နေပြည်တော် ဖေဖော်ဝါရီ ၂၄
ပြည်သူ့ရေးရာမူဝါဒ (Public Policy) နှင့် အခြေခံလူမှုရေး သုတေသနနည်းစနစ် (Basic Social Research Methodology) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယနေ့ ပို့ချ မည့် ပြည်သူ့ရေးရာ မူဝါဒ (Public Policy) နှင့် အခြေခံလူမှုရေး သုတေသနနည်းစနစ် (Basic Social Research Methodology) တို့သည် ရာထူးအဆင့်အသီးသီးတွင် တာဝန်ထမ်းဆောင် နေကြ သည့် နိုင်ငံ့ဝန်ထမ်းများ အတွက် အများပြည်သူနှင့်သက်ဆိုင်သည့် မူဝါဒများချမှတ်ရာတွင် အလွန် အရေးကြီးပါကြောင်း၊ မူဝါဒဟု ဆိုရာ တွင် ဆောင်ရန်၊ ရှောင်ရန် ကိစ္စရပ်များ ပါဝင်ပါကြောင်း၊ မူဝါဒ မှန်ကန်စေရန်အတွက် နည်းစနစ် မှန်ကန် စွာဖြင့် သုတေသန လုပ်ကိုင်တတ်ရန် အရေးကြီး ပါကြောင်း၊ သုတေသနမှ ရရှိလာသည့် ရလာဒ် များကို သုံးသပ်ပြီး ကာလဒေသ အခြေအနေ အချိန်အခါနှင့် သင့်လျော်ကိုက်ညီပြီး မှန်ကန်ကောင်းမွန် သည့် မူဝါဒများကို ချမှတ်ရပါကြောင်း၊ ထိုကြောင့် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းကို စိတ်ပါဝင်စားစွာဖြင့် တက်ရောက် သင်ယူပြီး သင်တန်းမှ ရရှိရလာမည့် အဖိုးတန် အသိပညာ၊ ဗဟုသုတ များကို ဌာနအတွက်၊ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ထိထိရောက်ရောက် အသုံးချပြီး သင်တန်း တက်ရောက်ခွင့် မရရှိသည့် လုပ်ဖော်ကိုင်ဖက်များကိုလည်း ထပ်ဆင့် မျှဝေစေလိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ The Asia Foundation မှ အထူးစီမံကိန်းများ ယူနစ် မန်နေဂျာ ဒေါ်မီကီကျော်မြင့် က သင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
သင်တန်းကို ဖေဖော်ဝါရီ ၂၈ ရက်အထိ ငါးရက်တာဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း သို့ ပြန်ကြား ဝန်ကြီး ဌာနမှ အရာထမ်း၊ အမှုထမ်း ၃၁ ဦး တက်ရောက်ကြသည်။
(သတင်းစဉ်)