Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၈/၂၀၂၁)သို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၈/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ် ကြီးမြထွန်းဦး၊  ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊  ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ တက်ရောက်ကြသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရရှိရေး

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားရာတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဝယ်ယူမှု၊ ပြည်ပနိုင်ငံများမှ နိုင်ငံတော်နှင့်တပ်မတော်သို့လှူဒါန်းမှု၊ ပုဂ္ဂလိကလှူဒါန်းမှု နှင့် မြန်မာ-တရုတ် နယ်စပ်ဒေသအတွက် တရုတ်-မြန်မာချစ်ကြည်ရေးအသင်းက လှူဒါန်းမှုများ အပါအဝင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးရောက်ရှိမှုမှာ စုစုပေါင်း ၄၂၇၇၁၆၀၀ ရှိပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ်ဆေးအလုံးရေ တစ်သန်းမှာလည်း ယခုလအတွင်းရောက်ရှိရန်ရှိပြီး တရုတ်နိုင်ငံမှလည်း ကာကွယ် ဆေးများထပ်မံလှူဒါန်းပေးမည်ဟုသိရှိရကြောင်း၊ ဂျပန်နိုင်ငံ Nippon Foundation မှလည်း ကာကွယ်ဆေး အလုံးရေ ၂ သန်းလှူဒါန်းပေးသွားမည်ဖြစ်ပြီး ယခုလတွင် ၁ သန်း၊ ဇန်နဝါရီလတွင် ၁ သန်းရောက်ရှိမည်ဟုသိရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံပြီးမှု Doses အရေအတွက် ၃၁၀၄၉၂၇၅ ၊ လက်ကျန် Doses အနေဖြင့် ၁၁၇၂၂၃၂၅ ဖြစ်ပြီး နှစ်ကြိမ်အပြည့်ဆေးထိုးနှံပြီးသူ ၁၂၆၉၃၉၄၅ ဦး၊ တစ်ကြိမ်ထိုးနှံပြီးသူ ၅၆၆၁၃၈၅ ဦး ဖြစ်သဖြင့် တစ်ကြိမ်နှင့်အထက်ဆေးထိုးနှံပြီးသူ ၁၈၃၅၅၃၃၀ ဦးဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် ယခုနှစ်ဒီဇင်ဘာလအတွင်း တစ်နိုင်ငံလုံး ၁၈ နှစ်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မျှော်မှန်းထားသည်ထက် ကျော်လွန်နိုင်မည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ Booster ထိုးနှံလိုသူများ အနေဖြင့်လည်း သတ်မှတ် စည်းကမ်း များနှင့်အညီ ပုဂ္ဂလိကဆေးရုံများ၌ ထိုးနှံနိုင်ရေးခွင့်ပြု ပေးနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မလိုလားအပ်သော ဘေးထွက် ဆိုးကျိုး များမဖြစ်စေရေးအတွက် အသိအမှတ်ပြုထားသော ဆေးဝါးများဖြစ်စေရေး ပုဂ္ဂလိက ဆေးရုံများနှင့် ဆေးခန်းများအနေဖြင့်လည်း သတ်မှတ်စည်းကမ်း များအား လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ကာကွယ်ဆေးထုတ်လုပ်ရေး

ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိပြီး ဇန်နဝါရီလအတွင်း စတင်ထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက် ရှိကြောင်း၊ ဆေးစတင်ထုတ်လုပ် ချိန်မှစ၍ တစ်လလျှင်ဆေးအလုံးရေ ၅ သန်း ထုတ်လုပ်နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်း ရောဂါပိုးများ ကူးစက်မှုမရှိသေး သော်လည်း အိမ်နီးချင်း နိုင်ငံအချို့နှင့် ဒေသတွင်းနိုင်ငံအချို့တွင် ကူးစက်မှုများရှိနေသဖြင့် နိုင်ငံအတွင်း ကူးစက်မှုမရှိစေရေး သတိထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံ ထားသူများတွင် ထိခိုက်မှုနှုန်းနည်းပါးသည်ဟု သိရှိရကြောင်း၊ ရောဂါကူးစက်မှုများ ပြားလာပါက အဆင့်သင့်ကုသနိုင်ရေး ဆေးရုံ၊ ဆေးခန်းများကိုလည်း ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ထားပြီး ဖြစ်ကြောင်း။

