Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) သို့ သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်း ဟောင်းအိမ်ယာ (လေးထောင့်ကန်)သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်တို့က လေးထောင့်ကန် စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ပြီးစီးမှုနှင့် ထပ်မံတည်ဆောက်မည့်အခြေအနေ၊ စစ်မှုထမ်းဟောင်း များအား နေရာချထားပေးမှု အခြေအနေနှင့် ဆက်လက်နေရာချထားပေးမည့် အခြေအနေ၊ အရိပ်ရ လေကာပင်များ စိုက်ပျိုး ထားရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်နေမှု အခြေအနေ၊ စစ်မှုထမ်းဟောင်းအိမ်ရာ သန့်ရှင်းသာယာ လှပရေးအတွက် အမှိုက်စွန့်ပစ်စနစ်၊ မိလ္လာစနစ်၊ မီးသတ်စခန်းနှင့် အုပ်ချုပ်မှုရုံးများ၊ စနစ်တကျ ထည့်သွင်း တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကုတင် (၁၀၀) ဆန့်ဆေးရုံနှင့် ကလေးငယ်များ ပညာ သင်ကြားရေးအတွက် မူကြိုကျောင်းနှင့် မူလတန်းလွန်ကျောင်း တည်ဆောက်ရန် လျာထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုမြန်မာ့သားကောင်း စစ်မှု ထမ်းဟောင်းအိမ်ရာ (လေးထောင့်ကန်) အား စစ်မှုထမ်းဟောင်း မြို့အဖြစ် တည်ဆောက်နေခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် စံပြုအိမ်ရာတစ်ခုအဖြစ် ရည်မှန်းဆောင်ရွက် သွားရန်လိုကြောင်း၊ မြို့ပြအင်္ဂါရပ်များနှင့် ပြည့်စုံစေရန်အတွက် ရေနှင့် လျှပ်စစ်မီးများ ဖူလုံစွာရရှိရန် လိုအပ်သကဲ့သို့ အများနှင့်သက်ဆိုင်သည့် နေရာဌာနများလည်း ပြည့်စုံစွာရှိနေရန် လိုအပ်ကြောင်း၊ လျှပ်စစ် ဓာတ်အားရရှိရေးအတွက် စဉ်းစားဆောင်ရွက်ရာတွင် နောင်အနာဂတ်အတွက် မျှော်မှန်း၍ ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး ကိုလည်း ထည့်သွင်းစဉ်းစားသွားရန်လိုကြောင်း ယခုမြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ပြီးစီးချိန်တွင် မြို့တစ်မြို့ကဲ့သို့ လူဦးရေရှိမည် ဖြစ်သဖြင့် ကလေးအရွယ်မှ လူကြီးပိုင်း အရွယ်အထိ အားလုံးနှင့်သက်ဆိုင်သည့် ဝန်ဆောင်မှုများ ရှိနေရန်အတွက် ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ အလုပ်အကိုင်ရရှိရေး အတွက် အသေးစားစက်မှုလက်မှု လုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ခေတ်မီသည့် နည်းပညာများ အသုံးပြု၍ မွေးမြူရေးကုန်ထုတ်လုပ်မှုများ ထုတ်လုပ်ပြီး ရန်ကုန်မြို့၏ စားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သကဲ့သို့ ရန်ကုန်မြို့၏ စံပြအဖြစ်လည်း အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ နေရာအနည်းအငယ်အတွင်း ထုတ်ကုန် အရေအတွက်များစွာ ထုတ်လုပ်နိုင် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း အပန်းဖြေအနားယူနိုင်ရန်အတွက် အပန်းဖြေနေရာများတွင် အရိပ်ရ လေကာပင်များ စနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ ယခုကဲ့သို့ စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်ရခြင်းမှာ စစ်မှုထမ်းဟောင်းများ၏ နေထိုင်စားသောက်ရေးအတွက် အဆင်ပြေချောမွေ့စေရန်ဆောင်ရွက် ပေးခြင်းဖြစ်ကြောင်း၊ အလားတူ စစ်မှုထမ်းဟောင်းများ၏ သားသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ဖော်ဆောင် ပေးမည်ဖြစ်သကဲ့သို့ နောင်တွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာဆိုင်ရာကျောင်းများ တည်ဆောက်နိုင်ရေး မျှော်တွေးစဉ်းစားထားရန် လိုကြောင်း၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် နေထိုင်ကြသူများနှင့် ဒေသခံပြည်သူများ၏ သွားလာမှု အဆင်ပြေစေရေးအတွက်လည်း Public Transportation ဖြစ်သည့် မြို့ပတ်ရထားများ ပေးဆွဲနိုင်ရေးအတွက်လည်း ထည့်သွင်း စဉ်းစား စီမံဆောင်ရွက်ထားရန်လိုကြောင်း မှာကြားသည်။

ယင်းနောက် အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအိမ်ရာ တည်ဆောက်မှုနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးတင်ပြကြပြီး တင်ပြချက် များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်ဆွေးနွေး မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချု်ပရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)