Skip to main content

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၂၆/၂၀၂၀) ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၈

Coronavirus Disease 2019 (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၂၆/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေး၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က COVID-19 လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွား/ သေဆုံး မှုများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်း၌ ယခင်ကထက်ကျဆင်းနေပြီဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ တွေ့ရှိရသော်လည်း စင်္ကာပူ ၊ ဂျပန်၊ ကိုးရီးယား ၊ အီရန်နှင့် အီတလီ နိုင်ငံကဲ့သို့သော နိုင်ငံများတွင် ဖြစ်ပွားမှုများ များပြားနေသည်ကို တွေ့ရှိရပါကြောင်း။

ထို့အပြင် ယမန်နေ့ တစ်နေ့တည်း၌ ရောဂါဖြစ်ပွားရာနိုင်ငံ (၉) နိုင်ငံ ထပ်မံတိုးလာခဲ့သဖြင့် မိမိတို့ နိုင်ငံအတွင်းသို့လည်း ရောဂါဖြစ်ပွားမှု အချိန်မရွေးရောက်လာနိုင်သည် ဆိုသည့် အချက်ကို နောက်ခံထား၍ ဤရောဂါကာကွယ်ထိန်းချုပ်မှု လုပ်ငန်းများကို စနစ်တကျ အားဖြည့်ကာ ဆက်လက်လုပ်ဆောင်ရမည်မှာ အရေးကြီးပါကြောင်း။

အထူးသဖြင့် ကိုရီးယားသမ္မနိုင်ငံ၌ ရက်တိုကာလအတွင်း ဤရောဂါဖြစ်ပွားသူ များပြားလာသည်ကို တွေ့ရသဖြင့် ထိုဖြစ်စဉ်၏ အကြောင်းအချက်များကို ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ကပ်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်မှုရှုထောင့်မှ ဆန်းစစ်သုံးသပ်ရမည်ဖြစ်ပြီး မိမိတို့ လေ့လာ သုံးသပ်၍ တွေ့ရှိချက်များပေါ် မူတည်၍ မိမိတို့သည် ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် ကုသရေး ကဏ္ဍပိုင်းဆိုင်ရာများကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည်မှာ (၈) ပတ်ခန့်ရှိပြီဖြစ်သည့် အတွက် မိမိတို့၏ ဆောင်ရွက်ချက် များကို ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်၊ အားနည်းချက်များကို ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒနှင့် ကုသရေး ဘက်တို့မှ အားဖြည့်ဆောင်ရွက်စေလို ပါကြောင်း၊

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင့်လိုက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လူတစ်ဉီးချင်း၊ အိမ်ထောင်စုတစ်စုချင်း ၊  ရပ်ရွာလူထုတစ်စုချင်းနှင့် လူများစုဝေး တက်ရောက်ကြ သည့် ပွဲလမ်းသဘင်၊ အဆင့်များအလိုက် မည်သို့ ကြီးကြပ်ဆောင်ရွက်ရမည်ကို စဉ်းစား ဆောင်ရွက်ကြစေလိုကြောင်း။

