Skip to main content

 

နေပြည်တော် အောက်တိုဘာ ၁၅

 

အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး (4th ASEAN Ministerial Meeting on Women - 45 AMMW) ကို ယနေ့နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်း အဝေး အလှည့်ကျသဘာပတိဖြစ်သော အင်ဒိုနီးရှားနိုင်ငံက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အင်ဒိုနီးရှား နိုင်ငံသမ္မတ၏ အမှာစကားကို video message ဖြင့် ပြသခြင်း၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေး အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည့် ဗီယက်နမ်နိုင်ငံက အမှာစကား ပြောကြားခြင်းတို့ ဆောင်ရွက်သည်။

 

ဆွေးနွေးဖလှယ်

 

အစည်းအဝေး အစီအစဉ်အရ (၄)ကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေး၏ ဆောင်ပုဒ်ဖြစ်သော “Digital Economy and Financial Inclusion for Improving ASEAN Women's Competitiveness” နှင့်စပ်လျဉ်း၍ အာဆီယံ အမျိုးသမီးရေးရာ ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့က အတွေ့အကြုံနှင့် အမြင်များကို အသီးသီး ဆွေးနွေးဖလှယ်ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က မြန်မာနိုင်ငံသည် အမျိုးသမီးများအား နည်းမျိုးစုံ ဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း (CEDAW) ပါ အချက်များကို အခြေခံပြီး ဘေဂျင်းလုပ်ငန်းစီမံချက်၏ ဦးစားပေးနယ်ပယ်များ နှင့်အညီ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကို ၂၀၁၃ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော်လျက် ရှိပါကြောင်း။ “ဒစ်ဂျစ်တယ်နည်းပညာဖြင့် အစိုးရက ပြည်သူသို့ ပံ့ပိုးမှုပေးသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ငွေကြေးပံ့ပိုးမှုအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသည် ကိုယ်ဝန်ဆောင်မိခင်များအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်(ငွေဗိုက်)ကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ Digital Payment ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး တစ်ကြိမ်တည်း ထောက်ပံ့မှုအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုးခုမှ အကျိုးခံစားခွင့်ရှိသူ ၂၆၀,၀၀၀ နီးပါးကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း။

ထို့ပြင် အီလက်ထရွန်နစ်စနစ်ဖြင့် ငွေကြေးထောက်ပံ့မှုကို ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ အကျိုးခံစားခွင့်ရှိသူကိုယ်ဝန်ဆောင် မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေး ၁၂၆,၀၀၀ ကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း။

 

ဒစ်ဂျစ်တယ်စီးပွားရေးသည် အလွန်အရေးကြီး

 

ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ကုစားမှုတွင် ဒစ်ဂျစ်တယ်စီးပွားရေးသည် အလွန်အရေးကြီး သည့်ကဏ္ဍတစ်ခုဖြစ်ပြီး အားလုံးအကျုံးဝင် ပါဝင်နိုင် စေရေးအတွက် စွန့်ဦးတီထွင်လုပ်ငန်းများနှင့် ငွေရေးကြေးရေး လုပ်ငန်းများတွင် အမျိုးသမီးစွမ်းဆောင်ရည် မြင့်မားလာစေရန် တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏စီးပွားရေး စွမ်းပကားမြှင့်တင်ခြင်းနှင့် ငွေရေးကြေးရေး လက်လှမ်းမီခြင်းတို့သည် ကျား၊ မရေးရာတန်းတူ ညီမျှမှုရရှိရေးအတွက် များစွာအရေးပါသဖြင့် အာဆီယံအသိုက်အဝန်းမဏ္ဍိုင် မျှော်မှန်းချက် ၂၀၂၅ နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရန် ယနေ့ အစည်းအဝေး၏ ဆောင်ပုဒ် (Theme) သည် ထိရောက်သည့် လမ်းညွှန်ချက်တစ်ခုဖြစ်သည်ဟု မိမိတို့အနေဖြင့် အခိုင်အမာ ယုံကြည်ပါကြောင်း။

 

အသိပေးဆွေးနွေး

 

၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ကျင်းပမည့်ကာလနှင့် နေရာတို့ကို အသိပေးဆွေးနွေးသည်။

 

အစည်းအဝေးအစီအစဉ်အရ UNESCAP မှ တာဝန်ရှိသူတစ်ဦးက ASEAN-ESCAP Joint Report on Addressing Unpaid Care Work in ASEAN အကျဉ်းချုပ်တင်ပြခြင်းနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ အမျိုးသမီးရေးရာဝန်ကြီးအဆင့် အစည်းအဝေးပူးတွဲကြေညာချက်ကို အတည်ပြုခြင်း၊ စတုတ္ထအကြိမ်မြောက် အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေး အလှည့်ကျသဘာပတိ က နိဂုံးချုပ်စကားပြောကြားခြင်းတို့ကို ဆောင်ရွက်သည်။

 

စတုတ္ထအကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆက်စပ်အစည်းအဝေး များသို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်