နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာ မျိုးသိန်းကျော်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ အနီးစခန်းရှိ RVK Myanmar Co.Ltd သို့ငှားရမ်းဆောင်ရွက်ထားသည့် မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ပြင်ဦးလွင်) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာစက်ရုံအစည်းအဝေးခန်းမတွင် မြန်မာစီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက စက်ရုံသမိုင်းအကျဉ်း၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်၏ (ASEAN OSHNET) အား ၂၀၁၈ ခုနှစ်တွင် စတုတ္ထဆုရရှိခဲ့မှုနှင့်၊ ၂၀၂၀ ပြည့်နှစ်တွင် ထပ်မံယှဉ်ပြိုင်ခဲ့ရာ Excellent Award ဆုကို မြန်မာနိုင်ငံကိုယ်စားရရှိခဲ့မှု အခြေအနေ၊ စက်ရုံအတွင်း ဌာနအလိုက်ဝန်ထမ်းများ ခန့်အပ်ထားရှိမှုအခြေအနေ၊ စက်ရုံမှ ဆေးဝါးများနှစ်အလိုက် ထုတ်လုပ်ခဲ့မှုနှင့် ပြင်ပဌာနများသို့ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေ၊ ဆေးများအရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး အရည်အသွေးစစ်ဆေးမှုများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ အတွက် အဓိကလိုအပ်သည့် ဆေးဝါးများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့် ဆေးဝါးများအား သုတေသနပြု၍ ပြည့်မီစွာထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ ဆေးဝါးများထုတ်လုပ်မှုနှင့် ပတ်သက်၍ ပြည်တွင်း လိုအပ်ချက်ရှိသည့် ဆေးဝါးများအနက်မှ မိမိတို့ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ဆေးဝါးများ ပြည့်မီအောင် ပြည်တွင်း၌စွမ်းအားပြည့် ထုတ်လုပ်နိုင်ရေးအတွက် ဈေးကွက် လိုအပ်ချက်အား သုတေသနပြု လုပ်၍ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသော ကုန်ကြမ်းများ အသုံးပြု၍ အရည် အသွေးပြည့်မီသည့် ဆေးဝါးများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ မိမိတို့ နိုင်ငံတွင်း အဖြစ်အများဆုံး ရောဂါများကို သုတေသနပြု၍ လိုအပ်သည့်ဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့် ပြည်သူများအတွက် အဓိက အထောက်အကူပြုအကျိုးပြုသည့် ဆေးဝါးများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ် ခဲ့သည့် ကာလအတွင်း လူ့အသက်ထက် အရေးကြီးသည်မှာ မရှိဟူသောမူဝါဒအတိုင်း လိုအပ်သည့် ဆေးဝါး များကို ပြည်ပနိုင်ငံများမှ တင်သွင်းဖြည့်ဆည်း ဆောင်ရွက်ခဲ့ချိန်တွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြည်တွင်း၌ လိုအပ်သည့် အခြေခံဆေးဝါးများကို ပြည့်မီအောင် ထုတ်လုပ်ရန်မှာကြားပြီး တာဝန်ရှိသူများ အား လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကို မေးမြန်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံမှ ထုတ်လုပ်ထားသည့် ဆေးဝါးများအား ကြည့်ရှု၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းရှိ အရည်အသွေးစစ်ဆေးရေးဌာန၊ သောက်ဆေးရည်ဌာန၊ ထိုးဆေးအမှုန့် ထုတ်လုပ်ရေးဌာန၊ ဆေးပြား၊ ဆေးတောင့် ထုတ်လုပ်ရေးဌာန၊ ကုန်ကြမ်း၊ ကုန်ချော ထိန်းသိမ်းရေးဌာနတို့အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး ပြီး ဆေးဝါးများ အရည်အသွေး