ရန်ကုန် ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူ့ (United States Institute of Peace, USIP) တို့ ပူးပေါင်းကျင်းပသော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီနည်းကျ စီမံထိန်းကျောင်းခြင်း ဆွေးနွေးဖလှယ်ပွဲအား ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ Park Royal Hotel ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့် က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပြည်သူများအားလုံး လွတ်လပ်စွာ ပူးပေါင်းပါဝင်မှုဖြင့် ဖြတ်သန်းနိုင်ပြီး ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်ပဋိပက္ခများ၊ ခြိမ်းခြောက်မှုများ ကင်းဝေးလျက် အေးချမ်းလုံခြုံ ဘေးကင်းသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ USIP နှင့် ဆွေးနွေးပွဲများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ခွင့်ပြုချက်အရ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့ဆွေးနွေးပွဲအား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် လုံခြုံရေးဆိုင်ရာ ဆက်စပ်ပတ်သက်မှုရှိသော ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများဖြင့် ညှိနှိုင်းဆွေးနွေးပြီး၊ ယခင် ရွေးကောက်ပွဲများတွင် ကြုံတွေ့ခဲ့ရသော လုံခြုံရေးဆိုင်ရာ အခက်အခဲ စိန်ခေါ်မှုများကို သုံးသပ် ဆွေးနွေး ပေးကြပါရန် မျှော်လင့်ပြီး အားနည်းချက်များ၊ စိန်ခေါ်မှုများအား ကိုယ်တွယ်ထိန်းကျောင်းရာတွင် လစ်ဟာခဲ့သော အချက်များ ဖော်ထုတ်ဆွေးနွေးကြပြီး သတိပြုသင့်သည်များ၊ ပြင်ဆင်သင့်သည်များကို အကြံပြု ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား စံ ၅ ချက်နှင့်အညီ ကျင်းပဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း အချိန်ပေး၍ တက်ရောက် ဆွေးနွေး ပေးကြသည့်အတွက်လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း များနှင့် USIP မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးသည်။
(သတင်းစဉ်)