နေပြည်တော် ဖေဖော်ဝါရီ ၂၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ် တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့ အစည်းများ၏ ဒုတိယ ၆ လပတ်အခွန် ရငွေများနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂၀၂၀)တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။
ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက် က ကမ္ဘာ့ပေါ်ရှိ မည်သည့်နိုင်ငံမဆို အခွန် ဘဏ္ဍာမရှိဘဲ ရပ်တည်၍ မရနိုင်ပါကြောင်း၊ အခွန်ဘဏ္ဍာငွေ များစွာရရှိမှ တိုင်းပြည် လည်း မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် သက်ဆိုင်ရာ အခွန်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်ပေးဆောင်ထိုက်သူများ မကျန်ရစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်မှ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၂/၂၀၂၀) ကိုထောက်ခံပါကြောင်း ဆွေးနွေးသည်။
သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း က ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် သယံဇာတကဏ္ဍမှ ရရှိသည့် အခွန်အခကို ယေဘုယျဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းနေရာတွင် အမျိုးအစားအလိုက် ခွင့်ပြုမိန့်၊ အရေအတွက်၊ သက်တမ်း၊ ဧရိယာနှင့် စာချုပ်သဘောတူညီချက်များကို တင်ပြမှသာ ရသင့်ရထိုက်သည်များကို ရ၊ မရပြန်လည်ဆွေးနွေး နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်အလားတူ အစီရင်ခံစာများတွင် အသေးစိတ်ဖော်ပြပေးပါရန် တိုက်တွန်းလိုပါ ကြောင်း၊ ထို့ပြင် သယံဇာတမှ ရရှိသည့် အခွန်အခများသည် တိုင်းပြည်၏ ပြန်လည်အစားထိုးမရသည့် အရင်းအမြစ်များမှ ထုတ်ယူ ရရှိခြင်းဖြစ်သည့်အတွက် စနစ်တကျ စီမံခန့်ခွဲရန်လိုအပ်ပါ ကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ကချင်ပြည်နယ် မဲဆန္ဒ နယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ၊ မိုင်း ရှူးမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၊ ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးခင်မျိုးဝင်း နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအားကာမိုး တို့က ဆက်လက်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ) ပြင်ဆင် ချက်နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ရှင်းလင်းတင်ပြရာတွင် ယမန်နေ့ က ကျင်းပပြု လုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် အောင်စန်းချစ် က ၎င်းတင်သွင်းထား သည့် ဥပဒေမူကြမ်းပါ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ) နှင့် စပ်လျဉ်း၍ စကားရပ်အချို့ကျန်ရှိနေ ကြောင်း တင်ပြမှုအပေါ် စိစစ်ချက်အရ ရုံးပိုင်းဆိုင်ရာ မှားယွင်းမှုဖြစ်သည့်အတွက် ဖြည့်စွက် ပြင်ဆင်ပေးမည် ဖြစ်သည်ကို ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် စပ်လျဉ်း၍ လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာ နောက်ဆက်တွဲ (ဃ) ဇယား၊ (ဆ ) ဇယား၊ (ဈ - ၁) ဥပဒေမူကြမ်းဇယားနှင့် (ဈ - ၂) ဇယားတို့ပါ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ) တွင် စကားရပ် အချို့ထည့်သွင်း ပြင်ဆင်ထားသည့်ဇယားကို ယနေ့တွင်လွှတ် တော်ကိုယ်စားလှယ် များထံ ဖြန့်ဝေထားပါကြောင်း။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် များထံ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ဖြန့်ဝေခဲ့သည့် အစီရင်ခံစာ၏နောက် ဆက်တွဲ (ဇ - ၁) နှင့် (ဈ - ၁)တို့ပါ ဥပဒေမူကြမ်းများ ၏ ပြင်ဆင်ချက်ဇယား(၂)ခုဖြစ် သည့် နောက်ဆက်တွဲ (ဇ - ၂)နှင့် (ဈ - ၂) တို့အပေါ် အဖွဲ့အလိုက် တင်သွင်းထားသည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ အလားတူကွဲလွဲမှု တစ်စုံတစ်ရာရှိပါက ပြည်ထောင်စု လွှတ်တော်ရုံး၌ တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်း အသိပေး ပြောကြားသည်။
ယင်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူ ကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြ သည်။
မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး က ပုဒ်မ ၁၄ ပြင်ဆင်ချက်တွင် လွှတ်တော် သက်တမ်းအလိုက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကို လျော့ချထားပါကြောင်း၊ ပုဒ်မ ၁၀၉ ပုဒ်မခွဲ(ခ)တွင် တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ပုဒ်မ ၁၄၁ ပုဒ်မခွဲ(ခ)တွင် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပုဒ်မ ၁၆၁ ပုဒ်မခွဲ (ဃ)တွင်လည်း တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အရေအတွက်ကို လွှတ်တော် သက်တမ်းအလိုက် လျော့ချရန် တင်သွင်းလာပါကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်း ပုံအခြေခံ ဥပဒေအရ အတိတ်ဖြစ်စဉ် သမိုင်းကြောင်းနှင့် နိုင်ငံ၏ ပကတိအခြေအနေ လိုအပ်ချက်အရ လွှတ်တော်ထဲတွင် ပါဝင်နေခြင်းဖြစ်သည်ကို ရှင်းလင်းစွာ သိရန်လိုပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာဖိအားများနှင့် အခြေအနေအချိန်အခါမျိုးတွင် တပ်မတော်သည် လွှတ်တော်အတွင်းမှ ရာခိုင်နှုန်းလျော့ချပြီး ထွက်သွားရန်မှာ စောသေး သည်ကို ထောက်ပြလိုပါကြောင်းဆွေး နွေးသည်။
ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ဦးစိုးသူရထွန်း က ပုဒ်မ ၃၃၉ သည် နိုင်ငံတော်၏ ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရေး ကိစ္စဖြစ်ပါကြောင်း၊ မူရင်းပုဒ်မတွင် တပ်မတော်က ဦးဆောင်ရမည်ဟု ဆိုထားပါကြောင်း၊ တစ်ဖက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ အရနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲရေး တာဝန်သည် နိုင်ငံသားတိုင်းတွင် ရှိနေပါကြောင်း၊ အလားတူ ပုဒ်မ ၃၈၆တွင် နိုင်ငံသား တိုင်းသည် စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိနေ ပါကြောင်း။
ထို့ပြင် ပုဒ်မ ၁၆တွင် အတိအလင်းဆိုထားသည်မှာ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံ တော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည် ကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ပြုထားပြီး မည်သူမျှ မပြင်ဆင်ထားသည့်အတွက် ပြည်ထောင်စုလွှတ်တော်တစ်ခုလုံးက လက်ခံထားသည်ဟု မှတ်ယူနိုင်ပါကြောင်း၊ အလား တူ ပုဒ်မ ၂၁၃ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရပါ က စစ်ရေးအရလိုအပ်သလို ဆောင်ရွက်ခွင့်အား သမ္မတကိုပေးထားပါကြောင်း၊ ထို့ကြောင့် ပြည်သူအားလုံးနှင့်အတူ နိုင်ငံတော်သမ္မတသည် တာဝန်အရှိဆုံးဖြစ်နေ သည့်အတွက် ပုဒ်မ ၃၃၈၊ ၃၃၉ တို့သည် မလိုအပ်တော့ပါကြောင်း ဆွေးနွေးသည်။
သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင် က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း အပိုဒ် ၆၇၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၂၏ ခြေဆင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ အပေါ် ဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံဝင်ခွင့်ရှိစေရမည် ဆိုသည့် ပြင်ဆင်ပြဋ္ဌာန်းချက်သည် အထူးကောင်းမွန်သင့်လျော်သည့်အတွက် သဘောတူထောက်ခံ ပါကြောင်း၊ လက်တွေ့တွင်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ် ချက်အချို့နှင့်ပတ်သက်၍ ဥပဒေနှင့်ညီ၊ မညီကို အဆုံးအဖြတ် ခံယူပိုင်ခွင့်မရှိဘဲ လမ်းဆုံး နေသည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး က အခန်း(၃) ပုဒ်မ ၅၉ နှင့် ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးလိုပါကြောင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည် အချင်းနှင့် ပတ်သက်သည့် အခန်းကဏ္ဍဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကိုရွေးချယ် ရာတွင် အသက်နှင့် ပတ်သက်၍ ပြဋ္ဌာန်းထားပါကြောင်း၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အကြီး အကဲတို့ကို ရွေးချယ်သည့်အခါတွင် နိုင်ငံကိုခေါင်းဆောင်မည့် လူတစ် ဦး၏ အရည်အချင်း၊ အရည်အသွေးအပေါ်တွင် ကြည့်ခြင်း သို့မဟုတ် အသက်အပေါ် တွင် ကြည့်ခြင်း တို့ကို ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ အရည်အချင်း၊ အရည်အသွေးကို မကြည့်ဘဲ အသက်ကိုသာ ကြည့်မည်ဆိုပါက ခေါင်းဆောင်မှုမရှိသည့်အတွက် တိုင်းပြည်သည် များစွာချွတ်ခြုံ ကျသွားနိုင်ပါကြောင်း၊ ထို့ကြောင့် မူလပြဋ္ဌာန်းချက်များ အတိုင်း သာ ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် နေမျိုးအောင်၊ တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးကောင်းကျော်၊ တပ်မတော်သားအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးနိုင်ဦး၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ကယား ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးစိုးသိန်း၊ ဝန်းသိုမဲဆန္ဒနယ် မှ ဦးနေစိုးအောင်၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာ လှမိုး၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်လွင်၊ တပ်မတော် သားအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးမိုးဟန်၊ တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်မင်းထွန်း၊ တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ရန်ကုန်တိုင်းဒေသ ကြီးမဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေး၊ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန် နှင့် ညောင်ရွှေမဲဆန္ဒ နယ်မှ ဦးဝင်းမြင့်ဦး (ခေါ်) ဦးနေမျိုး တို့က ဆက်လက်ဆွေး နွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်း-အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ-ထန်းဖုန်