ပြည့်မီစွာဖြင့် ထုတ်လုပ်ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်သည့်အပြင် ပြည်သူများ အလွယ်တကူ ရရှိသုံးစွဲနေကြသည့် စပ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကိုလည်း ကျန်းမာရေး အသိပညာ ပေးရန်လိုအပ်သည့် အခြေအနေများနှင့် အခြားလိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ RVK Myanmar Co.Ltd သို့ငှားရမ်း ဆောင်ရွက်ထားသည့် မြန်မာစီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ (ပြင်ဦးလွင်) မှ အာရုံကြောအားဆေးများ၊ ဆီးချိုရောဂါကုသဆေး၊ သွေးတိုးနှင့်နှလုံးရောဂါ ကုသဆေးများ၊ အကိုက်အခဲပျောက်အရောင်ကျဆေး၊ ဗိုက်တာမင် ဘီ အုပ်စုအားဆေး၊ ပဋိဇီဝပိုးသတ်ဆေး၊ လက်သန့်ဆေးရည်၊ စွမ်းအင်ဖြည့်ရန်နှင့် အီလက်ထရိုလိုက် ညှိထိန်းဖျော်ရည်မှုန့်တို့အား ခေတ်မီစက်ကိရိယာများ အသုံးပြုထုတ်လုပ်၍ ဈေးကွက် အတွင်း ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရိရသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ဘူတာသို့ ရောက်ရှိကြပြီး ဘူတာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ မြန်မာ့ မီးရထားဌာန၊ အထွေထွေမန်နေဂျာ (အထက်မြန်မာပြည် အုပ်ချုပ်ရေး) ဦးစိုင်းသော်လင်း၊ ရုံပိုင်ကြီး (အထူးတန်း) ဦးသိန်းကျော်ဌေးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။
ရှင်းလင်တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင် ဘူတာသည် ခရီးသွားများအတွက် အကျိုးရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊ မန္တလေး- ပြင်ဦးလွင်- နောင်ချို ရထားလမ်းများအား ရထားများအဆင်ပြေချောမွေ့စွာဖြင့် ပြေးဆွဲ၍ ရထားမောင်းချိန်များ လျှော့ချနိုင်ရေး အတွက် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရထား လမ်းမျာအား စနစ်တကျထိန်းသိမ်းခြင်းများ ဆောင်ရွက်နေရန်လိုကြောင်း၊ ခရီးသွားများ အဆင်ပြေစေရေးအတွက် ရထားလမ်းပလက်ဖောင်းများအား တိုးချဲ့ဆောက်လုပ်ရန်လိုကြောင်း၊ ပြင်ဦးလွင် ဘူတာရုံအဆောက်အဦသည် ရှေးဟောင်းအဆောက်အဦ ဖြစ်သဖြင့် ရှေးမူမပျက် ထိန်းသိမ်း၍ ရေရှည်တည်တံ့အောင် ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပြင်ဦးလွင် မြို့၊ ကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က ကန်တော်ကြီးရေလှောင်ကန် ရေရှည် တည်တံ့စေရေး အဆင့်လိုက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေမှုနှင့် ကန်အတွင်း ရေဝင်ရောက်မှု ရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကန်တော်ကြီးရေလှာင်ကန် တည်တံ့ စေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကန်တော်ကြီး ရေလှောင်ကန်တွင်း ရေဝင်ရောက်မှု နည်းပါးနေသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ယခုနှစ် စက်တင်ဘာလ အတွင်း ပြင်ဦးလွင်မြို့သို့လာရောက်သည့် ခရီးစဉ်တွင် ကန်တော်ကြီးရေလှာင်ကန်၏ ရေဝေရေလဲကောင်းမွန်စေရေးနှင့် ရေဝင်ရောက်မှုများ များပြား စေရေးအတွက် လမ်းညွှန် မှာကြားချက်အရ သက်ဆိုင်ရာဌာနများမှ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ရာ ကန်တော်ကြီး အတွင်း ရေဝင်ရောက်မှုမှာ ယခင်နှစ်ကာလတူတွင် ရေလှောင်ကန်အတွင်းရေအမှတ် ၁၁ ပေသာ ရှိခဲ့ရာမှ ယခုအခါတွင် ၁၉ ဒသမ ၄ ပေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)