အကြမ်းဖက်သတ်ဖြတ် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ထိရောက်စွာဟန့်တား ထိန်းချုပ်နိုင်ရေးနှင့် ဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အများစုကို အချိန်မီဖမ်းဆီးဖော်ထုတ် နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်၏တာဝန်ကို ယူထားခြင်းဖြစ်ပြီး တပ်မတော်က တိုက်ရိုက်မအုပ်ချုပ်ဘဲ အုပ်ချုပ်ရေးနှင့်ပတ်သက်၍ အရပ်သားအများစုကိုသာ တာဝန်ပေးအပ် ထားခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံး ဆောင်ရွက်နေခြင်းဖြစ်သဖြင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များက ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ထိရောက်စွာ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူများနှင့်ဆက်ဆံရာတွင်လည်း  ကောင်းမွန်ပြေ ပြစ်သော ဆက်ဆံရေးဖြင့် ဆောင်ရွက်သွားရန်လိုပြီး တတ်နိုင်သမျှ ပြည်သူများအပေါ်စိတ်ရှည် စွာဖြင့် လုပ်ပေးနိုင်သည်ကို စီမံဖြည့်ဆည်းပေးရန်လို ကြောင်း၊ အုပ်ချုပ်မှုနှင့်ပတ်သက်၍ဥပဒေအရ၊ ဒီမိုကရေစီနည်းလမ်းအရ နားလည်အောင် အသိပညာပေးခြင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လည်း အမြဲမပြတ်‌ ဖော်ထုတ်ဖမ်းဆီးပြီးထုတ်ပြန်၍ရသည့် သတင်းများကို လည်းစဉ်ဆက်မပြတ် ထုတ်ပြန် ပေးလျက်ရှိကြောင်း၊ ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်း ကျသည့်လုပ်ရပ်ဖြစ်ပြီး လူထုကိုအကြောက် တရားဖြစ်အောင်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူကိုခြိမ်းခြောက်၍ အကြောက်တရားဖြစ် အောင် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနှင့်ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိ ကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပြည်သူများအားလုံးနှင့် တာဝန်ရှိ သောအုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်း၍ စုပေါင်းအားဖြင့် ဆောင်ရွက် သွားကြရန်လိုကြောင်း။

ကျန်ရှိသည့်အမှုများကို ဆက်လက်စစ်ဆေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ယခုလ ၆ ရက်နေ့က ပုဒ်မနှစ်ခု ဖြင့် ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး ၂ နှစ်လျှော့ပေါ့ပေးခဲ့ကြောင်း၊ ကျန်ရှိ သည့်အမှုများကို ဆက်လက် စစ်ဆေးနိုင်ရန်အတွက် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း မရှိဘဲ ယခုလက်ရှိနေရာတွင်သာ ဆက်လက်ထားရှိရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်မြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက် ချမှတ်သည့်အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါရှေ့နေများမှတစ်ဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှေ့နေများမှတဆင့် ၎င်း၏ မှတ်ချက်များပေးနိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့အနေဖြင့် စတင်တာဝန် ယူချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ်များအား လွတ်လပ်စွာဖြင့်ထားရှိခဲ့ပြီး ၎င်းတို့၏နေရပ်များသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ထိုသို့ပြန်လည်စေလွှတ်ပြီးချိန်တွင် အချို့ပုဂ္ဂိုလ်များမှာဥပဒေအရ ရင်ဆိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက်လမ်းစဉ်ဖြင့် တုန့်ပြန်ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း။