ယခုအချိန်အခါတွင် မိမိတို့မြန်မာနိုင်ငံအတွင်းတွင် လူစုလူဝေးများဖြင့် ပြုလုပ်မည့် ပွဲလမ်း သဘင်များအား တတ်နိုင်သမျှ အနည်းဆုံးဖြစ်နိုင်ရေးအတွက် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ပြည်သူများနှင့် လူမှုရေးအဖွဲ့အစည်းများအနေဖြင့်လည်း - ယခုကာလအတွင်း လူစုလူဝေး များပြားရာနေရာများနှင့် ပွဲလမ်းသဘင်များ ရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါရန်၊ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန်နှင့် အကယ်၍ ထိုသို့ မလွှဲမရှောင်သာ ကျင်းပရပါက တက်ရောက်သည့် လူအရေအတွက် နည်းနိုင်သမျှနည်းပါးစေရန်နှင့် ဖျားနာသူများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ မလာရောက်စေရေး အစီအမံများ တင်းကျပ်စွာ ပြုလုပ်ရမည့်အပြင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာ ကွယ်ရေး ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်များကိုလည်း တိကျစွာစနစ်တကျ လိုက်နာ ဆောင်ရွက်ကြရန်မှာ အရေးကြီးပါကြောင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရှိ ကျန်းမာရေးဌာန များအကြား ဤ COVID-19 ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ခြင်း၊ သုံးသပ်ခြင်း၊ ပြန်လည် အကြံပြုဆောင်ရွက်ရန် လမ်းညွှန်မှု ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ နေ့စဉ်သတင်းပေးပို့ မှုများအား ကူးစက်ရောဂါဗေဒရှုထောင့်မှ အသေးစိတ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်စေလိုပါ ကြောင်း၊ လက်ရှိ၌ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ မရှိသေးသော်လည်း အချိန်မရွေး ပေါ်ပေါက်လာနိုင်သည်ဆိုသည့်အချက်ကို ပြည်သူလူထုများအားလုံး သိရှိနိုင်ရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ဆက်သွယ်အသိပေးပြောကြားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဇန်နဝါရီ ၂၄  ရက်မှ ယခုအချိန်အထိ ကျင်းပခဲ့သော အစည်းအဝေး များမှ ညွှန်ကြားချက်များအား တိုင်း ဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးမှူး များအပါအဝင် ဗဟိုအဆင့် ဆေးရုံကြီးများသို့ဖြန့်ဖြူး၍ ဆောင်ရွက်ရမည့်လုပ်ငန်း များအား ပြန်လည် သုံးသပ် အားဖြည့်ဆောင်ရွက်စေလိုပါကြောင်း။

COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ကာကွယ်ရေး ၊ ကုသရေး နှင့် ကျန်းမာရေးအသိပညာပေးရေး အခန်းကဏ္ဍများမှ ဆောင်ရွက်ချက်များကို ဆန်းစစ်သုံးသပ်၍ လိုအပ်ချက်များကို မျှတစွာ ချိတ်ဆက် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုအချိန်အခါတွင် Mobile Tablet များကို အသုံးပြု၍ အခြေခံကျန်းမာရေး ဝန်ထမ်းပညာရှင်များမှ တစ်ဆင့် ပြည်သူများအား သတင်းဖြန့်ဝေခြင်းလုပ်ငန်းကို ပိုမိုအားဖြည့်၍ ရာနှုန်းပြည့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊  eHealth Unit မှ ကျန်းမာရေးဝန်ထမ်းများက အဆိုပါ Mobile Tablet အား မည်မျှအထိ အသုံးပြုသည်၊ မပြုသည်ကို လေ့လာဆန်းစစ်မှုများ ချက်ချင်း ဆောင်ရွက်စေလိုကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနများ၊ သက်ဆိုင်ရာ ဆေးရုံကြီးများ နှင့် ပြုလုပ်ဆွေးနွေးကြမည့် Tele/ Video Conferencing များအား တစ်ပတ်လျှင် နှစ်ကြိမ် မပျက်မကွက် ဆက်လက် ပြုလုပ်စေလိုကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်/ရေဆိပ်များ၊ နယ်စပ်ဝင်ပေါက်/ထွက်ပေါက် များတွင် တာဝန်ကျသူများနှင့် ဗဟိုမှ တာဝန်ရှိသူများမှ တယ်လီဖုန်းဖြင့် နေ့စဉ်ဆက်သွယ် မေးမြန်းမှုများအား ဆက်လက်လုပ်ဆောင်စေလိုကြောင်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲအနေဖြင့် အခြားသော နိုင်ငံများ၏ COVID-19 ရောဂါ ဖြစ်ပွား/သေဆုံးမှုများနှင့် ပတ်သက်သည့် အချက်အလက်များအား တိကျသေချာသည့် သက်ဆိုင်ရာ နိုင်ငံများမှမီဒီယာများမှ အချိန်နှင့် တစ်ပြေးညီ စောင့်ကြပ် ကြည့်ရှုပြီး သုံးသပ်စေလိုကြောင်း။

ယခု COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့်အကြောင်း အရာများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ/ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ၊ အကြောင်းကြားမှုများ ပြုလုပ်ရာတွင် တရားဝင်စာများဖြင့် ဆက်သွယ်ဆောင်ရွက်စေလိုပါကြောင်း။

