Skip to main content

(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၃

(၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်း အနားကို ယနေ့နံနက် နာရီတွင် ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပပြုလုပ်သည်။

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အသက် ၇၀ နှစ်အထက် ရုပ်ရှင်ပညာရှင်ကြီးများ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ကြသည်။

ပေးအပ်လှူဒါန်း

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က လှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း က လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀ ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က လည်းကောင်း၊ Forever Group နှင့် ရွှေသံလွင်ကုမ္ပဏီတို့က လှူဒါန်းသည့် အလှူငွေ နှင့်ပစ္စည်းများကို တာဝန်ရှိသူများက လည်းကောင်း၊ တစ်မိုးအောက် မြန်မာလူမှုကယ်ဆယ်ရေးအဖွဲ့က လှူဒါန်းသည့် Oxygen Concentrator ၁၀ လုံးကို အကယ်ဒမီ ရန်အောင်က လည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန် ရှိသူများက လက်ခံကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက ကန်တော့ခံသက်ကြီး အနုပညာရှင်များအား ပူဇော်ကန်တော့ကြပြီး ရုပ်ရှင်သက်ကြီး အနုပညာရှင်အကယ်ဒမီ စည်သူဦးကြည်စိုးထွန်း က ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားသည်။

အခက်အခဲအချို့ကြုံတွေ့နေကြ

ထို့နောက် ပြည်ထောင်စုဝန်ကြီး က မုဒိတာ စကားပြောကြားရာတွင် သက်ကြီး ဘိုးဘွားမိဘ ပညာရှင်များကို ယခုကဲ့သို့ မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပူဇော်ကန်တော့ခွင့်ရသည့်အတွက် လွန်စွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် က ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေနယ်ပယ်မှ ပုဂ္ဂိုလ်များကို ပညာရှင်များအဖြစ် တန်ဖိုးထားပါကြောင်း၊ ရုပ်ရှင်ပညာရှင်ကြီးများ၏ ကျန်းမာရေး၊ လူမှုရေး အပါအဝင် လိုအပ်ချက်များရှိပါက တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်ထားပါကြောင်း၊ ယနေ့အချိန်တွင် ရုပ်ရှင်အနုပညာလုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် အနုပညာနယ်ပယ်အသီးသီးတွင် အခက်အခဲအချို့ ကြုံတွေ့နေကြပါကြောင်း။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေစသည့် အနုပညာကဏ္ဍအသီးသီး ပြန်လည်ရှင်သန်လှုပ်ရှားနိုင်ရေးအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မကြာမီ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်၍ ရုပ်ရှင် အနုပညာများ ပြန်လည်လုပ်ကိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်နယ်ပယ်ကို စွန့်ခွာသွားကြသူများအတွက် စိတ်မကောင်းဖြစ်ရပါကြောင်း၊ မိမိတို့ အားလုံး၏  အနာဂတ်ပိုမို ကောင်းမွန်စေရန်နှင့် ရုပ်ရှင်အဆင့်အတန်း မြင့်မားလာရေးအတွက် ရုပ်ရှင်အနုပညာရှင်  အားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရုပ်ရှင်သက်ကြီးပညာရှင်များအားလုံး ကျန်းမာစွာဖြင့် ရုပ်ရှင်လောကအကျိုး၊ နိုင်ငံအကျိုးကို ပြန်လည် ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

မေးမြန်းဆွေးနွေး  

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ကန်တော့ခံ ရုပ်ရှင် သက်ကြီးပညာရှင်ကြီးများ အား တစ်ဦးချင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ လိုအပ်ချက်များ မေးမြန်းဆွေးနွေးသည်။

၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် မြန်မာ့ပထမဆုံးရုပ်ရှင်မေတ္တာနှင့်သူရာ”  ဇာတ်ကားကို ရုံတင်ပြသနိုင်ခဲ့သဖြင့် ယင်းနေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် အောက်တိုဘာ ၁၃ ရက်နေ့ရောက်တိုင်း ရုပ်ရှင် သက်ကြီးပညာရှင်ကြီးများကို ပူဇော်ကန်တော့ပွဲများ ကျင်းပဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် (၄၄) ကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်