နေပြည်တော်၊ အောက်တိုဘာ ၁၆
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ မောင်မောင်နိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် တို့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀)ဆေးရုံဝင်းအတွင်းရှိ သူနာပြုသင်တန်းကျောင်းသို့ သွားရောက်၍ သူနာပြုသင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား/သင်တန်းသူများကို တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်လျက် ရှိသည့် သင်တန်းသား/သင်တန်းသူများ၏ စားသောက်ရေးကိစ္စရပ်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊ သူနာပြုသင်တန်းသား/ သင်တန်းသူများ အနေ ဖြင့် သင်တန်းကာလ ပြီးဆုံးသည့်အခါတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ချက်ချင်းခန့်အပ်နိုင် ရေးအတွက် ကြိုတင်စီစဉ်ထား ရှိပါ ကြောင်း၊ အလုပ်ဝင်ရောက်ပြီးပါကလည်း ဝတ်စုံစရိတ်၊ စားစရိတ်၊ ညဂျူတီတာဝန်ကျစရိတ်၊ နိုင်ငံ တော်မှ ထောက်ပံ့ပေးငွေ စသည်ဖြင့် ဝန်ထမ်းသက်သာချောင်ချိ ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊သူနာပြုများ၏ ဘဝတက်လမ်းနှင့် ရာထူး တိုးမြှင့်ရေး အခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ထားသည်များ ရှိပါကြောင်း၊ ယခုသင်တန်း ကာလ အတွင်းတွင် ကြိုးစား၍ လေ့လာသင်ကြားကြစေလိုပါကြောင်း၊ မိမိတို့သင်တန်း ကျောင်းမှရရှိ ထားသည့် ကောင်းမွန်သည့် အတွေ့အကြုံများကိုလည်း အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမှည ကင်းကွာနေသည့် မိတ်ဆွေသူငယ်ချင်းများထံ တစ်ဆင့် မျှဝေပြောကြားပေးကြရန် ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးပါက နိုင်ငံတော်တာဝန်ကို သင်တန်းစတင် တက်ရောက်စဉ်က ရေးထိုး ထားသည့် ဝန်ခံကတိစာချုပ်အတိုင်း ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကတင်ပြပေးကြရန်နှင့် အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျန်းမာရေးဝန်ထမ်းများနှင့်သူနာပြုများသည် ပြည်သူတို့အတွက် မရှိမ ဖြစ်ဝန်ထမ်း များဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် သင်တန်း သား/သင်တန်းသူများ စားသောက်ရေးအဆင် ပြေစေရေးအတွက် သင်တန်းပြီးဆုံးသည်အထိ ဆန်နှင့်ဆီများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ကျန်းမာရေး ဝန်ထမ်း များ၏ လုပ်ငန်းသဘော သဘာဝအရ မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များအလိုက် ပေါင်းစပ်၍ ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သူနာပြု များ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးပါသည်ဖြစ်၍ သင်ကြားပေးသည့်ပညာရပ်များကို ကြိုးပမ်း၍ သင်ကြားကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သူနာပြုသင်တန်းကျောင်းရှိ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ တိုးချဲ့ထမင်း စားဆောင်၊ ပုံသဏ္ဍာန်တူ သင်ကြားလေ့ကျင့်ရာဌာန(Skill lab) တို့ကို ကြည့်ရှု၍ လိုအပ်သည်များကို မှာကြား ဖြည့်ဆည်း ပေးသည်။ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနအောက်ရှိ သူနာပြု/သားဖွား ၃၁ ကျောင်းကို အောက်တိုဘာ ၇ ရက်မှ စတင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ယနေ့အထိ သူနာပြုတတိယနှစ်နှင့် သားဖွားဒုတိယနှစ် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၇၈၁) ဦးတက်ရောက်လျက်ရှိပြီး နေပြည်တော်သူနာပြု/ သားဖွား သင်တန်း ကျောင်းတွင် နေပြည်တော် ကောင်စီ နယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ သင်တန်းသားသင်တန်းသူ ၅၆ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် ဇမ္ဗူသိရီ မြို့နယ်၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းတွင် အသက် (၄၅)နှစ်နှင့်အထက် ပြည်သူ များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ QR Code ပါဝင်သော ကာကွယ်ဆေး ထိုးနှံပြီးစီးမှု မှတ်တမ်းကဒ်များထုတ်ပေးနေမှုနှင့် ကာကွယ်ဆေးထိုးနှံပြီးစီးပါက ကာကွယ်ဆေး ထိုးနှံခြင်း စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS)တွင် စာရင်းသွင်း ဖြည့်ဆည်းနေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ကာကွယ်ဆေး ထိုးနှံမှုခံယူလာသူ မိဘပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask) များ ဖြန့်ဝေပေးသည်။
ထို့နောက် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံ ပေးနေမှုများကို ဆက်လက်ကြည့်ရှု အားပေးရာ၌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ဦးစားပေးထိုးနှံ၍ ကာကွယ် ဆေးလွှမ်း ခြုံမှု မြင့်မားလာသည့်အခါမှသာ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အသက်အုပ်စုများကို တိုးချဲ့ထိုးနှံပေးခြင်း ဖြစ်သော်လည်း မိမိတို့ နိုင်ငံတွင် ကျောင်းတက်ရောက်မည့် ကျောင်းသူ/ကျောင်းသားများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန်နှင့် ဘေးကင်း စိတ်ချစွာ ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ကျောင်းများမှတစ်ဆင့် အစုလိုက်အပြုံလိုက် ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ် စေရန်ရည်ရွယ်၍ ယခုအချိန်တွင် ကျောင်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများကို ဦးစားပေး အနေဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကျောင်း သား/ ကျောင်းသူများအနေဖြင့် ကျောင်းသို့ တက်ရောက်လာသည့် အခါ ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက်(၁၈)နှစ်အထက် ကာကွယ် ဆေးလွှမ်း ခြုံမှုများမြင့်မားစွာ ရရှိလာသည့်အခါတွင် အဆိုပါ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ် အတွင်းရှိသူ မည်သူကိုမဆို ကာကွယ်ဆေး ရရှိမှုအပေါ်မူတည်၍ ဆက်လက်ထိုးနှံပေး မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကာကွယ်ဆေးထိုးနှံခြင်း လာရောက် ခံယူနေသူ ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ဖြန့်ဝေပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးနေသည့်အဖွဲ့များမှ တင်ပြချက်များကို ဖြည့်ဆည်းပေး ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)