မုဒုံ ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ် မုဒုံမြို့ စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မစာရိယနှင့် (၆၂) ကြိမ်မြောက် ပါဠိပထမပြန် စာအောင်ဆုနှင်းသဘင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က မုဒုံမြို့နယ် က္ကုစ္ဆာသယသာသနာ့ ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃) ကြိမ်ရွတ်ဆို ကန်တော့၍ အခမ်းနားဖွင့်လှစ်ပြီး ဆရာတော်အရှင်မြတ်တို့ထံမှ ငါးပါးသီလနှင့် သြဝါဒများခံယူကြသည်။ ထို့နောက် မုဒုံမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဂျုံးဂျုံးကျ တောရကျောင်းဆရာတော် ဉူးကိတ္တိ၀ဏ္ဏနှင့် သာသနာဓဇဓမ္မစရိယဘွဲ့ရ သံဖြူဇရပ်မြို့နယ် ပငကျေးရွာကျောင်းကြီး ကျောင်းဟောင်းမှ အရှင်သုမနတို့အား မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းတို့မှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး စာအောင်ဆုနှင်းသဘင်ကျင်းပရေးအဖွဲ့ကိုယ်စား ဥက္ကဋ္ဌ ဦးအောင်ထွန်းလှိုင်မှ စာအောင်ဆုနှင်း သဘင်ပွဲ ကျင်းပပြုလုပ်နိုင်မှုနှင့် ပတ်သက်၍ ကျေးဇူတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရသံဃာ ၁၂ ပါး၊ ဓမ္မာစရိယတန်းကျမ်းစွဲအောင် သံဃာ ၁၂ ပါး၊ ပထမ(ကြီး/လတ်/ငယ်) နှင့် အခြေပြုမူလတန်းအောင် သံဃာ ၃၂၁ ပါး၊ စုစုပေါင်း စာအောင်သံဃာ ၃၄၅ ပါး၊ သာသနာဓဇဓမ္မာစရိယဘွဲ့ရ သီလရှင် ၁ ပါးနှင့် ဓမ္မာစရိယတန်းကျမ်းစွဲအောင်သီလရှင် ၃ ပါး၊ ပထမ(ကြီး/လတ်)နှင့် အခြေပြုမူလတန်းအောင် သီလရှင် ၅ ပါး၊ စုစုပေါင်း စာအောင်သီလရှင် ၉ ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်အောင်သင်တန်းသား/သူများ ၄၉ ဦးတို့ကို တာဝန်ရှိသူများက ဘွဲ့၊ ဂုဏ်ပြုအောင် လက်မှတ်များ ဆက်ကပ်ပေးအပ်ပြီး ဗုဒ္ဓသါသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကာ တက်ရောက်သူများမှ သံဃာတော်များအား ဆွမ်းဆန်လောင်းလှူကြကြောင်း သိရှိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)