Skip to main content

ဆီ နှစ်ဆီ ချွေတာခြင်းဖြင့်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မိမိတို့နိုင်ငံ၏ စက်သုံးဆီတင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၂ ဒသမ ၁၂၉ ဘီလီယံရှိသည်။ ဒီဇယ်ဆီ၊ ဓာတ်ဆီ စသည့် စက်သုံးဆီများကို စက်ယန္တရားများ မောင်းနှင်ရာတွင် အသုံးပြုကြရာ အများစုမှာ မော်တော်ယာဉ် များတွင် အသုံးပြုကြခြင်းဖြစ်သည်။ ယခုအခါ မိမိတို့ နိုင်ငံတွင် မှတ်ပုံတင်မော်တော်ယာဉ်စီးရေ တစ်သန်းခန့်နှင့် မော်တော် ဆိုင်ကယ်စီးရေ ခြောက်သန်းခန့်ရှိနေရာ မြေပြင်အခြေအနေတွင် ယင်းထက်ပိုမည်မှာ သေချာသည်။ မှတ်သားဖွယ်အချက်မှာ လူဦးရေ ခုနစ်သန်းကျော် နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကားစီးရေခုနစ်သိန်းကျော် ရှိနေသည့်အတွက် တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်စီးရေ၏ သုံးပုံ နှစ်ပုံခန့် ရန်ကုန်တွင် တည်ရှိနေခြင်းပင်ဖြစ်သည်။

ကိုဗစ်-၁၉ မတိုင်မီကာလက ရန်ကုန်တွင် နေ့စဉ်ခရီးသည် ၁၈ သိန်းကျော် သွားလာကြပြီး ဝိုင်ဘီအက်စ် ယာဉ်လိုင်းပေါင်း ၁၀၀ ခန့်တွင် ယာဉ်စီးရေ ၄၀၀၀ ကျော်ဖြင့် ပြေးဆွဲနေခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းသုံးယာဉ် ၁၇၀၀၀၀၊ ခရီးသည် တင်ယာဉ် ၆၃၀၀ ကျော်၊ တက္ကစီ ၆၂ဝဝဝ ခန့်နှင့် အိမ်စီးယာဉ် ၂၆၀၀၀၀ ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ်က စာရင်းများတွင် တွေ့ရသည်။ ယင်းအခြေအနေအရ ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ၊ ယာဉ်ရပ်နားရန်နေရာ ပြဿနာစသည်တို့ကို တွေ့ကြုံနေရပြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေးစနစ်ကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရေး၊ ခေတ်မီအခပေး ယာဉ်ရပ်နားရန် နေရာများ၊ တည်ဆောက်အကောင်အထည်ဖော်ရေး၊ မိသားစုတစ်စုတည်းတွင် အိမ်စီးယာဉ် တစ်စီးထက် ပိုမိုပိုင်ဆိုင်ထားပါက မိသားစုပေါင်း၍ စီးနင်းစေရေး၊ စက်ဘီးသုံးစွဲမှုကို အားပေးပြီး စက်ဘီးလမ်းများ ဖောက်လုပ်ပေးရေး စသည်တို့ကို မီဒီယာများမှတစ်ဆင့် အကြံပြုခဲ့ကြသည်တို့ကိုလည်း မှတ်သားခဲ့ရသည်။

