Skip to main content

ထောက်ပံ့ငွေများပေးအပ်ပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက် ပေးအပ်

ဘားအံ  ဖေဖော်ဝါရီ  ၂၈

ကရင်ပြည်နယ်အတွင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ ကိုယ်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ လူမှုအားမာန်အဖွဲ့များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ထောက်ငွေပေးအပ်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၂၁နှစ်အောက်ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆွတ်ခူးခဲ့သည့် ကရင်ပြည်နယ် ဘောလုံးအသင်းအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဘားအံ ဇွဲကပင် ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  ကရင်ပြည်နယ် ဝန်ကြီးချုပ်‌ ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာ(၅)ခုအတွက် ထောက်ပံ့ငွေ သုံးရာခြောက်ဆယ့် သုံးသိန်းခြောက်သောင်းကျပ်၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြို ကျောင်း(၅၄) ကျောင်းမှ ဆရာမ လစာထောက်ပံ့ငွေ ငါးရာတစ်ဆယ့်ရှစ်သိန်းလေးသောင်းကျပ်၊ မူလတန်းကြိုကျောင်း(၅၄) ကျောင်း အတွက် သင်ထောက်ကူထောက်ပံ့ငွေ ငါးဆယ်လေးသိန်းကျပ်နှင့် လူမှုအားမာန် ၁၂ဖွဲ့ အတွက်၁ဖွဲ့လျှင် ဆယ်သိန်းနှုန်းဖြင့် သိန်းတစ်ရာ့နှစ်ဆယ်တို့အား ထောက်ပံ့ပေးရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၂၁နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက် ဆုဆွတ်ခူးခဲ့သော ကရင်ပြည်နယ် ကိုယ်စားပြု ဘောလုံးအသင်းအား ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြု ထောက်ပံ့ပွဲကို ကျင်းပရာ ကရင် ပြည်နယ် အစိုးရအဖွဲ့မှ ဂုဏ်ပြုထောက်ပံ့သော ငွေကျပ်သိန်း၁၃၀ကျပ်အား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်း ခင်ထွေးမြင့် ကပေးအပ်ရာ ဘောလုံးအသင်းသားများက လက်ခံရယူပြီး တံခွန်စိုက် ဒိုင်းအားလွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)