နိုင်ငံသားမှတ်ပုံတင်များ ရရှိရန်အရေးကြီး

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှား ယွင်းမှုပြဿနာများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရာတွင် မှတ်ပုံတင်မပါဘဲ မဲပေးခဲ့ သူ ၃ သန်းကျော်ရှိခဲ့သဖြင့် မဲပေးခွင့်ရှိသူများအားလုံး နိုင်ငံသားစိစစ်ရေးကတ် ရရှိရေး နှင့် တစ်ဖက်နိုင်ငံသို့ထွက်ခွာသွားသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအား ပြန်လည် ဖွဲ့စည်း၍ ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံသားမှတ်ပုံတင်များ ပြုလုပ်ပေးနိုင်ရေး အတွက် ပန်းခင်းစီမံချက်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားများအားလုံး နိုင်ငံသား မှတ်ပုံတင်များ ရရှိရန်အရေးကြီးကြောင်း။

အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အခြေခံ ရပ်ကွက်/ကျေးရွာ အဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် စသည်ဖြင့် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိပြီး အဓိကအကျဆုံးမှာ ခရိုင်အဆင့် ဖြစ်ကြောင်း၊ ထို့ကြောင့် ထိရောက်သောဒေသဖွံ့ဖြိုးမှုလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ခရိုင်အဆင့်ရုံးများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပြီး သတ်မှတ်ချက်များနှင့်အညီ ခရိုင်အဆင့်ရုံးများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ကောင်စီအဖွဲ့ဝင်များအနေဖြင့် အကြံပြုပေးကြရန် အသိပေးပြောကြားလိုကြောင်း။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက္ကသိုလ်၊ ကောလိပ်များပြန်လည်ဖွင့်လှစ် နိုင်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ­­­“ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံကျောင်း တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အခုအခြေခံပညာကျောင်း တွေကတော့ ကျွန်တော် တို့ဖွင့်ပါပြီ။ ဖွင့်နိုင်ပြီ။ တက္ကသိုလ်၊ ကောလိပ်တွေထဲမှာ ကျွန်တော်တို့ ပညာရေးနဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ကမဟုတ်တဲ့ တက္ကသိုလ်၊ ကောလိပ်တွေ၊ ယဉ်ကျေးမှု တက္ကသိုလ်လိုဟာမျိုး။ ယဉ်ကျေးမှုဝန်ကြီးဌာနပေါ့။ နောက်တစ်ခါ လယ်ယာ စိုက်ပျိုးရေး၊ သစ်တောရေးရာဝန်ကြီးဌာန၊ မွေးမြူရေးဝန်ကြီးဌာန အဲဒီကနေပြီးတော့ ဒီလိုတက္ကသိုလ်တွေ ဖွင့်ဖို့လည်း ကျွန်တော်တို့ခွင့်ပြုပေးတာတွေရှိပါတယ်။ နောက် သံဃာနဲ့ပတ်သက်တဲ့ သံဃာ့တက္ကသိုလ်တွေ ဖွင့်ခွင့်ပေးတာတွေရှိပါတယ်။ အကြမ်း ဖျဉ်းက ဇန်နဝါရီ ပထမပတ်မှာ တက္ကသိုလ်တွေစပြီးဖွင့်ပါမယ်။ အဲဒီတော့ တက္ကသိုလ် ဖွင့်လှစ်ရေး နဲ့ပတ်သက်ပြီးတော့လည်း အဓိက က ကိုဗစ်ကိုထိန်းနိုင်ဖို့ကတော့ တော်တော်လေး အဓိကကျပါတယ်။ အဲဒီတော့ကိုဗစ်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ကြည့်တဲ့အခါကျတော့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ၄၂၃ ယောက်ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှာ ၅၂၁ ယောက် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ ၄၀၂ ယောက် ဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ ၃၇၄ ယောက်ဖြစ်တယ်။ ဒီဇင်ဘာ ၅ ရက်နေ့မှာ ၂၈၅ ယောက်ဖြစ်တယ်။ ဒီဇင်ဘာ ၆ ရက်နေ့မှာ ၂၃၀ ဖြစ်တယ်။ ဒီဇင်ဘာ ၇ ရက်နေ့မှာ ၃၆၇ ယောက်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ ၃၉၈ ယောက်။ ဒီဇင်ဘာ ၉ ရက်နေ့မှာ ၃၄၇ ယောက်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ၂၇၄ ယောက်။ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ၃၇၅ ယောက်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ၂၈၀ ယောက်ဖြစ်ခဲ့တယ်။ ဆိုတော့ သိပ်တော့မငြိမ်သေးဘူး ဆိုတာသွား ဖော်ပြနေတယ်။ ၃၀၀ ကျော်နဲ့ ၄၀၀ ကျော်နဲ့ ၅၀၀ ကျော်နဲ့ ဒီလိုသွားဖြစ်နေပါတယ်။ အဲဒီတော့ ဒါကလည်း ကျွန်တော် တို့ကလည်း ဖြစ်နိုင်လို့ရှိရင် ၂၀၀ နဲ့အောက်ကို ၂ ရာခိုင်နှုန်းအောက်မှာ ငြိမ်ဖို့လို တာပေါ့။ မနေ့ကဆိုရင် ၂ ရာခိုင်နှုန်းအထက်တွေ ပြန်ရောက်လာတာ ကျွန်တော်တို့ တွေ့တယ်။ ကျွန်တော်တို့ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျောင်းတွေ ဖွင့်မယ်ဆိုရင်တော့ ကိုဗစ်ထိန်းချုပ်ရေးကတော့ တော်တော်လေးကို အလေးထားလုပ်ရမယ့် အနေအထား ရှိပါတယ်။ အားနာလို့မရပါဘူး။ ဒါလည်း ကျွန်တော် Cabinet မှာလည်း ကျွန်တော် တို့ပြောခဲ့ပါတယ်။ ကျွန်တော်သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းတွေရောက်တဲ့ အချိန်မှာ လည်း ကျွန်တော်တပ်မတော်က အဖွဲ့တွေကိုလည်း ကျွန်တော်အကုန်မှာပါတယ်။ မင်းတို့အားမနာနဲ့၊ အားမနာနဲ့၊ ငါတို့ရေရှည် ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတွေမှာ အများကြီးအနှောက်အယှက် ဖြစ်သွားနိုင်တယ်။ ဒါကြောင့် ကိုဗစ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ရင် အားမနာပါနဲ့၊ ကိုင်ပါလို့ ကျွန်တော်ပြောထားတာရှိပါတယ်။ တစ်ဖက်က လည်း ဒီကိုဗစ်မဖြစ်အောင် လုပ်ဖို့လိုသလို တစ်ဖက်ကလည်း ကိုဗစ်ရဲ့အခြေအနေ ပေါ့ဗျာ။ အခုက ဥပမာအားဖြင့် ကျွန်တော်တို့က Third Wave ဖြစ်ပြီးတော့ Fourth Wave  မှာ ကျွန်တော်တို့မှာမဖြစ်လိုက်ဘူး။Third Wave နဲ့ကျွန်တော်တို့ပြီးသွားတယ်။ အိုမီခရွန်လည်း ဒီလိုပဲ။ ဒါပေမယ့် အခြားနိုင်ငံမှာ နိုင်ငံပေါင်း ၄၀ ကျော် ၅၀ လောက် တွေ့နေပြီ။ ကျွန်တော်တို့ သတိထားရမယ့် အနေအထားတော့ရှိတယ်။ အဲ့ဒီတော့ဘာပဲ ပြောပြော ကိုယ့်ဘက်ကတော့ ဆေးရုံတွေ ဘာတွေကအကုန်ပြင်ထားဖို့လိုပါတယ်။ ဒါကြောင့် ကျွန်တော်ကျန်းမာရေး ဝန်ကြီးဌာနက ဆေးရုံတွေ၊ ကျွန်တော်တို့တပ်မတော် ဆေးရုံတွေအားလုံးကို ဒီကိုဗစ်နဲ့ ပတ်သက်ပြီးကုဖို့ သီးခြားနေရာတစ်ခု လုပ်ခိုင်း ထားပါတယ်။ သီးခြားနေရာတွေ၊ Oxygen Plant တွေ အကုန်လုံးရှိရမယ်။ အဲ့ဒီတော့ ဆရာဝန်တွေအကုန်လုံးရှိရမယ်။ ကိုဗစ်မရှိလို့မလုပ်ဘူးဆိုပြီး သွားမလုပ်နဲ့။ ဖြစ်ကာမှ မျက်ကလဲဆန်ပြာနဲ့။ ဘယ်မှာမှရှာမရ။ ဟိုပစ္စည်းသုံးမရ။ ဒီပစ္စည်းက သုံးမရ။ ဟိုဟာ ကရှာမရ။ ဒီဟာကရှာမရနဲ့။ ကျွန်တော်တို့တော်တော်ကို အခက်အခဲဖြစ်ခဲ့ဖူးတယ်။  ဒါလည်း ပြည်နယ်နဲ့တိုင်းအလိုက်က နည်းနည်းပြန်ပြီး စစ်ဆေးကြပ်မတ်ပေးဖို့ ကျွန်တော်ပြောလို ပါတယ်။ အဲ့ဒီတော့အဲ့ဒါတွေအပေါ် မူတည်ပြီးတော့ ကောင်းတယ် ဆိုရင်၊ အခြေအနေ ကောင်းတယ်ဆိုရင် ကောလိပ်တွေ၊ တက္ကသိုလ်တွေ ကျွန်တော်တို့ လာမယ့်ဇန်နဝါရီလ ပထမပတ်ထဲမှာ ကျွန်တော်တို့ဖွင့်ပါမယ်။ လွတ်လပ်ရေးနေ့ပြီးရင် ကျွန်တော်တို့ဖွင့်ဖို့ ရည်ရွယ်ထား ပါတယ်။” ဟုပြောကြားသည်။