ယခုအချိန်တွင် COVID-19 ရောဂါ လျင်မြန်စွာ ဖြစ်ပွားလျက်ရှိသည့် အီတလီ၊ အီရန်နှင့် ကိုရီးယားနိုင်ငံများမှ လေကြောင်းလိုင်းများ မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက် (သို့မဟုတ်) တစ်ဆင့်ခံ ဆိုက်ရောက်နေမှုများနှင့် ပတ်သက်၍ တတ်နိုင်သမျှ ပိုမိုအားထည့်ကာ လိုအပ်သည့် ရောဂါကာကွယ်ထိန်းချုပ်သည့် လုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း၊ ကိုရီးယားနိုင်ငံမှ တိုက်ရိုက် ဝင်ရောက်လာသော လေကြောင်းလိုင်းများအား အထူးဦးစားပေး၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း၊ ခရီးသည်များ တည်းခိုနေထိုင်ရာ နေရာ အတိအကျ၊ ပြည်တွင်း၌ သွားလာမည့်ခရီးစဉ် အတိအကျများအား စုံစမ်းမှတ်သား၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနများနှင့် ညှိနှိုင်းပြီး ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ရောဂါဖြစ်ပွားမှုများပြားသော နေရာဒေသများမှ ခရီးသည်များ ပြည်တွင်းသို့ဝင်ရောက်မှု တတ်နိုင်သမျှနည်းပါးစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကူးစက်ရောဂါဖြစ်ပွားမှုများသော ဒေသမှ ပြန်လည်ရောက်ရှိလာသူ နိုင်ငံသားများအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်ရန်နှင့် လိုအပ်ပါက နေအိမ်များ၊ တည်းခိုခန်းနှင့် ဟိုတယ်များ၊ ညွှန်းပို့ဆေးရုံများတွင် အသွားအလာတားမြစ် ကန့်သတ်ခြင်း (Quarantine) ကို (၁၄) ရက်ကြာ ပြုလုပ်ရမည်ဖြစ်ပါကြောင်း။

လေကြောင်းလိုင်းများအနေဖြင့် ဖြစ်နိုင်ပါက လေယာဉ်ခရီးစဉ်တစ်ခုချင်း ပြီးဆုံးပါက အဆိုပါ လေယာဉ်များအား စနစ်တကျ ပိုးသတ်သန့်ရှင်းမှုများ ပြုလုပ်ဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်လုံးဝမလျှော့ဘဲ ဆက်လက်ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 အဆုတ်ရောင်ရောဂါနှင့် ပတ်သက်သည့် နောက်ဆုံးအချက်အလက်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်ပြည်နယ်၊ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော ယူနန်ပြည်နယ်နှင့် ပြည်နယ်အလိုက်ရောဂါဖြစ်ပွား/ သေဆုံးမှု အခြေအ နေများ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံပြင်ပနိုင်ငံများအနက် COVID-19 လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွား/ သေဆုံးမှုမြင့်တက်လာသည့် ကိုရီးယားသမ္မတနိုင်ငံနှင့် အီရန် နိုင်ငံကဲ့သို့သော နိုင်ငံများမှ ထူးခြားဖြစ်စဉ်များ၊ ကိုးရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြည်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသူ/ သားများအနက် ဒယ်ဂူးမြို့တွင် ပညာသင်ကြားနေသည့် မြန်မာနိုင်ငံသား (၇) ဉီးအား ရန်ကုန်မြို့၊ ဝေဘာဂီဆေးရုံကြီးတွင် Hospital Quarantine (၁၄) ရက်ထားရန် စီစဉ်ထားရှိမှု များ၊ အခြားသောသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက် မှုများပေးနိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနနှင့် ကုသရေး ဉီးစီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှု ၊ တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ ဆေးရုံ/ ဆေးခန်းများမှ ထူးခြားဖြစ်စဉ်များ၏ အခြေအနေများ၊ ကမ္ဘာတစ်ဝှမ်းရှိ အချို့သောနိုင်ငံများ၏ ခရီးသွားလာမှုများနှင့် ပတ်သက်၍ ထိန်းချုပ်ထားရှိမှု အခြေအနေများ စသည်တို့ကို ဆွေးနွေး တင်ပြခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်/ဖြန့်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ)၊ နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ ညွှန်ကြားရေးမှူး (ဗဟိုကူးစက်)၊ ညွှန်ကြားရေးမှူး (ကုသရေး)၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-health၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေး၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) စသည့် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်၍ ဆန်းစစ်သုံးသပ်ခြင်း၊ ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)