Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂၀

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော် ဆေးတက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်ဆေးတက္ကသိုလ်ခေတ္တကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်း ကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြ သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က တပ်မတော်ဆေး တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၂)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်း ဇေယျာမျိုးနောင်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်း မြတ်မင်းသူ နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်း ဆက်နိုင်အောင်တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင်  ကောင်းမြတ်သည့် အစဉ်အလာများနှင့် သန္ဓေတည်အစပြုခဲ့သည့် တပ်မတော်တွင် မွန်မြတ်သည့်အစဉ်အလာကောင်းများရှိသည့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် တပ်မတော်ဆေး တက္ကသိုလ်အနေဖြင့် “တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများမွေး ထုတ်ပေးရန်”ဟူသည့် ရည်ရွယ်ချက်နှင့်အညီ တပ်မတော်အရာရှိ ဆရာဝန်များကို စဉ်ဆက်မပြတ် မွေးထုတ် ပေးလျက်ရှိသည်မှာ သင်တန်းဆင်းအရာရှိ စုစုပေါင်း ငါးထောင်ခန့် မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း။

တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် ဆေးတပ်ဖွဲ့အသီးသီးတွင် တပ်မတော်သားများနှင့် မိသားစုဝင်များသာမက ပြည်သူလူထုကိုပါ ရောဂါကာကွယ် ရေးဆိုင်ရာ အသိပညာပေးမှုများ၊ ကုသမှုပေးမှုများ၊ ကပ်ရောဂါဆိုင်ရာ ကြိုတင် ကာကွယ်ရေးတာဝန်များကို လက်ဆင့်ကမ်းကြိုးပမ်း ထမ်းဆောင်ကြရတော့ မည်ဖြစ် ကြောင်း၊ ထို့ကြောင့် တပ်မတော်‌ဆေးတက္ကသိုလ်က စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးလိုက်သည့် ဆေးပညာရပ်များကိုအသုံးချပြီး နိုင်ငံတော်နှင့် တပ်မတော်ကို အလုပ် ကျွေးပြုကြရန် အလေးထား မှာကြားလိုကြောင်း။

တပ်မတော်အရာရှိ ဆရာဝန်များဖြစ်ကြသည့်အတွက် စစ်သည်တော်ကောင်း စိတ်ဓာတ်နှင့် ဆရာဝန်ကောင်း စိတ်ဓာတ် နှစ်မျိုးစလုံး ပြည့်စုံနေ ရန်လိုကြောင်း၊ တပ်မတော် ဆေးတက္ကသိုလ်က အရာရှိငယ်များမှာ ပြည့်စုံရမည့် ကိုယ်ကာယ ကြံ့ခိုင်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး စည်းကမ်းရှိမှု၊ တာဝန်များကို ပင်ပန်းကြီးစွာ မည်မျှပင် ထမ်းဆောင်ရ စေကာမူ ခံနိုင်ရည်ရှိပြီး မလျှော့သော ဇွဲသတ္တိဖြင့် လုပ်ဆောင်တတ်မှု များအပြင် စစ်မြေပြင်တွင် တပ်စုအဆင့်ကိုဦးဆောင်နိုင်သည့် စစ်ပညာများကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။