ကျန်းကျန်းမာမာ ပညာသင်ကြားနိုင်ရေး

ကျောင်းသား၊ ကျောင်းသူများ လုံခြုံမှုရှိစွာဖြင့် ကျန်းကျန်းမာမာ ပညာသင် ကြားနိုင်ရေး လိုအပ်ကြောင်း၊ အလားတူကျောင်းသားများ အမှန်တကယ် တတ်မြောက် ရေးအတွက်ကျောင်းခေါ် ချိန်ပြည့်မီရေး သည်လည်အရေးကြီးသဖြင့် ကျောင်းခေါ်ချိန် အားကန့်သတ်ဆောင်ရွက်ရန် လိုကြောင်း၊ အခြေခံပညာကျောင်းများအား ၇၈ ရာခိုင် နှုန်း ပြန်လည်ဖွင့်လှစ်နိုင်ပြီးဖွင့်လှစ်ရန် ၂၂ ရာခိုင်နှုန်းကျော်ခန့်ကျန်ရှိနေ‌သေးကြောင်း၊ ဥပမာအားဖြင့် နေပြည်တော်ကောင်စီ နယ်မြေတွင် ရာခိုင်နှုန်းပြည့်ဖွင့်လှစ်နိုင်ပြီး၊ ကျန်ရှိသည့် ကျောင်းများမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၂ ကျောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ၃၂ ကျောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၃၇ ကျောင်းနှင့် အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့တို့ရှိ စာသင်ကျောင်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါအခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက်လည်း အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။

