Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများအား တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြား သည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးစောထွန်းအောင်မြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။

ရှင်းလင်းတင်ပြ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား  ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း နှင့် အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ဒေသဖွံဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍများနှင့် ဒေသဆိုင်ရာအထွေထွေ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးအာကာလင်းတို့က ဒေသဆိုင်ရာအချက် အလက်များနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများအား ရှင်းလင်းတင်ပြကြပြီး တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူးက ဒေသဖြိုးတိုးတက်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထိန်းသိမ်းဆောင်ရွက်ကြရန်လို

ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်မှာကြားရာတွင် ရှမ်းပြည်နယ်သည် ဆန်ဖူလုံမှုရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ပိုလျှံသည့် ဆန်များအား ပြည်ပသို့တင်ပို့နိုင်‌သည်အထိ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန် လိုကြောင်း၊ သီးနှံများအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်နိုင်ရန်အတွက် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့်  သဘာဝမြေဩဇာများ ထည့်သွင်းအသုံးပြုနိုင်ရေး အတွက်လည်း ခေတ်မီ နည်းပညာများဖြင့် အသုံးပြုဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြ ရန်လိုကြောင်း၊ တောင်ကြီးမြို့ ရေလုံလောက်စွာရရှိရေးကို အထောက်အကူဖြစ်စေမည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များစိုက်ပျိုးရန် လိုအပ်မှုနှင့် သစ်တောများ ပြုန်းတီးမှုမရှိစေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်ကြရန်ကြောင်း၊ မြို့ပြစီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအတွက် အဓိကလိုအပ်သည့် သောက်သုံးရေလုံလောက်စွာ ရရှိနိုင်မှု၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍများကို အဓိကထားစဉ်းစား ဆောင်ရွက်ကြရန် လိုကြောင်း၊ ရှမ်းပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်ပြီး သဘာဝမှ ပေးအပ်ထားသည့် အဖိုးတန်အရင်းအမြစ် တစ်ခုဖြစ်သည့် အင်းလေးကန်၏ ရေသယံဇာတများ တိမ်ကောမှု မရှိစေရေးအတွက်လည်း ရေဝေရေလဲ ဒေသများအား ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် Bio Gas အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက်လည်း နည်းလမ်း ရှာဖွေဆောင်ရွက်ရန် လိုကြောင်းဖြင့် ဖြည့်စွက်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊  ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးစောထွန်းအောင်မြင့်၊ တို့က  စိုက်ပျိုးရေးနှင့် မွေးမြူရေး ဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်သစ်တောများအား ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ ပြည်သူ များ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နိုင်ရန် အတွက်  သင်တန်းများဖွင့်လှစ် ပေးမှုအခြေအနေများ၊ မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှုနှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းများအတွက် ထောက်ပံ့ဆောင်ရွက် ပေးနေမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးနေမှု အခြေအနေများ၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် အားကစားကွင်းများနှင့် အားကစားရုံများ အဆင့်မြှင့်တင်ရေး ဆောင်ရွက် ပေးနေမှုနှင့်  ရပ်ကွက်ကျေးရွာများအလိုက် အားကစားသမားများအတွက် အားကစား ပစ္စည်းများ ထောက်ပံ့ပေးမည့်အခြေအနေများ၊ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှု ကဏ္ဍဖွံ့ဖြိုးရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။

မြေသယံဇာတများစွာရှိ

 ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ရှမ်းပြည်နယ်သည် ဧရိယာစတုရန်းမိုင်ပေါင်း ၆ သောင်းကျော်၊ လူဦးရေ ၅ ဒသမ ၅ သန်းရှိသဖြင့် မိမိတို့နိုင်ငံတွင် ဧရိယာအကျယ် ဆုံးဖြစ်ပြီး သင့်တင့်သည့် ရာသီဥတု ရှိကြောင်း၊ မြေဆီဩဇာကောင်းသည့် မြေသယံဇာတများစွာရှိသည့် ရေခံမြေခံကောင်းသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသကိုချစ်သည့် စိတ်ဖြင့်အားလုံးဆောင်ရွက်ကြမည်ဆိုပါက ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်မည်ဖြစ်ကြောင်း၊ ဒေသအတွင်းနေထိုင်သူ အများစုသည် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြသူများဖြစ်ကြောင်း၊ စပါး၊ ပြောင်း၊ နှမ်း၊ အာလူးနှင့် သီးနှံမျိုးစုံ စိုက်ပျိုးကြကြောင်း၊ ဆန်အထွက်နှုန်းများ ယခုထက်ပိုမို ကောင်း မွန်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်နယ်၏ ဝင်ငွေများ ယခုထက်ပိုမို ကောင်းမွန်လာမည် ဖြစ်ကြောင်း။