ထိုသို့ လေ့ကျင့်သင်ကြားပေးခဲ့ရာတွင် စစ်သည်တော်ကောင်းစိတ်ဓာတ် ပြည့်ဝ စေရေး မိမိတို့တပ်မတော်ရဲ့ Code Of Conduct သဘောသက်ရောက်သည့် ပြဋ္ဌာန်းချက် များဖြစ်သည့် စစ်သည်တော်ကျင့်ဝတ်အပါး ၆၀ ကို တိကျစွာလိုက်နာ တတ်စေရန် လေ့ကျင့်ပေးခဲ့သကဲ့သို့ ဆရာဝန်ကောင်းစိတ်ဓာတ်ရှိစေဖို့ ဆေးပညာရပ်များအပြင် ဆေးပညာကျင့်ဝတ်နှင့်ညီသည့် သမားကောင်းများမှာထားရှိရမည့် စိတ်ဓာတ်၊ ခံယူချက်များ ကောင်းမွန်စေရေးလေ့ကျင့်ပေးခဲ့ပြီးဖြစ်သဖြင့် လက်တွေ့နယ်ပယ် တာဝန်ထမ်း ဆောင်ရာတွင် အကျိုးရှိစွာအသုံး ချရန်မှာကြားလိုကြောင်း၊ ထို့ပြင် ဆရာဝန်များအဖြစ် ဘွဲ့အပ်နှင်းချိန်တွင် ရွတ်ဆိုကြရမည့် ဆရာဝန်များ အဓိဋ္ဌာန်ပြုကတိသစ္စာ ၉ ချက်ကို အခြေခံကျင့်ဝတ်အနေဖြင့် အမြဲစောင့်ထိန်း လိုက်နာပြီး လူနာများအပေါ်တွင် စေတနာ၊ အကြင်နာ၊ ဂရုဏာဖြင့် ကိုယ်ချင်းစာနာမှုများ ထားရှိဆောင်ရွက်ပေးသွားရန်မှာ ကြားလိုကြောင်း။

လူသားတိုင်းသည် သက်ရှည်ကျန်းမာသည့်ဘဝကို လိုလားတောင့်တ မျှော်လင့် ကြကြောင်း၊ ထိုသို့သက်ရှည် ကျန်းမာ သည့် ဘဝကိုရရှိရန်အတွက် မိမိကိုယ်ကို အသိဉာဏ် ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရ သကဲ့သို့ တစ်ဖက်မှလည်း ကျန်းမာရေးဝန်ထမ်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍသည် အလွန်အရေးပါ ကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ကုသမှုတစ်ခုတည်းမဟုတ်ဘဲ ရောဂါဖြစ်ပွားမှု ကာကွယ်ရေး လုပ်ငန်းများကိုလည်း ကြိုတင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူတိုင်း ကျန်းမာစေရန် အတွက် “ကျန်းမာသော လူနေမှုပုံစံ (Healthy lifestyle) ဖြင့် နေထိုင်ခြင်း”၊ “ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး (Exercise is Medicine) ဆောင်ပုဒ်နှင့်အညီ ကိုယ်လက် လှုပ်ရှားအားကစားပြုလုပ်ခြင်း” နှင့် “ရောဂါတစ်ခုချင်း စီအလိုက် ကာကွယ်ရေးနည်းလမ်း များကို လိုက်နာကျင့်သုံးခြင်း” စသည့် ကျန်းမာရေးပညာပေးလုပ်ငန်းများကို မဖြစ်မနေ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင်ရောဂါအသစ် အဆန်းများနှင့် တိုးတက်လာ သော ဆေးသိပ္ပံပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရမည်ဖြစ် ကြောင်း၊ တစ်ချိန်တည်းတွင် ဆေးပညာဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ သုတေသန လုပ်ငန်းများကို လုပ်ဆောင်နေကြရမည် ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ လူဦးရေဌာနမှ တွက်ချက်ရာတွင် ၆၇.၇၈ နှစ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ကမ္ဘာ့အဆင့်တွင် ၁၅၁၊ အိမ်နီးချင်းနိုင်ငံများတွင် အဆင့် ၆၊ အာဆီယံနိုင်ငံများတွင် အဆင့် ၁၀ ရှိသဖြင့် အနိမ့်ဆုံးဖြစ်ကြောင်း၊ မျှော်မှန်း သက်တမ်းကို အခြေခံတွက်ချက်ရာမှာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ဘဝအခြေ အနေများ၊ ပညာသင်ကြားမှု အခြေအနေများ၊ လူမှုစီးပွားဘဝအခြေခံများ၊ လူနေမှု ပုံစံများ၊ ကလေးသေဆုံးမှုနှုန်းများအပေါ်တွင် အဓိကထားတွက်ချက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အခြားနိုင်ငံတွေနှင့်နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံသားများ၏ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွင်လည်း အားနည်းလျက် ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြှင့်နိုင်ရန်အတွက် စားသောက်မှု၊ နေထိုင်မှု၊ ပညာတတ်မြောက်မှု၊ စီးပွားရေးမြှင့်တင် နိုင်မှုများ ပြုပြင်ပြောင်းလဲ မြှင့်တင်ဆောင် ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို ထမ်းဆောင် သည့်နေရာတွင် မိမိတို့ရောက်ရှိတာဝန်ကျရာ နေရာဒေသတွင်ရှိသည့် တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအပြင် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်အောင် ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

