နေပြည်တော် နိုဝင်ဘာ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၇/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရာ၌ အောက်တိုဘာလကုန်တွင် ၃ ရာခိုင်နှုန်းအထိကူးစက်မှုနှုန်းကျဆင်းစေရန် ရည်မှန်းဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး၊ ရပ်နားထားရသည့် လုပ်ငန်းများနှင့် ယန္တရားများပြန်လည် လည်ပတ်ရေးများကို ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ် -၁၉ ကူးစက်မှုနှုန်း ကျဆင်းရေးရည်မှန်း ချက်ထားဆောင်ရွက်ခဲ့ရာတွင် ၃ ရာခိုင်နှုန်းအထိ မရောက်ရှိသော်လည်း ၄ ရာခိုင်နှုန်းခန့်သာ ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားမှုနှုန်းများလျက်ရှိသည့် မြို့နယ် ၁၅ မြို့နယ်ခန့်ကို ဖယ်ထုတ်လိုက်ပါက ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိနေ သည်ကို တွေ့ရှိရကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားသည့် မြို့နယ်များ၌ရောဂါထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်သည့်အထူးအဖွဲ့ဖွဲ့စည်း၍ နယ်မြေသုံးခုခွဲကာ ထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ သတင်းရရှိသည့်နေရာများအား လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကူးစက်သူများကို ဖော်ထုတ်နိုင်သဖြင့် ရောဂါကုသရေးများကို လျင်မြန်စွာ ဆောင်ရွက် ပေးနိုင်ခြင်းကြောင့် ထပ်မံကူးစက်မှုကိုလျှော့ချနိုင်ခဲ့ပြီး ထိန်းချုပ်ရေးကိစ္စများတွင် အထောက် အကူရကြောင်း၊ ရောဂါပိုးကူးစက်မှုထိန်းချုပ်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်ရောဂါထိန်းချုပ် ကုသရေးပစ္စည်းများနှင့်ဆေးပစ္စည်းများ လုံလောက်စွာဖြည့်ဆည်း ပေးထား သော်လည်း ယခုထက်ပိုမိုဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း၊ Stay at Home ထားရှိသည့် မြို့နယ်များ ကျန်ရှိနေပြီး လျှော့ချ၍ရသည့် မြို့နယ်များကိုလည်း ထပ်မံလျှော့ချပေးသွားမည်ဖြစ်ကြောင်း၊ Stay at Home ဆောင်ရွက်ထားခြင်းမရှိသော်လည်း သွားလာရေးနှင့် နေထိုင်ရေးစည်းကမ်းများအား ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ညွှန်ကြားထားသည့်အတိုင်း နေထိုင်လိုက်နာဆောင်ရွက် သွားရန် အတွက် ပြည်သူများအနေဖြင့် လိုက်နာရန်လိုအပ်သကဲ့သို့ တာဝန်ရှိသူများ အနေဖြင့်လည်း စနစ်တကျဖြစ်စေရန်စေတနာထား ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။
ကျောင်းများပြန်လည်ဖွင့်လှစ်မှုနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကျဆင်း လာခြင်းကြောင့် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ရာသီတုပ်ကွေး ဖြစ်ပွားမှု၊ လက်ရှိနိုင်ငံရေးအခြေအနေများနှင့်အကြောင်း အမျိုးမျိုးကြောင့် ကျောင်းတက်ရောက်မှုများ နည်းပါးခဲ့ကြောင်း၊ သို့သော် ယခုလ ၈ ရက်အထိ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂ သန်း ၃ သိန်း ၅ ထောင်ကျော်တက် ရောက်လျက်ရှိကြောင်း၊ ကျောင်းစတင်ဖွင့်လှစ်ချိန်နှင့် တွက်ချက်ပါက တစ်ပတ်အတွင်း ကျောင်းသား ၁ သန်းကျော်ထပ်မံ တိုးတက်လာသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ဖွယ်ပင် ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ နောက်ကျနေ၍မရသဖြင့် ကျောင်းသား၊ ကျောင်းသူများ နစ်နာမှုမရှိစေရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများအား ၁၂ နှစ် အထက် ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ၊ အသက် ၄၅ နှစ်အထက်ပြည်သူများကိုလည်း ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍လည်း ကျောင်းသားမိဘများနှင့် ရပ်ရွာ အေးချမ်းသာယာရေး လိုလားသူများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှုများကြောင့် စာသင်ကျောင်း များတွင် နှောက်ယှက်မှုများ အနည်းငယ်သာ ရှိကြောင်း၊ အချို့နေရာများတွင် ခြိမ်းခြောက်မှုများရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးနှင့်ပတ်သက်၍ မိုက်မဲသည့်လုပ်ရပ်များ ဖြစ်ပြီး နိုင်ငံကိုဒုက္ခပေးခြင်းပင် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှုများအား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ပြည်သူများမှ သတင်းပေး၍ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း၊ အလားတူ ရပ်ရွာများအတွင်း အကြောင်းမဲ့သတ်ဖြတ်မှုများနှင့် ခြိမ်းခြောက်မှုများကိုလည်း ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် တားဆီးသွားရမည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကာကွယ်ပေးခြင်းနှင့် ဖော်ထုတ်ဖမ်းဆီးခြင်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးသဖြင့် ပြည်သူများ၏ တာဝန်သိမှုနှင့် တက်ကြွသည့် စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူ့လုံခြုံရေးအတွက်ဆောင်ရွက်ရာတွင် ပြည်သူများ၏ပူးပေါင်း ဆောင်ရွက် မှုဖြင့်ဆောင်ရွက်မှသာ ပြည်သူ့လုံခြုံရေးကိုရရှိ မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တက်ကြွစွာပူးပေါင်း ဆောင်ရွက်မည်ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းရေးကို များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့က အခြေခံပညာကျောင်းတွေဖွင့်လာပြီ။ ဆက်လက်ပြီး ကျွန်တော်တို့က တက္ကသိုလ်တွေ အဆင့်မြင့်ပညာနဲ့ပတ်သက်ပြီး ဖွင့်ဖို့ရှိပါတယ်။ အဲဒီတော့ အခုလောလောဆယ် တက္ကသိုလ်မှာ လိုအပ်တဲ့ဆရာ၊ ဆရာမတွေကို ကျွန်တော်တို့ အသစ်တွေခန့်ထားတာတွေ လုပ်နေပါတယ်။ ခန့်ထားပြီးတော့ ကျွန်တော်တို့ သင်တန်းတွေပေးနေပြီ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဒီအခြေခံပညာကျောင်းဖွင့်မှုရဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ တက္ကသိုလ်များကို ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်၊ ဒီလိုဖွင့်တဲ့အခါမှာလည်း အဆင့်လိုက်ဖွင့်လှစ်ပါမယ်။ တပြိုင်တည်း ကျွန်တော်တို့ အကုန်တော့မဖွင့်နိုင်ဘူး။ မဟာတန်းတွေ၊ ပါရဂူတန်းတွေ၊ Qualified တန်းတွေ၊ ဂုဏ်ထူးတန်းတွေ ဒါပြီးလို့ရှိရင် နောက်ဆုံးနှစ်၊ တတိယနှစ်၊ ဒုတိယနှစ် စသည့်ဖြင့် ဒီလိုဖွင့်သွားမှာပါ။ ဒီလိုအဆင့်လိုက်ဖွင့် သွားမယ်ဆိုရင် သက်ဆိုင်ရာကျောင်းတွေမှာလည်း သိပ်ပြီးတော့မှ အခက်အခဲ သိပ်မရှိနိုင်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်။ အဲဒီလိုလေးကျွန်တော်တို့စဉ်းစားထားပါတယ်။ ဒါကတော့ အခြေခံကနေစပြီး ပညာရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ကျောင်းသားများကတော့ ပညာသင်ကြားရေးမှာ ပညာသင်ကြားရမယ့်အရွယ်မှာ ပညာရေးကိုပဲ စိတ်ဝင်စားဖို့လိုပါတယ်။ ကျွန်တော်တို့လိုလား တာကတော့ ကျောင်းသားက ပညာသင်ကြားဖို့ပါ။ ပညာသင်ကြားရမှာ။ ပညာ သင်ကြားဖို့တာဝန် ရှိပါတယ်။ စာတွေတတ်အောင်သင်ဖို့လည်း ပညာရေးဝန်ကြီးဌာနကိုလည်း ကျွန်တော်ကြပ်မတ် ပြီးတော့ ပြောဆိုလျက်ရှိပါတယ်။ ပညာတတ်အောင်၊ စာကိုတတ်အောင်သင်ပေးမယ်။ အတန်းအောင်ဖို့ထက် စာတတ်ဖို့ အရေးကြီးပါတယ်။ အတန်းအောင်ဖို့ထက်၊ စာမေးပွဲအောင်ဖို့ထက် ပညာတတ်ဖို့ အရေးကြီးပါတယ်။ သူ့ရဲ့လျော်ညီတဲ့ အတန်းပညာတတ်ဖို့ လိုပါတယ်။ ဒါအရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့အစည်းအဝေးမှာလည်း ပြောပါတယ်။ KG+9 ကတော့ ကျွန်တော်တို့ အခြေခံ ကျွန်တော်တို့ရဲ့ ပညာရေးရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ KG+9 ဖြစ်ပါတယ်။ KG+9 ပြီးတာနဲ့ ကျွန်တော်တို့ vocational ကို အသက်မွေးဝမ်းကျောင်း ပညာသင်ကြား ဖို့အတွက် အခြေခံရသွားပြီဖြစ်ပါတယ်။ သူသင်လို့ရသွားပြီ။ KG+9 မရှိဘဲနဲ့တော့ ကျွန်တော်တို့ vocational သွားနိုင်ဖို့ တော်တော်လေး ခက်ပါတယ်။ အဲ့ဒါတွေပြီးတော့ အထက်တန်းပညာ၊ အဲ့ဒါတွေပြီးတော့ အဆင့်မြင့်ပညာ တစ်ဆင့်ပြီး တစ်ဆင့်သွားပေါ့ဗျာ။ ဒီလိုသွားမယ်ဆိုရင် တိုင်းပြည်ပညာရေးက ဒါမြှင့်တင်ပေးရာရောက်ပါတယ်။ တိုင်းပြည်ပညာရေး မြှင့်တင်ပေးနိုင်ပြီ ဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ကောင်းနိုင်မယ့် အနေအထား ရှိတယ်ဆိုတာလည်း ကျွန်တော်ပြောလိုပါတယ်။ ပညာတတ်တွေနဲ့ပဲ တိုင်းပြည်တည်ဆောက်ရတာ ဖြစ်ပါ တယ်။ ပညာမတတ်တဲ့သူတွေနဲ့ တိုင်းပြည်တည် ဆောက်လို့မရပါဘူး။ ကျွန်တော်တို့ ဒါကို လည်းအလေးထားဖို့လိုပါတယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်များ အားလုံးက ပညာနဲ့ပတ်သက်ပြီးတော့ ပညာသင်ကြားရေးမှာ အေးချမ်းစွာပညာ သင်ကြားရေးနဲ့ အေးချမ်းစွာ ပညာသင်ကြားရေးပေါ့။ သင်ကြားနိုင်ရေးနဲ့သင်ကြားရေး ဒီနှစ်ခုကို ကျွန်တော်တို့ဖန်တီးပေးဖို့ လိုမယ်ဆိုတာလေး ပြောလိုပါတယ်။” ဟု ပြောကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအပေါ်တွင် မူတည်ပြီး မျှော်မှန်းသက်တမ်းများအား မိမိတို့နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ တွက်ချက်မှုအရ ၂၀၂၀ ခုနှစ်တွင် ၆၇ ဒသမ ၄၂ နှစ်ရှိပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ လူဦးရေဌာနမှ တွက်ချက်ရာတွင် ၆၇ ဒသမ ၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မျှော်မှန်းသက်တမ်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၅၁ တွင်ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် မိမိတို့နိုင်ငံသည် နံပါတ် ၆ အဆင့်တွင်ရှိပြီး အာဆီယံနိုင်ငံများတွင် နံပါတ် ၁၀ ရှိကြောင်း၊ အဆိုပါ မျှော်မှန်းသက်တမ်းအား အခြေခံအချက်များဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် ကလေး ငယ်ဘဝ အခြေအနေများ၊ ပညာသင်ကြားမှုအခြေအနေများ၊ လူမှုစီးပွားဘဝအခြေအနေများ၊ လူနေမှုပုံစံများ၊ ကလေးသေဆုံးမှုနှုန်းများအပေါ်တွင် အဓိကထား၍တွက်ချက် ကြခြင်းဖြစ်ကြောင်း၊ ပြည်သူများကျန်းမာရေးနှင့်ပတ်သက်၍ ဆီစားသုံးမှုလျှော့ချရန်၊ အရက်၊ ဆေးလိပ် သောက်သုံးမှုများ လျှော့ချရန်တိုက်တွန်း ပြောကြားလျက်ရှိကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် မိမိပြောကြားခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်တာဝန်ယူသည့် ၉ လပြည့်မိန့်ခွန်း၌ မိမိအနေဖြင့် ဆန်စားသုံးမှုအား လျှော့ချ၍ စားသုံးမှုပုံစံ ပြောင်းလဲရန် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ဆန်အားဗိုက် ပြည့်သည်အထိ စားသုံးကြပြီး အဆိုပါဆန်တွင် ကာဗိုဟိုက်ဒရိတ်များ များပြားစွာပါဝင်သဖြင့် အဆီနှင့်အချိုဓာတ်များ ပါဝင်ကြောင်း၊ အလားတူအခြားအချိုပါဝင်သည့်မုန့်များနှင့် ဟင်းလျာများ တွင်လည်း ဆီကိုအလွန်အမင်း ထည့်သွင်းအသုံးပြုမှုများရှိသဖြင့် ကာဗိုဟိုက်ဒရိတ်စားသုံးမှု များပြား ပါကြောင်း၊ အလားတူအချိုနှင့်ဆီများစားသုံးမှု၊ အရက်နှင့်ဆေးလိပ်များ သောက်သုံးမှုများကြောင့်လည်း ကျန်းမာရေးကို များစွာထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့်ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်မှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တိုက်တွန်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ရုပ်မြင်သံကြားများ မှလည်း အဆက်မပြတ် ထုတ်လွှင့်ပညာ ပေးလျက်ရှိကြောင်း။
ပြည်သူတိုင်းသက်တမ်းစေ့နေနိုင်ရေး အရေးကြီးသဖြင့် ကာဗိုဟိုက်ဒရိတ်လျှော့ချနိုင်ရေးအတွက် ဆန်စားသုံးမှုလျှော့ချရေးဆောင်ရွက်ပြီး အခြားလိုအပ်သည့် ပရိုတိန်းဓာတ်များ ရရှိစေရေးအတွက် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဥများအား စားသုံး၍ ဖြည့်ဆည်းပေးရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရေး မိမိအနေဖြင့် တိုက်တွန်းဆောင်ရွက်လျက်ရှိကြောင်း၊ လူတစ်ဦး အနေဖြင့် တစ်ရက်လျှင် ကြက်ဥ ၃ လုံးမှ ၆ လုံးအထိ စားသုံးရန်လိုအပ်ပြီး အသားငါးအား တစ်ရက်လျှင် ၅ ကျပ်သားမှ ၁၀ သားအထိနေ့စဉ် စားသုံးရန်နှင့် ဟင်းသီးဟင်းရွက်များအား ၅ ကျပ်သားမှ ၁၂ ကျပ်သားအထိ စားသုံးရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် ရေမြေသဘာဝကောင်းမွန်သည့် နိုင်ငံဖြစ်သည့် အတွက် သီးနှံများဖြစ်ထွန်းအောင်စိုက်ပျိုးရန်လိုအပ်ပြီး မြစ်ချောင်းများအတွင်း ငါးများပေါများအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ပြီး ကျန်းမာရေး အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ လူတိုင်းသက်တမ်းစေ့နေနိုင်ရေး ဆောင်ရွက်ကြရန် လိုကြောင်း၊ နိုင်ငံတော်၏စွမ်းအားသည် ပြည်သူများပင်ဖြစ်သဖြင့် ပြည်သူများအားလုံးကျန်းမာစွာဖြင့် နေထိုင်နိုင်ရန်လိုအပ်သဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏မျှော်မှန်းသက်တမ်းများ တိုးတက်စေရေးအလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ စားသုံးမှုနှင့် နေထိုင်မှုပုံစံများ ပြောင်းလဲနိုင်ရေး ဆောင်ရွက်ကြရန်တိုက်တွန်းနေခြင်းဖြစ်ကြောင်း။
