မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ဝံသာနုရက္ခိတ၊ အမျိုးဘာသာသာသနာ စသည်ဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို မြှင့်တင်ခြင်းက အဦးအစဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး၊ မြန်မာအမျိုးသားတစ်ရပ်လုံး တိုင်းတစ်ပါးသားတို့၏လက်အောက် ကျရောက်နေပြီး ဖိနှိပ်ခံ၊ အနှိမ်ခံလူမျိုးများအဖြစ် နေထိုင်ခဲ့ရသည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ကာလက မိမိတို့ ဘိုးဘေးများ၏ ခံစားချက်များကို မျက်မှောက်ခေတ်မျိုးဆက်တို့ သိမြင်ပြီး နားလည်ခံစားနိုင်ရန် လိုအပ်သည်။ နယ်ချဲ့ဗြိတိသျှ တို့သည် အုပ်စိုးခံ မြန်မာတို့ကို လူလူချင်းအတူတူ၊ တန်းတူ ရည်တူဟူ၍ သဘောမထားခဲ့သည့်အပြင် အောက်တန်းကျသည့် လူမျိုးများ၊ မယဉ်ကျေးသူများ၊ ပျင်းရိသူများ၊ ဖျင်းအသူများအဖြစ်သာ မြင်ကြသည်။
ကိုလိုနီနယ်ချဲ့တို့ တန်ခိုးထွားစဉ်ကာလတွင် မြန်မာများ စီးနင်းခွင့်မရှိသည့် ရထားတွဲများ ရှိခဲ့သလို ပဲခူးကလပ်ကဲ့သို့သော ကလပ်မျိုးတွင် ဝင်ရောက်ခွင့်မရှိ။ မြန်မာအမျိုးသမီး၊ မြန်မာသွေးပါသည့် ကပြားအမျိုးသမီးများနှင့် လက်ထပ်ထားသည့် အင်္ဂလိပ် အမျိုးသားတချို့ကို အင်္ဂလိပ်အသိုင်းအဝိုင်းက ဝိုင်းပယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)ကို စတင်ဖွဲ့စည်း ရာတွင်ပါဝင်ခဲ့သည့် ဘကြီးဘဖေ ဟိုက်စကူးကျောင်းသားဘ၀က လမ်းဖြတ်ကူးစဉ် ရန်ကုန်ပုလိပ်မင်းကြီး မက္ကဒေါ်နယ် စီးနင်းလာသည့် စက်ဘီးရှေ့ ကိုက် ၃၀၀ ခန့်မှ ဖြတ်ကူး ခဲ့သည့်အတွက် ဒဏ်ငွေပေးဆောင်ခဲ့ရသည်။ စိတ်ထဲ၌ မခံမရပ်နိုင်အောင် ခံစားခဲ့ရခြင်းက နောင်တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဖွဲ့စည်းရန် အင်အားဖြစ်လာခဲ့သည်။
မြန်မာလူမျိုး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် အသက် ၂၀ ကျော်အရွယ်ခန့်က ရန်ကုန်မှ ပန်းတနော်သို့ ပြန်ရန်အတွက် ကားဂိတ်ခုံတန်းတစ်ခု၌ ထိုင်နေစဉ် သက်ကြီးရွယ်အို အင်္ဂလိပ် တစ်ဦးကလမ်းလျှောက်တုတ်ဖြင့် ပခုံးကိုပုတ်ကာ (ခွေးမောင်း သကဲ့သို့) ဖယ်ရှားခဲ့ပုံကို အမှတ်ရစိတ်စွဲခဲ့သကဲ့သို့ပင်၊ ကိန်းဘရစ်ရုံတက္ကသိုလ်ဘွဲ့ရ အဆင့်မြင့်ပြည်သူ့ဝန်ထမ်း ဦးတင်ထွတ်သည် ဂျင်မ်ခါနာကလပ်၏ရပ်ဂ်ဘီကစားပွဲအတွက် အသင်းသားတစ်ဦးအဖြစ် ထူးထူးချွန်ချွန် ဝင်ရောက်ကစားပေးခဲ့သော်လည်း ကစားပွဲအပြီးတွင် အင်္ဂလိပ်တို့နှင့်အတူ ရေချိုးခွင့် မရခဲ့။ မြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတ ဦးဘဦး တက္ကသိုလ်ကျောင်းသား ဘဝ အင်္ဂလန်သို့ကျောင်းတက်ရန် သွားရောက်စဉ် ၎င်းတို့ မြန်မာကျောင်းသားတစ်သိုက်ကို သင်္ဘောမှ လူဖြူ အလုပ်သမားများက ဝန်ဆောင်မှုမပေးဘဲ အိန္ဒိယလူမျိုးသင်္ဘောသားကို ဝန်ဆောင်မှု ပေးစေခဲ့သည်။ ဝတ်စုံချုပ်သူ ဥရောပသားအပ်ချုပ် သမားကပင်လျှင် ဦးဘဦးတို့ မြန်မာတက္ကသိုလ်ကျောင်းသားများကို စေတနာထား၍ ချုပ်လုပ်မပေးခဲ့။ တက္ကသိုလ် တက်ရောက် နေစဉ်ကာလတွင်လည်း မျက်နှာဖြူကျောင်းသားများ၏ နှိမ့်ချစော်ကားမှု မြောက်မြားစွာကို ကြုံတွေ့ကြရသည်။
အထက်တွင်ဖော်ပြခဲ့သည့် ပုဂ္ဂိုလ်များမှာ ကိုလိုနီခေတ်တွင် ရှင်သန်နေထိုင်ခဲ့ကြပြီး မြန်မာ့သမိုင်းတွင်ထင်ရှားသည့် ပုဂ္ဂိုလ်ကြီး များ၏ ငယ်ဘဝအတွေ့အကြုံများဖြစ်ပြီး မှတ်တမ်း များအဖြစ် ကျန်ရှိခြင်းကြောင့် နှောင်းလူတို့သိခွင့်ရခဲ့ခြင်းဖြစ်သည်။ နယ်ချဲ့ အုပ်စိုးသူတို့၏ မြန်မာလူမျိုးတို့အပေါ် စော်ကားဖိနှိပ်မှု၊ လူမျိုးရေးခွဲခြားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများက ဉာဏ်ပညာ ဗဟုသုတပြည့်စုံသည့် မြန်မာလူငယ်တို့ကို နာကြည်းခံစားမှုများ ပေါ်ထွက်စေခဲ့ပြီး အမျိုးသားရေးဝါဒကို ဖော်ထုတ်စွဲကိုင်ခဲ့ကာ နယ်ချဲ့အစိုးရကို ဆန့်ကျင်တော်လှန်စေခဲ့သည်။ အမျိုးသားရေး စိတ်ဓာတ်ကိုမြှင့်တင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ရယူကာ လွတ်လပ်ရေးတိုက်ပွဲများကို တစ်ဆင့်ပြီးတစ်ဆင့် တိုက်ပွဲဝင်ခဲ့ပြီး နိုင်ငံနှင့်လူမျိုးတို့ကို ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်း သည့် လွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ရောက်ရှိစေခဲ့ပါကြောင်း။ ။