ထိုသို့ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်အတွက် ကျန်းမာရေးဝန်ထမ်း လိုအပ် ချက်ကို တစ်ထောင့်တစ်နေရာ ကနေ ပါဝင်ဖြည့်ဆည်းပေးခြင်းဖြစ်သကဲ့သို့ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ရှင်သန်အောင်မြင်ရေးအတွက် တစ်ဖက်တစ်လမ်းက တတ်နိုင်သလောက်ကူညီလုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး ဆေးဝန်ထမ်း တပ်ဖွဲ့၏ မွန်မြတ် သည့် အစဉ်အလာကောင်းများပင်ဖြစ်ကြောင်းနှင့် ဂုဏ်ယူဖွယ်ရာပင် ဖြစ်ကြောင်း။

တပ်မတော်သားဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့် ရှောက်မှုများကိုသာမက တစ်နိုင်ငံလုံးအနှံ့ တိုင်းရင်း သားပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများကို နေရာမရွေး၊ အချိန်မရွေး၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ ဆောင်ရွက်ပေးနိုင် ရန်အတွက်  တပ်မတော်နယ် လှည့်ဆေးကုသရေးအဖွဲ့များ စေလွှတ်ပြီး နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကျေးလက်ဒေသများ နှင့် နယ်စပ်ဒေသများမှာ ကျန်းမာရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတနည်းပါးပြီး လွဲမှားစွာနားလည်နေမှုများရှိသည့်အတွက် ကျန်းမာရေး အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနေခြင်းများသည် မိမိတို့တပ်မတော်အနေဖြင့် ပြည်သူလူထု အကျိုးစီးပွား ကိုကာကွယ်စောင့်ရှောက်ပေးရန် ဟူသည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်တစ်ရပ် ကို အောင်မြင်စွာ ထမ်းဆောင် နေခြင်းဖြစ်ကြောင်း။

လက်ရှိမျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံတိုင်း ရင်ဆိုင်နေကြရသည့် ကိုဗစ်-၁၉ ကပ်ရောဂါသည် မျက်မှောက်လူသားမျိုးနွယ်စုတစ်ခုလုံး၏ ဦးတည်ရန်သူ ဖြစ်လာ သကဲ့သို့ နေ့စဉ်လူမှုစီးပွားဘဝကို အကြီးမားဆုံး ခြိမ်းခြောက်နေသည့် ကပ်ရောဂါ တစ်ခုဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်များ အတွက် စိန်ခေါ်မှုများ၊ ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ဖိအားများ၊ ဝန်ထုပ်ဝန်ပိုး များနှင့် ရင်ဆိုင်ခဲ့ရပြီး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် စိန်ခေါ်မှုများဖြစ်ပေါ်နေသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း။