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ နှင့်ပတ်သက်၍ နိုင်ငံတကာနှင့်အွန်လိုင်းစာမျက်နှာများတွင် လွတ်လပ်သည့်ရွေးကောက်ပွဲ ဖြစ်ခဲ့ကြောင်း ရေးသား ထားမှုများရှိသည်ကို တွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲနေ့တွင် လွတ်လပ်စွာဆန္ဒမဲ ပေးခဲ့ကြသည်ကိုတွေ့ရှိ ရသော်လည်း မဲစာရင်းများနှင့်ပတ်သက်၍ လိုအပ်သည့် ပြန်လည်စိစစ်မှုများဆောင်ရွက်ချိန်၌ ကြိုတင်ဆန္ဒမဲ ပေးခြင်းများ ဆောင်ရွက်ချိန်တွင် မဲမသမာမှုများ များစွာဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရပြီး ၎င်းကိစ္စများကိုမူ မသိကျိုးကျွန်ပြုထားကြကြောင်း၊ ဆန္ဒမဲပေးရာတွင် ရွေးကောက်ပွဲတစ်ရက်တည်းကိုသာ ကြည့်၍မရဘဲ ရွေးကောက် ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအလွန်ကာလများကို ကြည့်၍ လွတ်လပ်သည့်ရွေးကောက်ပွဲဖြစ်မဖြစ် ကြည့်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများရှိကြောင်းကို မိမိထံသို့နိုင်ငံရေးပါတီများမှ စာရေးသား တင်ပြခြင်း၊ တွေ့ဆုံစဉ်တင်ပြခြင်းများရှိကြောင်း၊ ထိုကြောင့်မဲစာရင်းများအား စိစစ်ဆောင်ရွက်ခဲ့ချိန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေါင်း ၁၁ သန်းကျော်ခန့် မဲစာရင်းများမှားယွင်းခဲ့သည်ကို အခိုင်အမာတွေ့ရှိရကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် မဲစာရင်းမသမာမှုပြုလုပ်ခြင်းသည် အဆိုးရွားဆုံးသော လုပ်ဆောင် ချက်ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ ၁၀ နှစ် သားသာရှိသေးသဖြင့် မိမိအနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း။
ပြည်တွင်းခရီးသွားလာရေးနှင့်ပတ်သက်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးပြီး ဖြစ်သဖြင့် ပို့ဆောင်ရေးလုပ်ငန်း၊ တည်းခိုရေးလုပ်ငန်း၊ စားသောက်ရေးလုပ်ငန်းများနှင့် ပစ္စည်းရောင်း ဝယ်မှုလုပ်ငန်းများ အထိုက်အလျောက် လုပ်ငန်းများပြန်လည်လည်ပတ်လာပြီဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့် ကိုဗစ်ရောဂါထိန်းချုပ်မှု အခြေအနေများအပေါ်တွင်မူတည်၍ နိုင်ငံတကာခရီးသွားလုပ်ငန်းများအား ဒီဇင်ဘာလ(သို့မဟုတ်) ဇန်နဝါရီလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် နယ်မြေအလိုက်၊ မြို့ဝင်မြို့ထွက်များအလိုက်ကိုဗစ်စည်းကမ်း နှင့်အညီဖြစ်စေရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားကြရန် လိုကြောင်းမှာကြားသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်တို့က ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေ ပြဋ္ဌာန်းရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာနားလည်မှုရှိသည့် နိုင်ငံများနှင့်ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ ကြံစိုက်တောင်သူများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ပေးရေး၊ အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH NUG PDF တို့၏အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတဝန်းရှိအများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လက်ကမ်း စာစောင်များ ထုတ်ဝေဖြန့်ချိရေး၊ အခြေခံပညာကျောင်းများတွင် စာသင်ခန်းသုံး သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးရေး၊ ကိုဗစ်-၁၉ ရန်ပုံငွေ ချေးငွေအစီအစဉ်တွင် အခြေခံလူတန်းစားများကို