ယခုအခါ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ မိမိတို့ နိုင်ငံတွင် စက်သုံးဆီ ဈေးနှုန်း မှာလည်း ပုံမှန်ထက်နှစ်ဆခန့် မြင့်တက်လာသည်။ အဝေးပြေးကုန်စည်နှင့် ခရီးသည်တင်ယာဉ် ရထားလိုင်းများ၊ အများပြည်သူသယ်ယူပို့ဆောင်ရေး မြို့တွင်းမြို့ပြင်ာဉ်လိုင်းများ စသည်တို့မှာ နိုင်ငံအတွက် အခြေခံအကျဆုံး လိုအပ်ချက်များဖြစ်ပြီး တက္ကစီနှင့် အိမ်စီးယာဉ်များမှာမူ အကန့်အသတ်ဖြင့် သုံးစွဲနိုင်မည်ဆိုပါက စက်သုံးဆီ လိုအပ်ချက်မြင့်မားနေမှုကို အထိုက်အလျောက် လျော့ပါးသက်သာ စေမည်ဖြစ်သည်။ ကမ္ဘာတွင်လောင်စာစွမ်းအင် ချွေတာရေးကို အမေရိကန်ပြည်ထောင်စု၊ ဥရောပ အစရှိသော ကမ္ဘာ့နိုင်ငံများတွင် ကျင့်သုံးဆောင်ရွက်နေကြပြီး မော်တော်ယာဉ်များတွင် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း သုည အခြေအနေအထိ လျှော့ချသွားရန်ပါ ရည်မှန်းဆောင်ရွက်နေကြကြောင်း နိုင်ငံတကာသတင်း များတွင် မကြာမကြာ တွေ့နေရပြီဖြစ်သည်။

မော်တော်ယာဉ်များသုံးစွဲမှု တိုးတက်များပြားလာခြင်းသည် နိုင်ငံတွင် စီးပွားရေးအခြေအနေ တိုးတက်လာသည့် လက္ခဏာဟု ဆိုနိုင်သော်လည်း အခြားတစ်ဖက်တွင်မူ ပတ်ဝန်းကျင် ညစ်ညမ်းမှုတိုးလာစေသည့် ဘေးထွက်ဆိုးကျိုးရှိနေသည်။ အတက်နိုင်ဆုံး မော်တော်ယာဉ် သုံးစွဲမှုကို လျှော့ချခြင်းက လောင်စာဆီ ချွေတာရာရောက်ပြီး မိမိအတွက် ကုန်ကျစရိတ် သက်သာစေသည့်အပြင် ကာဗွန်ထုတ်လုပ်မှု လျော့ကျစေသည့်အတွက် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း နည်းပါးသွားစေသည်။ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကို လူတိုင်းက လိုလိုလားလား သုံးစွဲလာနိုင်စေရန်မှာ ရေတိုတွင် စီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန် အောင် မြှင့်တင်ဆောင်ရွက်သွားရန်နှင့် ရေရှည်တွင် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ တည်ဆောက် ဖြည့်ဆည်းသွားရန် လိုအပ်သည်ဟု ယုံကြည်မိသည်။

စက်သုံးဆီနှင့် စားသုံးဆီဟူသော ဆီနှစ်ဆီ ချွေတာရေးအတွက် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားလျက်ရှိသည်။ ၎င်း ဆီနှစ်ဆီကို အထိုက်အလျောက် ချွေတာနိုင်သည်နှင့်အမျှ နှစ်စဉ် ပြည်ပသို့ ပေးနေရသည့် နိုင်ငံခြားငွေ ဒေါ်လာသုံးဘီလီယံအနက်မှ အထိုက် အလျောက် လျော့ပါးသက်သာမည်။ များများချွေတာနိုင်ပါက များများသက်သာမည်။ ဆီအတွက် ကုန်ရတော့သည့် နိုင်ငံခြားငွေများကို နိုင်ငံတည်ဆောက်ရေးအတွက် အခြားနေရာများတွင် သုံးစွဲနိုင်သည်။ မိမိတို့အတွက်ရော နိုင်ငံအတွက်ပါ အကျိုးရလဒ်ကောင်းများ ဖြစ်ပေါ်လာစေမည့် ဆီနှစ်ဆီချွေတာရေးတွင် လူတိုင်း၊ အိမ်တိုင်း၊ မိသားစုတိုင်းက ပါဝင်ကျင့်သုံးနိုင်ကြပါ စေကြောင်း။ ။