Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ (၁/၂၀၂၀) အစည်းအဝေးကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၈

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေး ဗဟိုအဖွဲ့ (၁/၂၀၂၀) အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ က အဖွင့်သမ္မောဒနီယ ဩဝါဒကထာမြွက်ကြားပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၂/၂၀၁၉) အစည်းအဝေး မှတ်တမ်းကို တင်ပြ အတည်ပြုချက် ရယူပြီး တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့၏ (၂/၂၀၁၉) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက တင်ပြ လျှောက်ထားသည်။

ဆက်လက်၍ ဗဟိုပညာရေးအဖွဲ့ (၁/၂၀၂၀) အစည်းအဝေးမှ တင်ပြချက်များ၊ တက္ကသိုလ်စီမံခန့်ခွဲရေး အဖွဲ့ (ရန်ကုန်/မန္တလေး) တို့မှ တင်ပြချက်များနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ကြသည်။

ယင်းနောက် သဘာပတိ ဆရာတော်က နိဂုံးချုပ်ဩဝါဒကတာ မြွက်ကြားပြီး ဒုတိယဝန်ကြီးက အစည်းအဝေးသို့ ကြွရောက်လာကြသည့် ဆရာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်/ မန္တလေး)တို့မှ ပါမောက္ခချုပ် ဆရာတော်၊ ဒုတိယပါမောက္ခချုပ် ဆရာတော်များနှင့် မော်ကွန်းထိန်းဆရာတော်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)