ထည့်သွင်း ထုတ်ချေးပေးရေး၊ အခြေခံလူတန်းစားများ ဝင်ငွေရရှိရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေး၊ အာဆီယံခရီးသွားလုပ်ငန်းအစီအစဉ်တွင် မြန်မာနိုင်ငံမှ ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက် မူဝါဒများထပ်မံဖြည့်စွက်ပေးရေး၊ နိုင်ငံ့ဝန်ထမ်းများ ရာထူးတိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်၍ လက်ထောက်ညွန်ကြားရေးမှူးနှင့်အထက် ရာထူးတိုးမြှင့်ရေးတွင် စနစ်တကျ စိစစ်ဆောင်ရွက်ရေး၊ လေယာဉ်ဖြင့် ခရီးသွားမည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ စစ်ဆေးခလျှော့ချပေးရေးနှင့် အလွယ်တကူစစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရေး၊ ကယားပြည်နယ်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး နိုင်ငံတော်မှ လမ်းညွှန်မှုပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားရာတွင် ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေနှင့်ပတ်သက်၍ ပြဌာန်းထားသည့် နိုင်ငံအလိုက် ဥပဒေများအား ဥပဒေရေး ရာဝန်ကြီးဌာနက လိုအပ်သည့်စိစစ်လေ့လာမှုများဆောင်ရွက်ရန် တာဝန်ပေးထားကြောင်း၊ မိမိတို့အနေဖြင့် မြေပေါ်မြေအောက် သယံဇာတထုတ်ယူမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ ကုန်ကြမ်းအနေဖြင့်ထုတ်လုပ်ရောင်းချမှုကို တားမြစ်ထားပြီး Value added တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချမှုကိုသာ အားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများ နှင့်လည်း ဆက်သွယ်ဆက်ဆံလျက်ရှိပါကြောင်း၊ ထို့ပြင်အာဆီယံက ကျင်းပသည့် ဝန်ကြီးအဆင့် အစည်းအဝေးများတွင် မိမိတို့နိုင်ငံမှ ပြည်ထောင်စုဝန်ကြီးများ ပါဝင်တက်ရောက်ဆွေးနွေးလျက်ရှိပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို လုပ်ဆောင်လျက်ရှိကြောင်း၊ ကြံစိုက်တောင်သူများ လတ်တလောတွေ့ကြုံနေရသည့် အခက်အခဲများကို ဥပဒေနှင့်အညီ အမြန်ဆုံး စိစစ်ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း။
အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့်စပ်လျဉ်း၍ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အတွက် နိုင်ငံပိုင်နှင့်တပ်မတော်ပိုင် မီဒီယာကဏ္ဍမှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ အားကစား ကဏ္ဍနှင့်စပ်လျဉ်း၍ လူထုအခြေပြု အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ အခြေခံလူတန်းစားများအား ချေးငွေထုတ်ချေးပေးရေးနှင့် ပတ်သက်၍ လိုအပ်သည့် အချက်အလက်များကို အခြေခံတွက်ချက်၍ဘဏ္ဍာရေးအခြေအနေပေါ်မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ဝင်ငွေတိုးတက်စေရေးအတွက် သဘာဝသယံဇာတများကိုသာ အားကိုးနေ၍မရဘဲ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ခေတ္တပိတ်ထားခဲ့ရသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ် ပေးပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံခရီးသွားစင်္ကြန်တွင် ပါဝင်လျက်ရှိပြီး လက်ရှိအခြေအနေတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း၊ ပြည်တွင်း ခရီးသွားလုပ်ငန်းများ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ပြီဆိုပါက ပြည်ပခရီးသွားလုပ်ငန်းများကို ဆက်လက်ဖော် ဆောင်သွားမည်ဖြစ်ကြောင်း။
