Skip to main content

JICA (ODA) SME Two-Step Loan စီမံကိန်း အဆင့် - ၁ နှင့် အဆင့် - ၂ တို့တွင် ချေးငွေထုတ်ချေးထားရှိမှုအား အသိပေးကြေညာခြင်း

နိုင်ငံအတွင်းရှိ စီးပွားရေး လုပ်ငန်းများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSME) ပါဝင်မှုသည် ၉၉% ခန့်ရှိပြီး MSME များဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရလာနိုင်ခြင်း၊ တစ်ဦးချင်းဝင်ငွေ တိုးတက်လာနိုင်ခြင်းတို့ကြောင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအရေးကြီးပါသည်။ သို့ဖြစ်ရာ မြန်မာ့စီးပွားရေးဘဏ်သည် MSME လုပ်ငန်းများအား ဘဏ္ဍာငွေ ပံ့ပိုးကူညီရန် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ တရားဝင်ဖွံ့ဖြိုးမှု အကူအညီ (ODA) ချေးငွေရယူ၍ JICA (ODA) SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် စီမံကိန်းစီမံခန့်ခွဲသူ (Executing Agency) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အောက်ပါလုပ်ငန်းများမှအပ ၂၀၁၅ ခုနှစ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့် ညီညွတ်သော မည်သည့် MSME လုပ်ငန်းမဆို ချေးငွေလျှောက်ထား ရယူနိုင်ပါသည် -

(၁) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူရန် အရည်အသွေးပြည့်မီမှုရှိသော လယ်သမားများ

(၂) အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများ

(၃) ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ

(၄) အဖိုးတန်သတ္တုရောင်းဝယ်ရေးလုပ်ငန်းများ

(၅) အရက်ဆိုင်များနှင့် ပျော်ပွဲစားရုံလုပ်ငန်းများ ၊

(၆) ဖြေဖျော်မှု၊ တင်ဆက်မှု(နိုင်ငံခြားခရီးသွားလုပ်ငန်းမပါ) လုပ်ငန်းများ

(၇) လက်နက်၊ ခဲယမ်းထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းများ

JICA SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့်-၁ (Phase-1) တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထားနိုင်သည့် ဘဏ်များ

(၁) အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB)

(၂) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)

(၃) မြန်မာနိုင်ငံသားများဘဏ် (MCB)

(၄) ဧရာဝတီဘဏ် (AYA)

(၅) ကမ္ဘောဇဘဏ် (KBZ)

(၆) သမဝါယမဘဏ် (CB)

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) ဆောင်ရွက်မှုအခြေအနေ

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၁ (Phase-1) တွင် အထက်ဖော်ပြပါ ဘဏ်ခြောက်ဘဏ်မှတစ်ဆင့် ငွေကျပ် ၅၇၆၃၄.၄၃ သန်းအား MSMEs လုပ်ငန်းရှင် ၂၆၉ ဦးသို့ ချေးငွေများ ထုတ်ချေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ထုတ်ချေးငွေများအနက်မှ ပြန်လည်ပေးဆပ်လာသော အရင်းငွေရပ်များကို လှည့်ပတ်ရန်ပုံငွေစာရင်း တွင်ထားရှိ၍ ပြန်လည်ထုတ်ချေးလျက်ရှိရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ MSME လုပ်ငန်းရှင် ၁၁၄ ဦးသို့ ငွေကျပ် ၂၂၆၂၄.၀၅ သန်းအား ထုတ်ချေးခဲ့ပြီး လှည့်ပတ်ရန်ပုံငွေစာရင်းရှိ လက်ကျန်ငွေများကို အထက်ဖော်ပြပါ ဘဏ်ခြောက်ဘဏ်မှတစ်ဆင့် အရင်းအနှီးလိုအပ်သော MSME လုပ်ငန်းရှင်များသို့ ဆက်လက် ထုတ်ချေးလျက်ရှိပါသည်။

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2)တွင် ချေးငွေရယူရန် ဆက်သွယ်လျှောက်ထား နိုင်သည့်ဘဏ်များ

(၁) မြန်မာနိုင်ငံသားများဘဏ် (MCB)

(၂) ကမ္ဘောဇဘဏ် (KBZ)

(၃) မြန်မာ့စီးပွားရေးဘဏ် (MEB)

(၄) သမဝါယမဘဏ် (CB)

(၅) ဧရာဝတီဘဏ် (AYA)

(၆) ပထမပုဂ္ဂလိကဘဏ် (FPB)

(၇) ယူနိုက်တက်အမရဘဏ် (UAB)

(၈) အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရေးဘဏ် (SMEDB) ၊

(၉) မြန်မာအရှေ့တိုင်းဘဏ် (MOB)

(၁၀) မြန်မာ့ရှေ့ဆောင်ဘဏ် (MAB)

(၁၁) နေပြည်တော်စည်ပင်ဘဏ် (NSB)

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) ဆောင်ရွက်မှု အခြေအနေ

JICA SME နှစ်ဆင့်ချေးငွေစီမံကိန်းအဆင့်-၂ (Phase-2) တွင်ဂျပန်ယန်း သန်း ၁၀၅၀၀ နှင့်ညီမျှသော မြန်မာကျပ် ၁၄၃၁၂၅ သန်းအား ရယူထားပြီး အထက်ဖော်ပြပါ ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ MSME လုပ်ငန်းရှင် ၄၈၉ ဦးသို့ ငွေကျပ် ၈၃၂၅၈ သန်းအား ထုတ်ချေးထားပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ MSME လုပ်ငန်းများအနေဖြင့် မိမိတို့လုပ်ငန်းများအတွက် လိုအပ်သော အရင်းအနှီးများကို အထက်ဖော်ပြပါဘဏ်များတွင် ဆက်သွယ်လျှောက်ထား ရယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

 

မြန်မာ့စီးပွားရေးဘဏ်