မန္တလေး ဇန်နဝါရီ ၅
(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲ (၂၀၂၀) ကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့တွင် ကျင်းပပြုလုပ်ရာ အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသူများ၏ စကားသံများ စုစည်းတင်ပြလိုက်ပါသည်။
မောင်ဇာနည်ထွန်း (အလွတ်တန်းအမျိုးသား-ပထမ)
ဒီပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ကျွန်တော့်ဆရာသမားနဲ့အတူ တော်တော်ကြာ လေ့ကျင့်ခဲ့ပါတယ်၊ ဒီပြိုင်ပွဲပါဝင်ယှဉ်ပြိုင်တာ ဒီနှစ်နဲ့ဆို လေးနှစ်ရှိပါပြီ၊ ဆုရရှိတဲ့အတွက် အရမ်းလည်း ပျော်ရွင်ပါတယ်၊ ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။
မောင်အောင်မြင့်မြတ်(လူသစ်တန်းအမျိုးသား-ပထမ)
ခုလိုမန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကျင်းပပေးတာ အရမ်းကောင်းပါတယ်၊ လူငယ်တွေအနေနဲ့ ဆုရရှိတာ၊ မရရှိတာကို အဓိကမထားဘဲ ပါဝင်ယှဉ်ပြိုင် သင့်ပါတယ်၊ ဘာလို့လဲဆိုတော့ အားကစားလုပ်တာ ကျန်းမာရေး အထူးကောင်းမွန်ပါတယ်၊ ခုလို အားကစားပြိုင်ပွဲတွေ ပြုလုပ်ပေးတဲ့အတွက် လူငယ်တွေ ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ ဘီယာနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ကာကွယ်ရာလည်း ရောက်ပါတယ်၊ ဒီပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တာ သုံးကြိမ်ရှိပါပြီ၊ ပထမအကြိမ်က အဆင့်(၁၈)ရပါတယ်၊ ဒုတိယအကြိမ်က အဆင့်(၁၀) ရပါတယ်၊ ဒီနှစ်ကတော့ ပထမပေါ့၊ ခုလိုဆုရရှိအောင် ဆရာသမားနဲ့အတူ နံနက်တိုင်း လေ့ကျင့်ပြင်ဆင် ခဲ့ရပါတယ်၊ ဆုရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်။
မအေးအေးသန့် (အလွတ်တန်းအမျိုးသမီး-ပထမ)
မန္တလေးမြို့တော်ဝန်မီနီမာရသွန်ပြိုင်ပွဲကျင်းပပေးတဲ့ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်၊ ပြိုင်ပွဲအတွက် တော်တော်လေးလည်း လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်၊ ဆုရရှိတဲ့အတွက် အရမ်းဝမ်းသာ ပါတယ်၊ နောက်နှစ်တွေ မှာလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
မသူဇာနွယ်(လူသစ်တန်းအမျိုးသမီး-ပထမ)
သမီးတို့က အား/ကာသိပ္ပံကဆိုတော့ ကျောင်းပြိုင်ပွဲလည်းရှိတော့ လေးလပိုင်းလောက်ကတည်းက နေ့တိုင်း လေ့ကျင့်ပြင်ဆင်ခဲ့ရပါတယ်၊ မနှစ်ကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ ပါတယ်၊ခုလိုဆုရရှိတဲ့အတွက် အရမ်းပျော်ပါတယ်၊ တာဝန်ရှိသူများကို ကျေးဇူးတင်ပါတယ်။
သန်းဇော်မင်း(ပြန်/ဆက်)