ကိုဗစ်-၁၉ ကူးစက်ရောဂါသည် မြန်မာနိုင်ငံတွင် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း စသည်ဖြင့် ဖြစ်ပွားခဲ့ပြီး တတိယလှိုင်းတွင် ကူးစက်မှုနှုန်းနှင့် သေဆုံးမှု နှုန်းများမြင့်မားခဲ့ကြောင်း၊ ထိုသို့ဖြစ်ခဲ့ရခြင်းမှာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုအားနည်းခြင်း၊ တစ်ကမ္ဘာလုံးအနေဖြင့် ကူးစက်မြန် ဗီဇပြောင်း ဒယ်တာမျိုးကွဲများ ပျံ့နှံ့ရောက်ရှိလာခြင်း၊ ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ မပြည့်စုံမှုများကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းကို အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်ကို အားလုံး အသိပင်ဖြစ် ကြောင်း။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးအတွက် အခက်အခဲများစွာနှင့် ကြုံတွေ့ နေရသည့်အချိန်တွင် မြွေပူရာကင်းမှောင့်ဆိုသကဲ့သို့ အချို့သော ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများသည် သမားကောင်း ကျင့်ဝတ်များကို မျက်ကွယ်ပြုကာ မိမိတို့ တာဝန်ကျရာဆေးရုံ၊ ဆေးပေးခန်းများကို စွန့်ခွာသွားကြသည့် ဂုဏ်သိက္ခာမဲ့ လုပ်ရပ်များ ကြောင့် လူနာများမနိုင်မနင်းဖြစ်ကာ အသက်မဆုံးရှုံးသင့်သူများ ဆုံးရှုံးရမှုများဖြစ်ပွား ခဲ့သည်ကို မြင်တွေ့ခဲ့ရမည်ဖြစ်ကြောင်း၊ အဆိုပါကာလများတွင် ကျန်းမာရေးဆိုင်ရာ ထိခိုက်နစ်နာမှုများ ကြုံတွေ့ခဲ့ရပြီး အဓိကဆုံးရှုံးနစ်နာရသူများသည် သာမန်ပြည်သူ လူထုများသာ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင်ကျန်းမာရေး ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မ တော်သား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ အစည်းများ၊ တာဝန်သိပြည်သူများ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုကို ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ထို့ပြင် စတုတ္ထလှိုင်းဖြစ်ပွားလာနိုင်မှုကို ကြိုတင်မျှော်တွေးပြီး ကိုဗစ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် တပ်မတော်အနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အရေးကြီးဆုံးလုပ်ငန်းဖြစ် သည့် ကာကွယ်ဆေး ထိုးနှံ ပေးရေးလုပ်ငန်းအတွက် ရောဂါကာကွယ်ဆေး (Dose) ၄၂ သန်းကျော် ရရှိအောင် ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုကို ယခုလအကုန်တွင် နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ထိ ထိုးနှံပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း။

ကိုဗစ်-၁၉ ရောဂါသည် လုံးဝပျောက်ကင်းသွားမည်မဟုတ်ဘဲ အတူယှဉ်တွဲ နေထိုင်ရမည့် ရောဂါတစ်ခုဖြစ်သဖြင့် ကုသရေးနှင့်ထိန်းချုပ်ရေး လုပ်ငန်းများအပြင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ တွင်ပါ တပ်မတော်အနေဖြင့် အရေးပါသည့် အခန်း ကဏ္ဍမှာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်တာဝန်ကျရာနေရာ ဒေသ အသီးသီးကို ရောက်ရှိသည့်အခါတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ကုသရေး တာဝန် များကိုတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်အသိပေး မှာကြားလိုကြောင်း။

ပြည်သူလူထု၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုသည့်အတိုင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက် ပိုမို ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပေးနိုင်ရန်၊ ဆေးသိပ္ပံပညာ ရပ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း။

ဆေးသိပ္ပံပညာရပ်သည် ခက်ခဲသည့်ပညာရပ်တစ်ခုဖြစ်သည့်အတွက် သင်ကြား ရေးဆရာများ၏ အရည်အသွေးပြည့်ဝမှု၊ သင်ထောက်ကူပစ္စည်း ပြည့်စုံမှု၊ သင်ယူသူများ၏ စိတ်ပါဝင်စားမှုနှင့် ထိုးထွင်းဉာဏ်ပြည့်ဝမှု စသည်များပြည့်စုံမှသာ အရည်အချင်းနှင့် အရည်အသွေးပြည့်ဝသည့် တပ်မတော်သား ဆရာဝန်ကောင်းများ ထွက်ပေါ်လာမည်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်ဆေးတက္ကသိုလ်သည် ကမ္ဘာ့ဆေးပညာသင်ကြား ရေးအဖွဲ့အစည်း (World Federation for Medical Education- WFME) ၏အသိ အမှတ်ပြုစာရင်းတွင် ပါဝင်ပြီးဖြစ်သလို နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်အညီ ဆေးပညာရပ် များကို သင်ကြားပေးလျက်ရှိနေကြောင်း။

