Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဒီဇင်ဘာ  ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် က အိန္ဒိယနိုင်ငံတွင် မကြာမီကဖြစ်ပွားခဲ့သည့် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ်ကြောင့် အိန္ဒိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Bipin Rawat  အသက် ဆုံးရှုံးခဲ့ရမှုအပေါ် မိမိအနေဖြင့် ဝမ်းနည်းပါကြောင်း ပြောကြားပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အိန္ဒိယနိုင်ငံမှ ကူညီဆောင်ရွက်ပေးလျက်ရှိမှုနှင့်  နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာများတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများအပါအဝင် အခြားနယ်ပယ်များတွင်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ၊ လုံခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)