Skip to main content

ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်အပိုင်း(၁) တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင် တော်အပိုင်း(၁)အား တည်ထားပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာ မဏ္ဍပ်တော်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့  ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင် ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်း အဖွဲ့များ တက်ရောက် ကြည်ညိုကြသည်။

နာယူကြည်ညို

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ် တော်မူကြသည့် မေတ္တာပို့ဂါထာတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာတို့ကို သံပြိုင်ညီညာ ရွတ်ဆိုပွားများ ပူဇော်ကြသည်။

ထို့နောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရတနာပလ္လင်တော် ပူဇော်မည့်နေရာတွင် နေရာယူပြီး မင်္ဂလာအချိန်တွင် မာရဝိဇယရတနာပလ္လင်တော် အပိုင်း(၁)အား ရတနာရွှေမူလီ တပ်ဆင်ပူဇော်ပြီး ပရိတ် နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။

ရွတ်ဆိုပူဇော်

ယင်းနောက် မာရဝိဇယရတနာပလ္လင်တော်မြတ်အား ပေါက်မြိုင်ဆရာတော်ကြီး အမှူးပြုသည့်  ဘုရားဒါယကာများက ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး သံဃာတော် အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစ ချီသည့် ဇယမင်္ဂလာအောင် ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။

ဩဝါဒခံယူ

ဆက်လက်ပြီး အောင်ဆုမင်္ဂလာအမျှဝေစာတမ်းလွှာဖတ်ကြား၍ မေတ္တာပို့ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ထို့နောက်  ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်သည် ပေါက်မြိုင်ဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်ကြီးများအား ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ တင်ပြလျှောက်ထားပြီး ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူသည်။

ယင်းနောက် အခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

လမ်းညွှန်မှာကြား

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့က “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” တည်ထား ကိုးကွယ်နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီးအားတူးဖော်ခဲ့မှု၊ နေပြည်တော်သို့ပင့်ဆောင်ခဲ့မှု၊ ပလ္လင်တော်နှင့် ကိုယ်ထည်ပိုင်း တို့အား ထုဆစ်ခြင်းနှင့် တွဲဆက်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် သွားမည့် အခြေအနေများ၊ ပိဋကတ် သုံးပုံကျောက်စာများကို ပါဠိဘာသာ၊ အင်္ဂလိပ် ဘာသာ တို့ဖြင့် ရေးထိုးပူဇော်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဆွေးနွေးမှာကြား ခဲ့သည်။

ရည်ရွယ်ချက် ၄ ရပ်ဖြင့်တည်ထား

အဆိုပါ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟူသည့် အမည်နာမသည် “မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အန္တရာယ် အပေါင်းကို အထူးအောင်မြင်တော် မူသောမြတ်စွာဘုရား” ဟု အဓိပ္ပာယ်ဖော်ဆောင်ပါကြောင်း၊ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါး သော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သည့် ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော် သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော် အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည်ဖြစ်ကြောင်း၊ ယခုတည်ထား ကိုးကွယ်မည့် “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” အား တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများ တွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်မားဆုံး ဆင်းတုတော်ကြီး ဖြစ်လာမည်ဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး၏ ပလ္လင်တော်ကို စကျင်ကျောက်တော်ကြီး အပိုင်း  ၅ ပိုင်းဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ယခုထုဆစ် ပြီးစီး၍တည်ထားပူဇော်သည့် ပလ္လင်တော် အပိုင်း (၁) သည် အလေးချိန် ၆၅၅ တန်ရှိကြောင်းနှင့် ရုပ်ပွားတော်မြတ်ကြီး၏ ပင်မကိုယ်ထည်ပိုင်းကို အပိုင်း ၄ ပိုင်းဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ကာ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်