အကျိုးဖြစ်ထွန်းစေမည်

လူများအတွက် စားရေးဖူလုံရန်အရေးကြီးသဖြင့် စားရေးဖူလုံရေးအတွက် တိုက်တွန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စပါးအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့လူမျိုးသည် ဆန်ဗဟိုပြု စားသုံးကြပြီး လူတစ်ဦး၏တစ်နှစ်စာစပါး လိုအပ်ချက် သည် ပျှမ်းမျှအားဖြင့် ၁၅ တင်းခန့် ဖြစ်သဖြင့် ဆန်စားသုံးမှုများကြောင်း၊ ဆန်စားသုံးခြင်းဖြင့် ပရိုတင်းကယ်လိုရီများ ရရှိစေကြောင်း၊ အခြားအာဟာရဖြစ်စေသည့် သီးနှံများနှင့် အသားငါးများကိုမျှတစွာ စားသုံးခြင်း ဖြင့် ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ ရှမ်းပြည်နယ် သည် စိုက်ပျိုးရေးသာမက မွေးမြူရေးပါ ကောင်းမွန်သည့်ဒေသဖြစ်ကြောင်း၊ အေးသာယာရှိမွေးမြူရေးဇုန်တွင် မွေးမြူရေးလုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်လျက် ရှိပြီး အောင်မြင်သည့် လုပ်ငန်းများဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နို့စားနွား၊ ကြက်၊ ဝက်များအား ခေတ်မီနည်းပညာများအသုံးပြု၍ ယခုထက်ပိုမို မွေးမြူကြစေလိုကြောင်း၊ အေးသာယာမွေးမြူရေးဇုံတွင်သာမက အခြားမြို့နယ် များတွင်လည်း မွေးမြူရေး လုပ်ငန်းများ အား စနစ်တကျဖြင့် ဆောင်ရွက်ကြစေလိုကြောင်း။

ရှမ်းပြည်နယ်တွင် စပါး၊ ပြောင်း၊ အားလူး၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုပ်များ ကို စိုက်ပျိုးကြကြောင်း၊ အဆိုပါဆီထွက်သီးနှံများတွင်ပါဝင်သည့် စပါး၊ ပြောင်း၊ ပဲပုပ်၊ နေကြာ၊ ပန်းနှမ်း၊ မြေပဲ၊ နှမ်း တို့မှထွက်ရှိသည့် စကွဲ၊ ဖွဲ၊ ပဲဖတ်နှမ်းဖတ်များသည် တိရစ္ဆာန် မွေးမြူရေးအတွက် အစားအစာများရရှိသဖြင့် ပြည်နယ်တွင်း တိရစ္ဆာန်အစားအစာ များလုံလောက်စွာ ထုတ်လုပ်နိုင်သောကြောင့် မွေးမြူရေးလုပ်ငန်းများအတွက် အကျိုးရှိအောင် ဆောင်ရွက်နိုင် ကြောင်း။

ဝင်ငွေများကောင်းမွန်ရမည်

မိမိတို့အနေဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံသာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးကို အဓိက ထားဆောင်ရွက်နေ ကြောင်း၊ နိုင်ငံသာယာဝပြောရန်အတွက် အားလုံးတည်တည်ငြိမ်ငြိမ်ဖြင့် ပြည်သူများအားလုံး ပျော်ရွှင်စွာ အလုပ်လုပ်ကိုင် ဆောင်ရွက်နိုင် သည့် အနေအထားတွင် ရှိရမည်ဖြစ်ပြီး ပြည်သူများ၏ ဝင်ငွေများ ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေး အရတည်ငြိမ်မှု၊ လုံခြုံရေးအရ တည်ငြိမ်မှုများသည် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံ သာယာဝပြောလာမည်ဖြစ်ပြီး အားကစားများ၊ ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ်နိုင်မည် ဖြစ်ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိစေရေးအတွက် မြို့ပြနှင့်ကျေးလက်နေပြည်သူများသာမက တာဝန်ရှိသည့် အုပ်ချုပ်သူ အဆင့်ဆင့်မှလည်း ဦးဆောင်ခြင်း၊ အားပေးခြင်းနှင့် ကူညီပေးခြင်းများ ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ လုပ်ငန်းများ အောင်မြင်စေရေးအတွက် သုသေသန ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိလုပ်ဆောင်နေသည့် မိရိုးဖလာအခြေအနေအပေါ်တွင် ရောင့်ရဲတင်းတိမ်မနေဘဲ တိုးတက်အောင် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးတောင်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း။

