လွိုင်ကော် ဖေဖော်ဝါရီ ၂၀
မြန်မာတစ်နိုင်ငံလုံးရှိ မြို့ပေါင်း(၄၁)မြို့မှ စကာတင် ရွေးချယ်ထားသည့် Miss Universe အလှမယ် (၄၁) ဦးတို့က ကယားပြည်နယ် ခရီးစဉ်အတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အထင်ကရနေရာများသို့ သွားရောက် လေ့လာလည်ပတ်ခြင်း၊ ဒေသခံ တိုင်းရင်းသားများနှင့် ပျော်ရွှင်စွာတွေ့ဆုံခြင်း၊ ပြိုင်ပွဲဝင်များ၏ Talent Show တင်ဆက်ခြင်း စသည်တို့ကို ပြုလုပ်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့အား Miss Universe Myanmar မှ တာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ လာရောက် တွေ့ဆုံ ရှင်းလင်း တင်ပြခြင်းများပြုလုပ်ခဲ့သည်။
ရှေးဦးစွာ Miss Universe Myanmar မှ National Director ဒေါ်စိုးယုဝေမှ Miss ရွေးချယ်ဆောင်ရွက်မှုများ၊ မြန်မာတစ်နိုင်ငံလုံး ရွေးချယ်ပွဲ ဆောင်ရွက်ခဲ့မှုများနှင့် စကာတင်အဆင့် ရွေးချယ်မှုများ၊ ပြိုင်ပွဲကျင်းပမည့် အခြေအနေများ၊ ဆောင်ရွက်ပြီးခဲ့သည့် အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ ကယားပြည်နယ် အနေနှင့် ကမ္ဘာကသိအောင် ပြသလိုသည့် ယဉ်ကျေးမှု အမွေအနှစ်များကို ပြသခွင့် ရနိုင်ခြင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သွားရောက်ခဲ့သည့် ပြိုင်ပွဲဝင်အလှမယ်များ၏ လှုပ်ရှားမှုများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် တင်ပြချက်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနတာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ ကယားပြည်နယ်သို့ လာရောက်မှုအား (၄) ညအိပ် (၅) ရက် ခရီးစဉ် ဖြင့် မေလ(၁၆) ရက်နေ့မှ (၂၀)ရက်နေ့အထိ လာရောက် ဆောင်ရွက်စေလိုပြီး ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်း လာရောက်စဉ် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပြည်နယ်၏ အဓိကဖော်ဆောင်နေသည့် BP (13) နယ်စပ်ကုန်သွယ်ရေး စခန်း ဖော်ဆောင်နေမှု အခြေအနေများ၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးကဏ္ဍတွင် ကယားပြည်နယ်အနေနှင့် ကြိုးပမ်းဖော်ဆောင်နေသည့် အခြေအနေများ၊ ကယားပြည်နယ်၏ ရိုးရာယဉ်ကျေးမှု များကို ပုံဖော်ဆောင်ရွက်လိုသည့် အခြေအနေ၊ လွိုင်ကော်မြို့ အနေနှင့် အရှေ့တောင်အာရှ အသန့်ရှင်းဆုံးဆု ရရှိခဲ့မှုအား ပုံဖော်ဆောင်ရွက် ပေးစေလိုသည့် အခြေအနေများ၊ ပြည်နယ် အတွင်းရှိ လူငယ်ကဏ္ဍနှင့် စပ်လျဉ်း၍ ဆောင်ရွက် ပေးစေလိုသည့် အခြေအနေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု ဆောင်ရွက်လိုသည့် အခြေအနေများ၊ ကယားပြည်နယ် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု ဖော်ဆောင်နေသည့် အခြေအနေများ စသည့် ကဏ္ဍစုံဖော်ဆောင်နိုင်ရေး အကြံပြုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ရှင်းလင်း တင်ပြခြင်းသို့ ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းလေး