ထို့ပြင် နိုင်ငံတကာဆေးတပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များကို လေ့လာအကဲ ခတ်ပြီး အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်အောင် မိမိတို့၏ပညာရပ်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပါက တိုးတက်သင်ယူချင်စိတ်မွေးရမည်၊ မလျှော့သော ဇွဲလုံ့လနှင့် ကြိုးစားကြရ မည်၊ မိမိတို့တတ်ကျွမ်းသည့် ဆေးပညာရပ်များကိုလက်တွေ့ နယ်ပယ်တွင် ကောင်းမွန် စွာအသုံးချပြီး နိုင်ငံတော်နှင့်တပ်မတော်အတွက် “သမားဇာနည် အောင်စစ်သည်များ” ဖြစ်အောင် ကြိုးစားသွားကြရန်မှာကြားလိုကြောင်း။

တပ်မတော်သားဆရာဝန် ခေါင်းဆောင်ငယ်များအဖြစ် တပ်ဖွဲ့တာဝန်ကို ထမ်းဆောင်ကြရတော့ မည်ဖြစ်ကြောင်း၊ မိမိတို့လက်အောက်ငယ်သားများကို ကွပ်ကဲ အုပ်ချုပ်ရာတွင် မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ပြီး မှန်ကန်သည့် ပြောဆို နေထိုင်မှု၊ မျှတသည့်အမိန့်ပေးမှု၊ စိတ်ရင်းစေတနာ ကောင်းမွန်မှု၊ မိမိကိုယ်တိုင် အမိန့်နာခံ မှုနှင့် စည်းကမ်းကောင်းမွန်မှု၊ တာဝန်သိမှုနှင့်တာဝန်ယူမှု၊ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ် ချက်ချမှတ်နိုင်မှု စသည့် ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည်အချင်းကို အသုံးပြု ပြီး ကွပ်ကဲအုပ်ချုပ်ကြရမည်ဖြစ်ကြောင်း။

မိမိတို့ကိုယ်တိုင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေကြရသည့် အပြင် နိုင်ငံတော်ကာကွယ်ရေး အတွက် အသက်စွန့်ထမ်းဆောင်နေကြသည့် တပ်မတော် သားတိုင်းကို ကာကွယ်ကုသပေးနေကြရခြင်း ဖြစ်သည့်အတွက် မွန်မြတ်သော အခြေခံ စိတ်ဓာတ်ကောင်းများရှိပြီးဖြစ်ကြောင်း၊ ထိုအခြေခံစိတ်ဓာတ်ကောင်း များကိုခိုင်မာအောင် တည်ဆောက်ပြီး စည်းကမ်းပြည့်ဝသည့် တပ်မတော်သား တစ်ယောက်ဖြစ်စေရေး မိမိကိုယ်မိမိ တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အရာရှိ ဆရာဝန် တစ်ယောက် ဖြစ်လာရန်အတွက် နိုင်ငံတော်နှင့်တပ်မတော်က အချိန်နှင့် ငွေကြေးအကုန် အကျခံပြီး လေ့ကျင့်ပျိုးထောင်ပေးခဲ့သကဲ့သို့ မိဘများ၏ မျှော်လင့်ချက်နှင့် မိမိတို့၏ ကိုယ်စီဘဝတွေ တိုးတက်မြင့်မားရေးအတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ပညာရည်ပြည့်ဝသည့် ဆရာဝန်ကောင်း၊ စစ်ဘက်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေ ရေး မိမိကိုယ်ကိုထိန်းသိမ်းပြီး ကြိုးစားသွားကြရ မည်ဖြစ်ကြောင်း။