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အထောက်အကူပြုနိုင်သည့် စီမံကိန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အားကစားကဏ္ဍမူဝါဒတွင် လိုအပ်သည့် အချက်များကို ထပ်မံဖြည့်စွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားရေး အတွက်လိုအပ်သော အလုပ်ရုံဆွေးနွေးပွဲများ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လေကြောင်း ခရီးသွားပြည်သူများ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးကိစ္စများနှင့်ပတ်သက်၍ အဆင်ပြေ ချောမွေ့အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဘဝလုံခြုံရေးအတွက် အလေးထား ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် ငွေကြေးခိုင်မာမှုရှိပြီး စီးပွားရေးကောင်းမွန်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်စီးပွားရေးကောင်းမွန်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းပြည်၏ ကုန်သွယ်မှုလိုငွေကို လျှော့ချနိုင်ရေးအတွက် သွင်းကုန်များကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး ဈေးကွက်ရှိသည့် တန်ဖိုးမြင့်ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးကို ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများအလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိကာ လူမှုစီးပွားဘ၀ သာယာ၀ပြောမည်ဖြစ်ကြောင်း။
မိမိတို့အစိုးရ၏ ရည်ရွယ်ချက်သည်လည်း တိုင်းပြည်သာယာ၀ပြောပြီး စားရေရိက္ခာ ပေါများရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများဝင်ငွေရရှိရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးလုပ်ငန်းစနစ်များ ကောင်းမွန်စွာလည်ပတ် နိုင်စေရန်အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဗဟိုဘဏ်၏ ဦးဆောင်မှုကို ပုဂ္ဂလိကဘဏ်များအနေဖြင့် လိုက်နာ ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငွေပေးချေမှုစနစ်တွင် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ပုဂ္ဂလိကဘဏ်များ လိုက်နာဆောင်ရွက်နိုင်ရန် ဘဏ်စည်းကမ်းများထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ဗဟိုဘဏ်မှ ဝင်ရောက် ထိန်းကြောင်းပေးခြင်းဖြင့် ပြည်သူများဘဏ်စနစ်အပေါ် ယုံကြည်မှုရှိပြီးငွေကြေးခိုင်မာမှုရှိအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
နိုင်ငံခြားငွေကုန်ကျမှုကို စိစစ်သုံးစွဲနိုင်ပါက တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ စားအုန်းဆီ တင်သွင်းမှုနှင့် စက်သုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မှသာ နိုင်ငံခြားသုံးငွေ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်သူလူထုအနေဖြင့် စားသောက်မှုပုံစံကို ပြင်ဆင်သွားရန်နှင့် ဆီစားသုံးမှုကို လျှော့ချသွားရန်လို အပ်ကြောင်း၊ ထို့ပြင် စက်သုံးဆီတင် သွင်းမှုလျှော့ချရေးအတွက် တာဝန်ရှိသူများအနေဖြင့် အများပြည်သူ ပို့ဆောင်ရေးစနစ် ဖော်ဆောင်နိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်