ပညာသင်ကြားခြင်းဖြင့် လူသားအရင်းအမြစ်များစွာ ပေါ်ထွက်လာမည်ဖြစ်

လျှပ်စစ်ဓာတ်အား ထုတ်ယူခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်လုပ်နိုင်သည့် သံလွင်မြစ်နှင့်အခြား အရင်းအမြစ်များစွာရှိကြောင်း၊ အလားတူ ကျောက်မီးသွေးများ ထွက်ရှိသဖြင့် ကျောက်မီးသွေး အသုံးပြု၍ ခေတ်မီနည်းပညာများဖြင့် စနစ်တကျထုတ်လုပ်နိုင်ပါက ပတ်ဝန်းကျင်ထိခိုက်မှုကို နည်းပါးစေပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ရကြောင်း၊ တောင်ပေါ်ဒေသ ဖြစ်သည့်အတွက်လည်း လေအားလျှပ်စစ်ဓာတ်အားများ ထုတ်ယူ၍ရကြောင်း၊ ထို့ကြောင့်လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးသား အရင်းအမြစ်များကို အသုံးချနိုင်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိခြင်းဖြင့် ဖွံ့ဖြိုတိုးတက်မှုများအားများစွာ အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း။

ရှမ်းပြည်နယ်အတွင်း ပညာသင်ကြားနိုင်သည့် တက္ကသိုလ်ဇုံ ၄ ဇုံရှိကြောင်း၊ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ကြားခြင်းဖြင့် လူသားအရင်းအမြစ်များ များစွာပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင် စီးပွားရေးနှင့် ဥပဒေဆိုင်ရာ ပညာရပ်များ သင်ကြားနိုင်ရေး အတွက်လည်း စီမံဆောင်ရွက်ပေးထားကြောင်း၊ အဆိုပါ ပညာရပ်များသည် နိုင်ငံဖွံ့ဖြို တိုးတက်ရေးအတွက် များစွာ အထောက်အကူ ပြုနိုင်ကြောင်း၊ တက္ကသိုလ်ပညာသင်ကြားရေး အတွက်အားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ ရှမ်းပြည်နယ်အတွင်း ၂၀၀၉ ခုနှစ်တွင် သူငယ်တန်း တက်ရောက်သူ ၁၁၂၁၄၅ ဦးရှိကြောင်း၊ အဆိုပါတက်ရောက်သူများမှ ပထမတန်း တက်ရောက်သူ ၁၀၁၄၂၈ ဦးသာရှိတော့သဖြင့် ၈၄ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း၊ ပဉ္စမတန်း တက်ရောက်ချိန်တွင် ၆၄၀၀၀ သာရှိတော့သည်ကိုတွေ့ရှိရသဖြင့် ၅၂ ရာခိုင်နှုန်းသာ ပညာသင်ကြားတော့သည် ကိုတွေ့ရှိရကြောင်း၊ အဆိုပါပညာသင် ကြားသူများ နဝမတန်းရောက်ရှိချိန်တွင် ၄၁၀၀၀ သာရှိပြီး ၃၄ ရာခိုင်နှုန်း၊ ဒသမတန်း တက်ရောက်သူ ၃၇၀၀၀ ရှိပြီး ၃၀ ရာခိုင်နှုန်းရှိပြီး ဒသမတန်းအောင် မြင်သူ ၉၆၀၀ သာအောင်မြင်သဖြင့် ၇ ဒသမ ၉၃ ရာခိုင်နှုန်းသာရှိသဖြင့် ပညာရေး အားနည်းမှုရှိသည်ကို တွေ့ရှိရသဖြင့် ပညာရေးအားပေးရန်လိုအပ်ကြောင်း၊ ပညာရေး အားနည်းချက်များ ရှိသဖြင့် စိုက်ပျိုးမွေးမြူရေး နှင့်ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများတွင် ဆောင်ရွက်မည့် အသိပညာရှင်များ ပြည့်စုံစွာလိုအပ်မှု အတွက် အခက်အခဲ ရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊

