Skip to main content

အကြမ်းဖက်၊ ပြည်ဖျက်နှင့် စွက်ဖက်သူတို့၏ အကြံအစည်

ပြည်ဖျက်မီဒီယာများနှင့် မိမိတို့နိုင်ငံကို ဝင်ရောက်စွက်ဖက်လိုသော ပြည်ပနိုင်ငံအချို့မှ ပုဂ္ဂိုလ်များက မဟုတ်သည်ကို အဟုတ်လုပ်ကာ အတိုင်အဖောက်ညီညီဖြင့် မြန်မာ့ပြည်တွင်းရေးရာ များတွင် မမှန်မကန်ပြုလုပ်နေကြသည်။ ၎င်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကျဆင်းစေရန်နှင့် မြန်မာ့တပ်မတော်ကို ဆိုးဆိုးရွားရွား အဖွဲ့အစည်းတစ်ခုအဖြစ် ရှုမြင်လာကြစေရန် ဖန်တီးနေကြခြင်းပင် ဖြစ်သည်။ မြန်မာပြည်တွင်းရှိ အကြမ်းဖက်အုပ်စုများ၊ ပြည်ဖျက်မီဒီယာများနှင့် မြန်မာ့အရေးကို စွက်ဖက်လိုသူများ သုံးဦး သုံးဖလှယ် ပူးပေါင်းကြံစည် ပြုလုပ်နေကြသည့်အလားပင်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် ကာကွယ်ရေးနှင့် လုံခြုံရေးတို့အတွက် လက်နက်ကိုင် အဖွဲ့အစည်းများကို ဖွဲ့စည်းထားရှိကြရာတွင် စနစ်တကျ လေ့ကျင့် ဖွဲ့စည်းထားကြခြင်းနှင့်အတူ လိုအပ်သည့် စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်ဥပဒေတို့ကိုလည်း ချမှတ်ပြဌာန်းသားကြရ စမြဲပင်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများတွင် ပါဝင်နေသူ အရာရှိကြီး၊ ငယ်၊ အကြပ်၊ စစ်သည် စသူတို့မှာ လူသားများပင် ဖြစ်သည့်အလျောက် အမှားအယွင်းပြုတတ်ကြသည့် အားလျော်စွာ စည်းကမ်း ကျင့်ဝတ်ဥပဒေကို ပြဋ္ဌာန်းချက်များနှင့်အညီ ပြစ်မှုထင်ရှားပြုသူများကို လိုအပ်သလို အရေးယူ ရသည်။ အပြစ်ဒဏ်ချမှတ်ရသည်။ စစ်သည်တော်တို့ စစ်စည်းကမ်း၊ စစ်ဥပဒေချိုးဖောက်မှု၊ အရေးယူအပြစ်ပေးမှုတို့ကင်းသည့် တပ်မတော်ဟူ၍ မည်သည့်နိုင်ငံတွင်မှမရှိ။ ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး၊ ခေတ်အမီဆုံး အမေရိကန်နိုင်ငံ၏ တပ်မတော်သမိုင်းတွင်လည်း စစ်ရာဇဝတ်မှုတို့ အများအပြားရှိပြီး အချို့အမှုများမှာ ကမ္ဘာကျော်သည်။

