Skip to main content

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၄

 

၂၀၂ဝ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။

အခမ်းအနားကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး “ စုပေါင်းအင်အား” ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောလုပ်ငန်းစဉ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍပြုပြင် ပြောင်းလဲရေးတို့ကို ဦးစားပေးလုပ်ဆောင်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ တာဝန်သိစိတ်နှင့် အရည်သွေးမြင့်မားလာစေမည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းဖြင့် ငြိမ်းချမ်း၍ သာယာ၀ပြောသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေးဟူသည့် အမျိုးသားရေးဦးတည်ချက်များနှင့်အညီ အနှစ်သာရပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။

ရှေးဦးစွာနံနက် ၄ နာရီမိနစ် ၂၀ တွင် ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ အလံတင် တပ်စုက တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင်သည်။

ထို့နောက် နံနက် ၆ နာရီတွင် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊  ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဒုတိယ ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဗ္ဗသီရိတပ်နယ်မှ အရာရှိ စစ်သည်များ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများသည် သတ်မှတ်စုရပ်အသီးသီးမှ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမရှေ့ရင်ပြင်သို့ ဝင်ရောက်နေရာယူကြသည်။

ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့ရင်ပြင်သို့ ချီတက်နေရာယူကြသည်။

ထို့နောက် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် ဒုတိယသမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးသည်။

ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြု၍ သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဒုတိယသမ္မတ ဦးမြင့်ဆွေက ဖတ်ကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

(သတင်းစဉ်)