ဟားခါး ဖေဖော်ဝါရီ ၂၃
ချင်းပြည်နယ်၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအသုံးချနိုင်ရန်အတွက် မတည်ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆောင်ရွက်ခဲ့ကြသည့် ခရိုင် ၊မြို့နယ်ရုံးများ စံပြဆုချီးမြှင့်ခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားနည်းအလိုက် ဆုရရှိခဲ့ကြသည့် အားကစားသမားများ၊ နည်းပြများအား ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုသည့် ဂုဏ်ပြုညစာစားပွဲကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၆နာရီက ချင်းပြည်နယ် ဟားခါးမြို့ ခိုင်ကမ်း အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်း မင့်ထန်က နိုင်ငံတကာပြိုင်ပွဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြိုင်ပွဲများတွင် ချင်းပြည်နယ်၏ဂုဏ်ကိုဖော်ဆောင်နိုင်ခဲ့ကြသည့် အသက် ၂၁ နှစ်အောက် လူငယ်ဘောလုံး ကစားသမားများအပါအဝင် အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ကြေးတံဆိပ်များရရှိအောင်စွမ်းဆောင်ပေးခဲ့ကြသည့် အားကစားသမားများ အား ထိုက်တန်စွာ ဂုဏ်ပြုရခြင်းအကြောင်းနှင့် ချင်းပြည်နယ်၏အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ထောက်ပံ့ငွေ လှူဒါန်း ပေးပါသော Dingdi Dream Organization မှ တာဝန်ရှိသူများကို ကျေးဇူးဥပကာရတင်ရှိပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အားကစားကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၅၀ ကို Dingdi Dream Organization နာယက ဒေါက်တာ အန်နာရွှေလွှမ်းကပေးအပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က လက်ခံရယူပြီးနောက် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းတို့က နိုင်ငံတကာပြိုင်ပွဲများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများနှင့် အသက်(၂၁) နှစ် အောက် တိုင်းဒေသကြီး၊ ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ကြသည့် ချင်းပြည်နယ်အသင်းကစားသမားများနှင့် နည်းပြများ၊ ၂၀၁၉ ခုနှစ်အတွင်း ကိုယ်လက်လှုပ်ရှားဆေး တစ်ပါးအစီအစဉ်အပါအဝင် လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့ကြသည့် အားကစားနှင့် ကာယပညာဦးစီးဌာန ၊ ချင်းပြည်နယ်အတွင်းမှ ခရိုင်ရုံး ၊ မြို့နယ်ရုံးများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ဖျော်ဖြေရေး အစီအစဉ်များနှင့်အတူ ဂုဏ်ပြုညစာစားပွဲကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ အလှူရှင် Dingdi Dream Organization မှ နာယက ဒေါက်တာအန်နာရွှေလွှမ်းနှင့်အတူ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးနှင့်အဖွဲ့ဝင်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးတို့မှ အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)