို့နောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင် က NEP စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုး သွင်နှင့် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ(၆)ခုမှ တာဝန်ရှိသူတို့ကလည်းကောင်း၊ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် ဦးတင်အောင် နှင့် တင်ဒါ အောင်မြင်ခဲ့သော ကုမ္ပဏီ (၂) ခုမှ တာဝန်ရှိသူတို့ကလည်းကောင်း စာချုပ်များ အသီးသီး လက်မှတ် ရေး ထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)