Skip to main content

ရန်ကုန် အောက်တိုဘာ ၁၈

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ပြည်သူများ ပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေဗိမာန်က ဖတ်ကြားခဲ့သော စာတမ်းများကို ထုတ်ဝေသည့် စာအုပ်များ အနက် ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ သုံးရက် ကျင်းပ ခဲ့သည့်ဝတ္ထုရှည်စာတမ်းဖတ်ပွဲတွင် တင်သွင်းခဲ့သည့် စာတမ်း ၆ စောင်နှင့် ၂၆-၇-၂၀၁၅ ရက်တွင် စာပေ ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည့် "ဝတ္ထုရှည်အနှစ်သာရ” စာပေစကားဝိုင်းတွင် စာရေးဆရာ လေးဦး ဆွေးနွေး ခဲ့ကြသော မြန်မာဝတ္ထုရှည်ဆိုင်ရာ ဆွေးနွေးချက်များ ပါဝင်သည့် "ဝတ္ထုရှည်စာတမ်းများ" စာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်သည်။ ယင်းစာအုပ်ကို စာပေဗိမာန်က တတိယအကြိမ် ထုတ်ဝေခြင်း ဖြစ်သည်။

ထိုစာအုပ်တွင် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ "ဝတ္ထုရှည်ဟူသည်မှာ" စာတမ်း၊ ဆရာပါရဂူ၏ "သမိုင်းနောက်ခံ မြန်မာဝတ္ထုရှည်" စာတမ်း၊ ဆရာ ထင်လင်း၏ "နိုင်ငံခြားဝတ္ထုရှည်" စာတမ်း၊ ဆရာ မောင်ထင်၏ “ဘဝသရုပ်ဖော် မြန်မာဝတ္ထုရှည်" စာတမ်း၊ ဆရာတက္ကသိုလ်ဝင်းမွန်၏ "မြန်မာ ဝတ္ထုရှည်သမိုင်း" စာတမ်းနှင့် ဆရာဂယက်နီ၏ "ကလေးလူငယ်ဝတ္ထုရှည်" စာတမ်းများ ပါဝင်ပြီး ဆရာဦးအေးချို (မဟာဝိဇ္ဇာ)၊ ဆရာမမစန္ဒာ၊ ဆရာမ ရွှေသာနှင့် ဆရာလင်္ကာရည်ကျော်တို့၏ " ဝတ္ထုရှည် အနှစ်သာရများ (၂ဝဝ၅ -၂၁၁၅)" စာပေစကားဝိုင်းမောင်၏ နိုင်ငံဝတ္ထုရှည် ဆရာပါရ ဆွေးနွေးချက်များ ပါဝင်သည်။

ထိုစာအုပ်တွင် ဝတ္ထုရှည်၏သဘောနှင့် ဝတ္ထုရှည်အကြောင်းကို တစေ့တစောင်းတင်ပြထားပြီး ၀တ္ထုရှည်၏ ယေဘုယျသဘော၊ သမိုင်းနောက်ခံ မြန်မာဝတ္ထုရှည်များဖြစ်ပေါ်လာပုံ၊ နိုင်ငံခြား ဝတ္ထုရှည်များ၏ သဘောသဘာဝ၊ ရှေးခေတ်ဝတ္ထု များ၊ နှောင်းခေတ်ကာလပေါ်ဝတ္ထုများနှင့် ကလေး လူငယ် မြန်မာဝတ္ထုရှည် ဖြစ်ပေါ်လာပုံတို့ကို ဖတ်ရှု လေ့လာနိုင်သည်။

ခေတ်အဆက်ဆက်ပေါ်ထွက်လာခဲ့ကြသည့် မြန်မာဝတ္ထုရှည်များ၊ နိုင်ငံခြားဝတ္ထုရှည်များနှင့် ကလေးလူငယ် ဝတ္ထုရှည်များအကြောင်းကို ပညာရပ် ဆန်ဆန်ဝေဖန်သုံးသပ်လေ့လာထားသည့် စာတမ်း များအပြင် မျက်မှောက်ခေတ် ဝတ္ထုရှည်ဆိုင်ရာ အကြောင်းရပ်များပါဝင်သည့်အတွက် ရသစာပေ ချစ်မြတ်နိုးသူတို့ဖတ်ရှုနှစ်သက်ကြမည်ဟု မျှော်လင့်သည်။

စာအုပ်တွင် စာမျက်နှာ (၃၇၂)မျက်နှာ ပါဝင်ပြီး တန်ဖိုးငွေကျပ် ၄၅၀၀ ဖြင့် ရန်ကုန်မြို့ အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈)၊ အမှတ် (တ၅၅) သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂ လမ်းကြား၊ မန္တလေးမြို့ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆)တို့တွင် ဝယ်ယူရရှိ နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်