မြေယာကိစ္စ

မြေယာကိစ္စနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများအကြောင်းပြ၍ မြေလျှောက်ခြင်းများနှင့် တရားမဝင်မြေယာကျူးကျော် နေထိုင်မှုများရှိခဲ့ပြီး အချို့နေရာများတွင် အိမ်ယာစီမံကိန်းများအကြောင်းပြ၍ မြေများ ရယူထားရှိမှုများရှိကြောင်း၊ သို့သော်အချို့နေရာ များတွင် စီမံကိန်းများအား အကောင် အထည်ဖော်ဆောင်ရွက်ခြင်းများမရှိခြင်းနှင့် စိုက်ပျိုးမြေများ အပေါ်တွင် ဥပဒေကို ကျော်၍ အခြားနည်းများဖြင့် အသုံးပြုခြင်းများဖြစ်ပေါ်လျက်ရှိသည်ကို သိရှိရကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုများအပေါ် တာဝန်ရှိသူများက ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုး ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း ဖြင့်ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်းတို့က အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ခံ အားပေးသူများတွင် အချို့သော ပုဂ္ဂလိက ကျောင်းများနှင့် ကျောင်းဆရာများပါဝင် နေသည့်အတွက် ကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြန်လည်စိစစ်သွားရေး၊ မဲစာရင်းလိမ်လည်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုစစ်ဆေးဆဲ ကာလတွင် အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် သတင်းထုတ်ပြန်ပေးနိုင်ရေး၊ မဲမသမာမှု ကျူးလွန်ခဲ့သူအဆင့်အဆင့်အား သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်ရေး၊  မြန်မာ - တရုတ် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရေး၊ ကုန်စည်သယ်ယူ ပို့ဆောင်မှု စားရိတ်စကများ သက်သာမှုရှိစေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များ ဈေးမှန်ရရှိစေရေး၊ လမ်းပန်းဆက်သွယ်မှုများ လျှင်မြန်ချောမွေ့စေရေးအတွက် မြန်မာနိုင်ငံ အရှေ့၊ အနောက် မီးရထားလမ်းများနှင့် ကားလမ်းများ ထပ်မံဖောက်လုပ် ရေး၊ကမ်းရိုးတမ်းဒေသတစ်လျှောက် သန္တာကျောက်တန်းနှင့် ဒီရေတောများ ထိန်းသိမ်း ရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်သွားရေး၊ လူငယ်ရေးရာ ကော်မတီများ မှ လူငယ်မူဝါဒကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ တိုင်းရင်း သားလူမျိုး များ၏ အားကစားနည်းများကိုဖော်ထုတ်၍ ပွဲတော်များတွင် ထည့်သွင်း ကျင်းပသွားနိုင်ရေး၊ မြေအောက်အပူစွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အတွက် ကျွမ်းကျင်ပညာရှင် များဖြင့်ဆွေးနွေးသွားရေး၊ မင်းတပ်ဒေသတွင် ဝဥ နှင့် တွဲဖက်စိုက်ပျိုးနိုင်သည့် သီးနှံအမျိုး အစားများကို သုတေသနပြုလုပ်ပေးရေး၊ ဝဥ စိုက် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ရရှိနိုင်ရေး၊ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာ များတွင်အချိန်နှင့် တပြေးညီ သတင်းမှန်ပြန်ကြားပေးနိုင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အတွင်း ဒေသအခြေအနေအရ လိုအပ်သောဌာနဆိုင်ရာ အစိုးရရုံးအဖွဲ့များတိုးချဲ့ဖွဲ့စည်းနိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးချက် များအပေါ် ပြန်လည်ရှင်းလင်းပြောကြားရာတွင် မြေအောက်အပူစွမ်းအင် ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သွားမည် ဖြစ် ကြောင်း၊ တိုင်းရင်းသား လူမျိုးများ၏ အားကစားနည်းများ ဖော်ထုတ်ရေးကိစ္စကို အားပေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  မြဝတီ - မဲဆောက်မှ ရန်ကုန်ကိုဖြတ်ပြီး ငရုပ်ကောင်းဘက်သို့သွားသည့် လမ်းနှင့်ပတ်သက်၍လည်း ဆက်လက်ဆောင်ရွက်နိုင် ရန် ခွင့်ပြုပေးပြီးဖြစ်ကြောင်း။

