Skip to main content

မြန်မာနိုင်ငံငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂

လယ်ယာသားငါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ် ကွင်းဆက်တလျှောက်တွင် ပါဝင်ပတ်သက်နေကြ သူများအတွက် လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းဆွေးနွေး အဖြေရှာရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လစဉ်ပထမပတ် ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်လျက်ရှိသည့် စကားဝိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ (၁)ရက် ညနေပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ယနေ့စကားဝိုင်းဆွေးနွေးပွဲတွင် ငါးသံဇာတတိုးတက်လာစေရေးအတွက် ငါးဖမ်းဆီးမှုအား လျော့ချပြီး ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ရန်နှင့် ကမ္ဘာ့အဆင့်မီ တန်ဘိုးမြင့်ရေထွက် ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုမြှင့်တင်နိုင်ရေး အတွက် သက်ဆိုင်ရာ လုပ်ငန်းဏ္ဍများမှ တာဝန်ရှိသူများက “မြန်မာနိုင်ငံ ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက် ခဲ့ကြသည်။

လက်ရှိတွင် စကားဝိုင်းဆွေးနွေးပွဲများကျင်းပရာ၌ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ စီမံကိန်း စီမံချက်များတွင် ငါးသံဇာတ တိုးတက်လာစေရေးအတွက် ထည့်သွင်းဆောင်ရွက်ဖွယ်ရာများ၊ တောင်သူနှင့် ပုဂ္ဂလိကလုပ်ငန်း ရှင်များအတွက် ရေရှည် အကျိုးဖြစ်ထွန်းစေမည့် မျှော်မှန်းချက်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကျင်းပနေခြင်းဖြစ်သော်လည်း နောင်တွင် ပြင်ပ ပုဂ္ဂလိကများ လုပ်ငန်းရှင်များအပိုင်းကပါ ဝင်ရောက်ဆွေးနွေးနိုင်သည့် စကားဝိုင်းဆွေးနွေးပွဲများ ဖြစ်လာစေရေး တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 

ငါးဖမ်းဆီးထုတ်လုပ်မှုသည် သက်ဆိုင်ရာဒေသ၏ ငါးသယံဇာတတည်ရှိမှုအပေါ် မူတည်နေရာ ကမ္ဘာတစ်ဝှမ်း၌ ငါးသယံဇာတလျော့ကျလာနေသည့်အတွက် ဖမ်းဆီးထုတ်လုပ်ရေးမှ ရေရှည်တိုးတက် ထုတ်လုပ်ရန် ကန့်သတ်ချက်များရှိသဖြင့် တိုးတက်လာသည့် လူဦးရေအတွက် ငါးရိက္ခာပေါများ ဖူလုံစေရန် ငါးမွေးမြူရေး ကဏ္ဍကို တိုးချဲ့ဆောင်ရွက် လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံ၏ ငါးကဏ္ဍထုတ်လုပ်မှုအနေဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မက်ထရစ်တန် (၆၀၁၈)တန် ထုတ်လုပ်နိုင်ခဲ့ပြီး ဖမ်းဆီးရေးမှ မက်တရစ်တန် (၄၈၀၀)ကျော်နှင့် မွေးမြူရေးမှ မက်ထရစ်တန် (၁၁၀၀)ကျော် ထုတ်လုပ်နိုင်ခဲ့ရာ ရေရှည်တွင် ငါးမွေးမြူရေးကဏ္ဍမှ တိုးတက်ထုတ်လုပ် နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ဈေးကွက် ယှဉ်ပြိုင်နိုင်ရေး အတွက် ဈေးကောင်းရရှိစေသည့် ငါးပုစွန်များ ထုတ်လုပ်တင်ပို့နိုင်ရေး၊ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ မွေးမြူထုတ်လုပ် နိုင်စေရေး၊ ဈေးကွက်အသစ်များ ရှာဖွေထိုးဖောက်နိုင်ရေးနှင့် အလားအလာရှိသော ပို့ကုန်အမယ်အသစ်များ တိုးချဲ့တင်ပို့နိုင်ရေး၊ ပို့ကုန်ဦးစားပေးစနစ် ကျင့်သုံးရေး၊ တိုင်းရင်းသားများ၏ ကုန်ထုတ်လုပ်မှုတိုးတက်စေရေး၊ ပို့ကုန် ပမာဏ ပိုမိုထုတ်လုပ်နိုင်စေရေး၊ ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် တောင်သူများအတွက် နည်းပညာပံ့ပိုးပေးနိုင်ရေး၊ မူဝါဒများ ချမှတ်နိုင်ရေး၊ စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းနိုင်စေရေးနှင့် ပြည်သူများ ငါးစားသုံးမှုတိုးတက်လာစေရေးတို့အတွက် ရှုထောင့် အသီးသီးမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)