ဗီယက်နမ်စစ်ပွဲကာလက တောင်ဗီယက်နမ်တွင် အမေရိကန် ကြည်းတပ်က ကျူးလွန်ခဲ့သည့် အစုလိုက် အပြုံလိုက်လူသတ်မှုကြီးဆိုလျှင် သမိုင်းတွင် အကြမ်ဘမ်ဆုံး၊ အရက်စက်ဆုံး စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းဝင်သည်။ ၁၉၆၈ ခုနှစ် မတ်လအတွင်း ကွန်မြူနစ် မြောက်ဗီယက်နမ်နှင့် ဗီယက်ကောင်း ပြောက်ကျားတို့၏ "တက်" အမည်ရှိ ထိုးစစ်ကြီး ဆင်နွှဲမှုကြောင့် တိုက်ပွဲများ အဆက်မပြတ် တိုက်ခိုက်နေရသလို အသေအပျောက် အထိအရှ များလှသည်နှင့်အမျှ အမေရိကန်တပ်ဖွဲ့များအတွင်း စိုးရိမ်စိတ်များနှင့်အတူ ဗျာများနေကြရ သည်။ လူသတ်ပွဲကြီးဖြစ်ပေါ်ခဲ့သည့် ရွာငယ်တည်ရှိရာ နေရာကို အမေရိကန်စစ်သားက “ပင့်ဗီးလ်” ဟူ၍ အမည်ပြောင် ပေးထားသည်။ လူဦးရေအများအပြား ရှိသည့်နေရာဖြစ်သည့် အတွက် နီကြောင်ကြောင်အရောင်ဖြင့် မြေပုံပေါ်တွင် ဆေးခြယ်ပြထားခြင်းကြောင့် ယင်းသို့ ခေါ်ကြခြင်းဖြစ်ပြီး ဗီယက်နမ်တို့ကမူ မီလိုင်ဟု ခေါ်ကြသည်။ ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးကြီး ကျရောက်မည့် ၁၉၆၈ ခုနှစ်မတ်လ ၁၆ ရက် နံနက်ခင်းတွင် မီလိုင်ရွာကလေးသည် ပုံမှန် အတိုင်းရှိနေပြီး နံနက်ခင်း စားသောက်နေကြသည့်အချိန် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးများ၊ နို့စို့အရွယ်ကလေးနှင့် ဘုန်းတော်ကြီးပါမကျန် လူ ၅၀၀ ခန့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးကို အမေရိကန်ကြည်းတပ်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ဖုံးဖိလည်းထားခဲ့သည်။ နောက်ပိုင်းတွင်လည်း စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများရှိခဲ့ရာ ပင်လယ်ကွေ့စစ်ပွဲအတွင်း အရပ်ဘက် အဆောက်အအုံများကို တိုက်ခိုက်မှု၊ လက်နက်ချအညံ့ခံခဲ့သည့် လက်နက်မဲ့ အီရတ်စစ်သည် ၃၅၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်မှု၊ ဂွါတာနာမို အကျဉ်းစခန်းမှ ရက်စက်ကြမ်းတမ်းသည့် စစ်ကြောရေး နည်းလမ်းများ စသည်တို့ ကမ္ဘာကျော်ခဲ့သည်။

မကြာမီရက်ပိုင်းအတွင်းက ဆားလင်းကြီးမြို့နယ် ဒုံးတောရွာတွင် လူ ၁၀ ယောက်ကျော် မီးရှို့သတ်ဖြတ်ခံရမှုမှသည် မန္တလေးမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့်သွားသည့် သူနာပြုအမျိုးသမီး လင်မယားကို သတ်ဖြတ်မှုအထိ တပ်မတော်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ဖျက်မီဒီယာ များက အထောက်အထားမဲ့ လုပ်ကြံထုတ်လွှင့်ခဲ့ကြသလို ပြည်ပမှစွက်ဖက်လိုသူတို့ကလည်းဝင်၍ ငြာသံပေးခဲ့ကြသည်။ အကြမ်းဖက်သမား များ၊ ပြည်ဖျက်မီဒီယာများနှင့် ပြည်ပစွက်ဖက်ရေးသမားများ၏ ရည်ရွယ်ချက်မှာ သတင်းအချက်အလက် မှန်ခြင်း၊ မမှန်ခြင်းထက် မြန်မာနိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်းသည်သာ အဓိကအဖြစ် ထင်ရှားစွာ တွေ့မြင်ရသည့်အလျောက် နိုင်ငံကို ချစ်မြတ်နိုးသူတိုင်းက သတိကြီးစွာထား၍ ကာကွယ်နိုင်ကြပါစေကြောင်း။ ။