ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတို့က တိုက်ရိုက်အချိုးကျသည်။ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်သည်နှင့်အမျှ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုတို့ရှိမည် ဆိုသော်လည်း နည်းနိုင်သမျှနည်းအောင် တတ်နိုင်သမျှ ဆောင်ရွက်ကြရသည်။ သဘာဝပတ်ဝန်းကျင်ဟုဆိုရာတွင် သစ်ပင်သစ်တောများ၊ တောင် ကုန်းတောင်တန်းများ၊ မြစ်ချောင်းအင်းအိုင်ရေတံခွန်၊ ရေအရင်းအမြစ် များ၊ သားငှက်တိရစ္ဆာန်များနှင့်တကွ ဒေသတစ်ခု၏ သဘာဝသွင်ပြင် လက္ခဏာများ အားလုံးပါဝင်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၅ တွင် “နိုင်ငံတော်သည် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည်” ဟု ပြဋ္ဌာန်းထားပြီး ပုဒ်မ၃၉၀(ခ)တွင်လည်း နိုင်ငံသားတိုင်းက နိုင်ငံတော်အား ကူညီရန် တာဝန်ရှိသည့် ကိစ္စရပ်များအနက် “သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း” ဟူသောကိစ္စရပ်ကို ထည့်သွင်းပြဋ္ဌာန်းထားသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် နိုင်ငံတော်သည် ခိုင်မာသော သန္နိဋ္ဌာန်ကို ချမှတ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းပြဋ္ဌာန်းထားသည့်တိုင် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝ ကို ဆန်းစစ်ချက်အရ မြန်မာနိုင်ငံသည် နိုင်ငံတော်အဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို ကောင်းမွန်စွာ လိုက်နာကျင့်သုံးနိုင်မှုတွင် အဆင့် ၁၃၈ ၌သာ ရှိနေရာ မိမိတို့အားလုံး များစွာကြိုးပမ်းကြရဦးမည်ပင် ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက်၊ ရွှေနှင့် ဓာတ်သတ္တု တူးဖော်မှု၊ သစ်ထုတ်ယူမှု၊ မြို့ရွာများတိုးချဲ့ လာမှု၊ လမ်းတံတားများနှင့် အဆောက်အအုံများ ဆောက်လုပ်မှု စသည်တို့ကြောင့် သဘ ပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးမှု များစွာဖြစ်ပေါ်လျက်ရှိရာတွင် ပြန်လည်ကုစားနိုင်မှုမှာ ဆုံးရှုံးမှုပမာဏနှင့် နှိုင်းယှဉ်ပါက မရှိသလောက် နည်းပါးလှသည်။ သစ်တောများ ပြုန်းတီးသွားခြင်း၊ ရေအရင်းအမြစ်များ ခန်းခြောက်သွားခြင်း၊ မြစ်ချောင်းများ ပို့ချမှုများပြီး အချို့ပျောက်ကွယ်သွားခြင်းနှင့် ရလဒ်အဖြစ် ရာသီဥတု ဖြစ်စဉ်များ ပြောင်းလဲခြင်း၊ ပို၍ပြင်းထန်လာခြင်း၊ အပူရှိန်မြင့်တက် လာခြင်းတို့နှင့် ရင်ဆိုင်လာရသည်။ ရေဝေရေလဲဒေသ သစ်တောများ ပြုန်းတီးခြင်းနှင့် ရေထွက်များ ခန်းခြောက်ခြင်းတို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသည်တို့အကြားတွင် ကျော်ကြားသည့် အင်းလေးကန်၊ ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် စသည်တို့တွင် ရေလျော့နည်းခန်းခြောက်မှုတို့ ဖြစ်ပေါ်ခဲ့သည့် သတင်းများကို စိတ်မချမ်းမြေ့ဖွယ် တွေ့မြင်ခဲ့ရသည်။ ယင်းမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို လက်တွေ့ကျကျ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း အချက်ပြမှုများ ထွက်ပေါ်လာနေခြင်းဟု ဆိုရမည်ဖြစ်သည်။
မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် အမျိုးသားစီးပွားဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆက်လက် ဆောင်ရွက်နေရဦးမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို လျစ်လျူရှုထားခဲ့၍မရဘဲ အသေးစိတ် ထည့်သွင်းစဉ်းစားပြီး ထိခိုက်ဆုံးရှုံးမှုမှ ရှောင်ရှားနိုင်သမျှ ရှောင်ရှားသွားကြရမှာလည်း ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်မပျက် ဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းများကို ကျင့်သုံးနိုင်ခြင်းဖြင့် သားရွှေအိုး ထမ်းသည့်ပုံပမာ အကျိုးနှစ်ရပ် ပြည့်စုံမည်ဖြစ်ပါကြောင်း။ ။