ကုန်ထုတ်သမဝါယမစနစ်ကို ထူထောင်

ကျေးလက်လမ်း၊ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများ ကိုလည်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ တောင်သူများ၏ စိုက်ပျိုး ရေး ထွက်ကုန်များ ဈေးကောင်းရရှိရေးအတွက် ကျေးလက်မှ တိုက်ရိုက်ရောင်းချ နိုင်သည့် ကုန်ထုတ်သမဝါယမ စနစ်ကိုထူထောင်ရန် လုပ်ဆောင်နေကြောင်း၊ ၂၀၀၈ ခုနှစ်တွင်ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူအများစုသည် လေကြောင့် သေဆုံးခြင်းထက် ရေကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ဧရာဝတီတိုင်းမှ လုမုပင်များ အဟောသိကံ ထုတ်ပြီး မီးသွေးဖုတ်၊ ထင်းခုတ်ခဲ့သဖြင့် အစားထိုးပြန်လည်စိုက်ပျိုးမှု အားနည်းပြီး ပင်လယ်ရေကို မတားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်တွင် အလားတူ အန္တရာယ်များကို ကာကွယ်တားဆီးနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဒီရေတောများ ဖြစ်ထွန်းအောင် စိုက်ပျိုးခြင်းနှင့် ရှိပြီးသားဒီရေတောများ ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဧရာဝတီ၊ ရခိုင်၊ ရန်ကုန်၊ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းဒေသများတွင် လမုပင်များ၊ အုန်းပင်များစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ အုန်းထွက်ပစ္စည်များသည် များစွာအသုံးဝင် ပြီး တန်ဖိုးလည်း ရှိကြောင်း၊ မြစ်ဝကျွန်းပေါ် တစ်လျှောက်လုံးတွင် အုန်းပင်နှင့် လမုပင်များ စိုက်ပျိုးရမည် ဖြစ်ကြောင်း။

သစ်တောများကို ပြန်လည်ထိန်းသိမ်းခြင်း

သစ်တောများကိုပြန်လည်ထိန်းသိမ်း၍ မိမိတို့နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု ၄၁ ရာခိုင်နှုန်းမှ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သစ်တောများ ကို မူလအခြေအနေအထိ ပြန်လည်ရောက်ရှိအောင် ကြိုးစားထိန်းသိမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြေနှင့်ပတ်သက်၍ မြေကိုအကျိုးရှိစွာ အသုံးချနိုင်ရန် မြေယာ စီမံခန့်ခွဲမှုကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း။

စီးပွားရေးကုန်သွယ်မှုမြှင့်တင်

ရွေးကောက်ပွဲ မဲမသမာမှုများနှင့် ပတ်သက်၍လည်း ပြည်တွင်းပြည်ပက သိရှိအောင် ဆောင်ရွက် နေကြောင်း၊ ရွေးကောက်ပွဲတွင် မမှန်မကန်ဆောင်ရွက်ခဲ့သည့် တာဝန်ရှိသူများနှင့် ပါဝင်ပတ်သက် သူများကိုလည်း အရေးယူဆောင်ရွက်လျက် ရှိကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဆက်လက်တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများနှင့် စီးပွားရေးကုန်သွယ်မှု မြှင့်တင်ရေးနိုင်ရေးအတွက် အလေးထား ဆောင်ရွက်နေကြောင်း၊ မြန်မာကျပ်ငွေနှင့် ၎င်းတို့နိုင်ငံသုံးငွေ တိုက်ရိုက်ပေးချေ နိုင်ရန် အိန္ဒိယ၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် သဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် ဘက်ပေါင်းစုံမှ အတတ်နိုင်ဆုံး ဆောင်ရွက် နေကြောင်း။

