နေပြည်တော် အောက်တိုဘာ ၁၆
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူ ခွင့် အခွင့်အလမ်းများရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိလာစေရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဝါဝါခိုင် က “ ပုဗ္ဗသီရိ မြို့နယ်အတွင်း ကျောင်းပေါင်း ၃၉ ကျောင်းမှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူအားလုံးပေါင်း ၁၀၀၉၂ ဦးရှိပါတယ်။ အောက်တိုဘာ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ပထမအကြိမ်အနေနဲ့ ကာကွယ်ဆေးထိုး နှံပြီးတဲ့ ကျောင်းသားဦးရေ ကတော့ ၁၀၀၀ ရှိပါပြီ။ ဒီနေ့ ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀၀ ကျော် ကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတွေက ဆေးအဖွဲ့သုံးဖွဲခွဲပြီး ဆက်လက် ထိုးနှံ ပေးနေပါတယ်။ အခုအချိန်က ကျောင်းတွေပိတ်ထားတော့ ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ် ဆေးထိုးနှံ ပေးဖို့အတွက် ဖုန်းနဲ့ဆက် သွယ်တဲ့အခါ ကျောင်းသားအချို့ ခရီးလွန် နေတာကြောင့် ပြန်ရောက်မှ ထိုးနှံမယ့်သူတွေ ရှိတယ်၊ အချို့အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေက အသက် ၁၈ နှစ် ကျော်နေတဲ့အတွက် သူတို့ရဲ့ ရပ်ကွက်အစီအစဉ်နဲ့ ဆေးထိုးပြီးတာတွေလည်း ရှိပါတယ်” ဟု ပြောသည်။
ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အတွက် လက်ဆေးဘေစင်များထားရှိ၍ လက်ဆေးစေခြင်း ၊ Mask နှင့် Face Shield များ ဝေငှခြင်း၊ ဆေးထိုးရန်လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ်ကျန်း မာရေးစောင့် ရှောက်မှုများလိုအပ်ပါက သမားတော် အဖွဲ့ဖြင့် ကုသပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
“ဒီနေ့ဆက်လက်ထိုးပေးနေတဲ့အချိန်ထိ ဘေးထွက်ဆိုးကျိုး မတွေ့ရဘူး။ နံနက်ပိုင်း ဆေးလာထိုးရတာဆိုတော့ နံနက်စာမစားခဲ့လို့ သာမာန်ခေါင်းမူးတဲ့ ကျောင်းသားအချို့ပဲ တွေ့တယ်။ သူတို့ကို အဆာပြေ တစ်ခုခုစားခိုင်းပြီး ၁၀ မိနစ်လောက် ခဏနား ခိုင်းတဲ့အခါ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာပါတယ်။ ကာကွယ်ဆေး လာရောက်ထိုးဖို့ မကြောက် ကြပါနဲ့။ လာရောက် ထိုးနှံကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဆေးအဖွဲ့က ကျန်းမာရေး စစ်ဆေးမှု အပြည့်အဝလုပ် ဆောင်ပြီးမှ ဆေးထိုး ဖို့ပုံမှန်အနေ အထားရှိမှသာ ဆေးထိုးဖို့ မှတ်ချက်ပေးပြီး ဆေးထိုးပေးတာဖြစ်တဲ့အတွက် ကာကွယ်ဆေးမထိုးရသေးတဲ့ ကျောင်း သား၊ ကျောင်းသူတွေရဲ့ မိဘနဲ့ အုပ်ထိန်းသူတွေကိုလည်း ဆေးလာရောက်ထိုးနှံဖို့ ပူးပေါင်းပါဝင်ပေး ကြပါလို့ တိုက်တွန်း လိုပါ တယ် ” ဟု ဒေါ်ဝါဝါခိုင် က ဆက်လက်ပြောသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေး မထိုးမီ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူ များအား ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပတ်သက်၍ ကြိုတင် အသိ ပညာပေးခြင်းများဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများ၏ သဘော တူညီချက် လက်မှတ်ရရှိမှသာ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံပေးသည့် အလယ်တန်းကျောင်းသူတစ်ဦး၏ မိဘဖြစ်သူ ဒေါ်မြမြဝင်း က “ ကျွန်မသမီးက အလယ်တန်းကျောင်းသူပါ။ ကျွန်မလည်း ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ် လုံးထိုးပြီးပါပြီ။ ကာကွယ်ဆေးရဲ့ အားသာချက်တွေကို သိရှိထားတဲ့ အတွက် ကိုယ့်ရဲ့ကလေး ကာကွယ်ဆေးထိုးဖို့ အခွင့်အရေးရတာနဲ့ ဒီနေ့အမြန်ဆုံး လာရောက်ထိုးနှံပေးတာပါ။ ကျောင်းသား တွေကို ကာကွယ်ဆေးထိုးနှံပေးပြီးရင်လည်း ကျောင်းကိုမြန်မြန်ပြန်ဖွင့်ပေးစေ ချင်ပါတယ်။ ကလေးတွေ စာသင်ခန်းနဲ့ဝေးကွာသွားရင် စိတ်လေသွားမှာ စိုးရိမ်တယ်။ ကျွန်မတို့ မိဘတွေအနေနဲ့ သားသမီးတွေကို ပညာအမွေပေးတာက သူတို့လေးတွေအတွက် အကောင်းဆုံးလို့ မှတ်ယူထားပါတယ်။ ပညာအမွေက ကလေးတွေအနာဂတ်အတွက် အာမခံချက် ပေးနိုင်ပါတယ်” ဟု ပြောသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကျောင်းသား ၊ ကျောင်းသူများကို ကာကွယ် ဆေးထိုးနှံပြီး နောက်ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံတစ်ရာရှိမရှိ သိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ခြင်းသတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင်ရွက် ထားကြောင်း သိရသည်။
ကာကွယ်ဆေးလာ ရောက်ထိုးနှံသည့် လယ်ဝေးမြို့နယ်မှ အလယ်တန်းကျောင်းသူ မသုဝေစံ က “ ကာကွယ်ဆေးထိုးဖို့အတွက် ကျောင်းက အတန်းပိုင်ဆရာမ ဖုန်းဆက်ပါ တယ်။ ကာကွယ်ဆေး ထိုးပြီးပါပြီ။ ဆေးထိုးတဲ့အခါ နည်းနည်းနာတာလောက်ပဲ ခံစားရ တယ်။ ကျန်တာတော့ ဘာမှမခံစားရဘူး။ အခုလို ဆေးထိုးပေးတဲ့အတွက် ဆရာ၊ ဆရာမ တွေနဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။ ကျောင်းပြန် တက်ချင်နေပါပြီ။ အိမ်မှာ စာတွေလေ့လာနေတယ်ဆိုပေမယ့် မသိနားမလည်တာရှိရင် အခက်တွေ့ပါတယ်။ ကာကွယ် ဆေးထိုးနှံပြီး ကျောင်းပြန်တက် ရတော့မယ်ဆိုတော့ ဆရာ၊ ဆရာမတွေ နဲ့ ပညာသင်ကြား ခွင့်ရပြီး ကျောင်းကသူငယ်ချင်း တွေနဲ့လည်း ပြန်ဆုံရတော့မယ်ဆိုတော့ ဝမ်းသာပါတယ် ” ဟု ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များအလိုက် ဆေးထိုးနှံရန် သတ်မှတ် ထားသည့် စုရပ်နေရာများ၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဉီးရေစာရင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယင်းတို့၏ မှီခိုမိသားစုဝင်များကိုလည်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသည့်နေရာများတွင် ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထား သည့် အသက်၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ သိရှိလိုက်နာရမည့်အချက်များ၊ ပညာပေးဗီနိုင်းဆိုင်းဘုတ်များကို ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများ မြင်သာသည့်နေရာများတွင် ချိတ်ဆွဲကြေညာထား သည်ကိုလည်း တွေ့ရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသား၊ ကျောင်းသူများ ဘေး အန္တရာယ် ကင်းရှင်း စွာဖြင့် သွားလာနိုင်စေရန် School Bus များစီစဉ်ပေးထားပြီး ဆေး ထိုးစုရပ် ကျောင်းပတ်ဝန်းကျင် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ များ၊ မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့များက လုံခြုံရေးဆောင်ရွက် ပေးသည်ကိုလည်း တွေ့ရသည်။
သတင်း-ဟိန်းဂျိုင်း ၊ ဓာတ်ပုံ -ကိုကိုထိန်