ပညာရေးတွင် အခြေခံပညာနှင့် အဆင့်မြင်ပညာဟူ၍နှစ်မျိုးရှိကြောင်း၊ တက္ကသိုလ်များသည် တက်ရောက်သူများသည် မိမိကိုယ်တိုင် လေ့လာခြင်း၊ မိမိကိုယ်မိမိ ထိန်းသိမ်းခြင်းဖြင့် တက္ကသိုလ်ကျောင်းသားဘဝအား ဖြတ်သန်းကြရခြင်း ဖြစ်ကြောင်း၊ ပညာသင်ကြားသည့် အဆင့်အလိုက် ကျောင်းသားများ၏ အတွေ့အကြုံများမှာ ကွဲပြားသွားကြကြောင်း၊ ရှမ်းပြည်နယ်အတွင်း လူသားအရင်း အမြစ်များမွေးထုတ်နိုင်ရေးအတွက် ပညာရည်မြှင့်တင်ရေး အတွက် အားပေး ဆောင်ရွက် ကြစေလိုကြောင်း။

မဲစာရင်းမှားယွင်းမှုနှင့်ပက်သက်၍ဖြေရှင်းခဲ့မှုမရှိ

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံသည် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် တိုင်းရင်းသားများ စုပေါင်းနေထိုင် သည့် ပြည်ထောင်စုနိုင်ငံ ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို သိရှိရန်လိုကြောင်း၊ ဒီမိုကရေစီစနစ် ဆိုသည် မှာ အများစု၏သဘောဆန္ဒဖြင့် ဥပဒေနှင့်အညီ အုပ်ချုပ်ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဆိုပါက အားလုံးလိုက်နာကြရမည်ဖြစ် သော်လည်း “လူညီလျှင်ဤကိုကျွဲဖတ်သည်” ဆိုသည့်လုပ်ရပ်မျိုး ဆောင်ရွက်၍မရ ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ အားလုံးကို လုပ်ပိုင်ခွင့်မျှမျှတတဖြင့် ခွဲဝေကျင့်သုံး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသဖြင့် အမှားခံ၍မရကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ များစွာမှားယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီကာလများတွင် မိမိအနေဖြင့် ရွေးကောက်ပွဲတွင် လွတ်လပ် မှုနှင့်မျှတမှုရှိစေရေး အတွက် အသိပေးမှုများ မကြာခဏပြုလုပ်ခဲ့ကြောင်း၊ NLD ပါတီအနေဖြင့်မဲဆွယ် စည်းရုံးမှုများ ဆောင်ရွက်ချိန်တွင်လည်း ကိုဗစ်-၁၉ ရောဂါအား အကြောင်းပြု၍ မဲဆွယ်မှုများအား မျှတမှုမရှိအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ကြိုတင်မဲပေးချိန်တွင်လည်း လုပ်ထုံးလုပ်နည်း များကို ကျော်လွန်ဆောင်ရွက်ခဲ့ ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ မဲစာရင်းမှားယွင်းမှုနှင့် ပတ်သက်၍ ဖြေရှင်းရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း ဖြေရှင်းခဲ့မှုမရှိသဖြင့် ယခုအခြေအနေမျိုးသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ပြည်သူများလိုလားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေကြောင်း၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ၍ အတည်ပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဖျက်သိမ်း၍မရကြောင်း၊ ခေတ်ကာလနှင့်ညီ ညွတ်မှုမရှိသော အကြောင်းအရာများအား ပြင်ဆင် ရန်အတွက် မိမိတို့အနေဖြင့်လက်ခံကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီအရ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား မှန်မှန်ကန်ကန်ဖြင့် ပြန်လည်ကျင်းပနိုင်ရေး စနစ်တကျဖြစ်အောင် စီမံဆောင်ရွက်ကြရန် လိုကြောင်း၊

အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းကြရမည်ဖြစ်

တိုင်းရင်းသားများနှင့် ပတ်သက်၍ စာပေ၊ ယဉ်ကျေးမှုများရှိသဖြင့် မိမိတို့အနေဖြင့် အားပေးကြောင်း၊ သို့သော် ပြည်ထောင်စုစာပေဖြစ်သည့် မြန်မာစာနှင့် မြန်မာစကားကို အသုံးပြုရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း နိုင်ငံအသီးသီး သည် အများအားဖြင့် သတ်မှတ်ထားသည့် ရုံးသုံးစာနှင့် ရုံးသုံးစကား တစ်မျိုးတည်းကိုသာ အသုံးပြုကြကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ တိုးတက်စေရေး အတွက်လည်း တိုင်းရင်းသား စာပေသင်ကြားရေးနှင့် ပတ်သက် သည့် ဆရာ၊ ဆရာမများ၏ လစာများ တိုးမြှင့်ပေးခဲ့ကြောင်း၊ မိမိတို့၏ အမျိုးသား ရေး စရိုက်လက္ခဏာများကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းကြရန်လိုကြောင်း၊ ထို့အတူမိမိတို့တိုင်းရင်းသားများ၏ အမျိုးသားရေး စရိုက်လက္ခဏာများကို မိမိတို့ တိုင်းရင်းသား များကပင် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ကျန်းမာရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင် ဖြစ်ပွားမှုနှုန်းများနေသေး ကြောင်း၊ နယ်စပ်ဒေသများမှ တစ်ဆင့်ပြန်လည် ဝင်ရောက်လာသူများမှတစ်ဆင့် ကူးစက်မှုများဖြစ်ပေါ် လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် စစ်ဆေးမှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း ထိန်းသိမ်းဆောင်ရွက်ကြ ရန် လိုကြောင်း၊ ကိုဗစ် -၁၉ ရောဂါသည် လက်ရှိအချိန်အထိ ပျောက်ကင်းသွားနိုင်သည့် ရောဂါမဟုတ်သေးသဖြင့် ယှဉ်တွဲသွားရမည့် ရောဂါဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ ကာကွယ်ဆေးများ အမြန်ဆုံးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့သာယာ လှပရေးသည် ကျန်းမာရေးကိုလည်း အထောက်အကူပြုကြောင်း၊ ရေမြောင်းများပိတ်ဆို့မှုမရှိ ရန်၊ အမှိုက်များစနစ်တကျ စွန့်ပစ်မှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ သက်ဆိုင်ရာ စည်ပင်သာယာရေး ဌာနသာမက ပြည်သူများမှလည်း အသိစိတ်ဓာတ်ရှိရှိ ထိန်းသိမ်း ဆောင်ရွက်ရေး အသိပညာပေးဆောင်ရွက်ကြရန် လိုကြောင်း၊ ပတ်ဝန်းကျင်ကောင်းများ တည်ဆောက်ကြရန်လိုကြောင်း၊ ပလပ်စတစ်သုံးစွဲမှုများ လျှော့ချရေးအတွက်လည်း ဆောင်ရွက်ကြ စေလိုကြောင်း၊ ပလပ်စတစ်များအား စနစ်တကျ သုံးစွဲမှုမရှိသဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ကြောင်း၊ ရှမ်းပြည်နယ်သည် သာယာလှပသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့်ပတ်ဝန်းကျင်သန့်ရှင်းမှုများကို ပိုမိုဆောင်ရွက်နိုင်မည် ဆိုပါက ခရီးသွားလုပ်ငန်း တိုးတက်မှုကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ဒေသသာယာ လှပရေးအတွက် မျက်စိပသာဓရရှိစေသည့် ပန်းပင်များနှင့် အရိပ်ရလေကာ ပင်များအား စိုက်ပျိုးရန်လိုကြောင်း၊ ပတ်ဝန်းကျင် ကောင်းများဖန်တီးပေးမှုသည့် ဒေသဖွံ့ဖြိုးတိုတက်ရေးကို များစွာအထောက်အကူ ပြုစေမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်လည်း တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းအဆင့် မြှင့်တင်ရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည် များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 သတင်းစဉ်