ချင်းပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရရှိနိုင်ရေးနှင့် မဏိပူရရေအား လျှပ်စစ်စီမံကိန်းမှ ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင်ကလေး ကျောက်မီးသွေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးနှင့် ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် အစပ်တွင် ရေအားလျှပ်စစ်စနစ်ဖြင့် လျှပ်စစ်ဓာတ် အားထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေ့ပြောင်းတောင်ယာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ တောတောင်များ မပြုန်းတီးစေရေးနှင့် ရေဝေရေလဲဒေသများ ကာကွယ်ရေးကို ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ လူမှုကွန်ရက် စာမျက်နှာ များကို အသုံးပြု၍ သတင်းအမှန်ထုတ်ပြန်နိုင်ရေးနှင့် စပ်လျဉ်း၍ ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ဒေသအလိုက် လိုအပ်ချက် အရ ဒေသအဆင့် အဆုံးအဖြတ်ပေးနိုင်မည့် ခရိုင်ရုံးများအဖြစ် သတ်မှတ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

နိုင်ငံရေးရည်ရွယ်ချက်နှစ်ခု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရ၏ နိုင်ငံရေးရည်ရွယ်ချက်နှစ်ခုမှာ တိုင်းပြည်သာယာဝပြောရေးနှင့်  တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေးဖြစ်ကြောင်း။ ဒေသအလိုက် စားနပ်ရိက္ခာဖူလုံရန် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများသည် ပြည်သူပြည်သားများ စားနပ်ရိက္ခာဖူလုံစေရေး ဆောင်ရွက်ပေးရန် လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်များ အနေဖြင့်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဆွေးနွေး ဖော်ဆောင် သွားကြစေလိုကြောင်း။

ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပေးသွားမည်

မိမိတို့နိုင်ငံတွင် ၁၉၉၅ နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ် များမှမွေးထုတ်ပေးခဲ့သည့် ဆရာဝန်များ ၃ သောင်းကျော်ရှိသော်လည်း  နိုင်ငံ့ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်နေသူ ၁ သောင်းခန့်သာရှိသည့်အတွက် ထက်ဝက်ပင်မရှိ သည်ကို တွေ့ရကြောင်း၊ အဆိုပါဆရာဝန်များသည် ယခုအခါ အသက်အားဖြင့် ၅၅ နှစ်ဝန်းကျင်သာရှိမည်ဖြစ်၍ နိုင်ငံ့တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သည့် အရွယ် များပင်ဖြစ်သော်လည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်မှုမပြုသဖြင့် တိုင်းပြည်အတွက် များစွာနစ်နာရကြောင်း၊ ထို့ကြောင့် လာမည့်  တက္ကသိုလ်ဝင်တန်းစာမေးပွဲ ခေါ်ဆိုရာ တွင် အင်္ဂလိပ်၊  ဇီဝဗေဒနှင့် ဓာတုဗေဒဘာသာရပ်များတွင် အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်စာ မေးပွဲဖြေဆိုခွင့်ပေးသွားမည်ဖြစ်ပြီး ထိုသို့ ဆေးတက္ကသိုလ် သို့ တက်ရောက် ပညာသင်ကြားရာတွင်လည်း ပညာသင်ထောက်ပံ့ကြေးပေး၍ ကျောင်းတက်ခွင့်ပေးသွားမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀ နှစ်တာဝန် ထမ်းဆောင်သွားရန် ဝန်ခံကတိလက်မှတ် ရေးထိုးရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်လိုသူများအနေဖြင့် ပညာသင်ကြားရေးစရိတ်များ နိုင်ငံတော်သို့ ပြန်လည် ပေးချေရမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီ နယ်မြေ တွင်လည်း ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်း ဘာသာရပ်များသင်ကြားနိုင်မည့် တက္ကသိုလ်တစ်ခုရှိရန် လိုအပ်သည်ဟု ယူဆပါကြောင်း၊ ယင်းအတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်းဖြင့် ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်