လူတိုင်းတွင် မျှော်မှန်းစိတ်များရှိကြပြီး ကြီးပွားတိုးတက်လိုစိတ်များ ရှိကြ ကြောင်း၊ မိမိဘဝအောင်မြင်တိုး တက်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အဓိကလိုအပ် ချက်သည် ရောင့်ရဲတင်း တိမ်တဲ့စိတ်နှင့် တိုးတက်အောင်မြင်အောင် ရိုးရိုးသားသား ကြိုးစား ဆောင်ရွက်လိုစိတ်မွေးမြူခြင်းပင်ဖြစ်ကြောင်း၊ ရောင့်ရဲတင်းတိမ်စိတ်သည် လူတစ်ဦး ကို မတော်လောဘစိတ်များ မဖြစ်စေရန် တားမြစ်နိုင်ပြီး ရိုးဂုဏ်သည် လူတစ်ဦးကို ထာဝရ တန်ဖိုးရှိနေစေမည် ဖြစ်သည်ကို မမေ့မလျော့ကြရန်လိုကြောင်း၊ ရောင့်ရဲ တင်းတိမ်သည့် စိတ်ဖြင့် ရိုးသား၊ ကြိုးစားစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိဝင်ငွေနှင့် ထွက်ငွေမျှတအောင် နေထိုင်သွားကြရန်လိုအပ်သကဲ့သို့ မိမိတို့၏ကြိုးစားမှု၊ စည်းကမ်း လိုက်နာမှု၊ ကျန်းမာရေး ကောင်းမွန်အောင် နေထိုင်စားသောက်မှုများအပေါ်မူတည်ပြီး အောင်မြင်မှုများရရှိနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် အသိတရား၊ သတိတရား လက်ကိုင်ထားပြီး မိမိတို့၏ကောင်းမွန် သည့် အလေ့အကျင့်ကောင်းများကို အသုံးချကာ မိမိတို့တာဝန်ထမ်းဆောင်သည့်တပ်၊ တပ်မတော်၊ ဒေသနှင့် တိုင်းပြည်အကျိုး စီးပွားတိုးတက်အောင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိသွားရန် အလေး အနက်ထား မှာကြားလိုကြောင်း။

တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင် အရာရှိကောင်းများအဖြစ် နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်း သားပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ စစ်သည်တော်ကျင့်ဝတ်နှင့် ဆေးပညာကတိသစ္စာများကိုလေးလေးနက်နက် စောင့်ထိန်းလိုက်နာပြီး စစ်သည်တော် ကောင်း၊ ဆရာဝန်ကောင်းတစ်ဦးအဖြစ် စေတနာ၊ မေတ္တာထားကာ စွမ်းစွမ်းတမံ စောင့်ရှောက် ကုသပေးကြရန်၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် ကျန်းမာ ကြံ့ခိုင် တိုက်နိုင်ရန်ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားအားလုံး ကျန်းမာကြံ့ခိုင်ပြီး ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန် မိမိတို့တတ်ကျွမ်းသည့် ဆေးပညာရပ်များနှင့် စောင့်ရှောက်ကာကွယ်သွားကြရန်၊ မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကို မှန်ကန်သည့်ခေါင်းဆောင် မှုပေးပြီး စစ်စည်းကမ်းများကို တိကျစွာလိုက်နာကာ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ဆေးသိပ္ပံပညာရှင် စစ်သည်တော်ကောင်းများဖြစ်အောင် ကျင့်ကြံ ကြိုးစားသွားကြရန်၊ တပ်မတော်ဆေးတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည့် သမားဇာနည် အောင်စစ်သည် ဆိုသည့်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်က ဂုဏ်ယူရသည့် လက်ရုံး  ရည်၊ နှလုံးရည်ပြည့်ဝသည့် တပ်မတော်သားကောင်း၊ ဆရာဝန်ကောင်းများ ဖြစ်အောင် ကြိုးစားကျင့်ကြံ နေထိုင်သွားကြရန်မှာကြားလိုကြောင်းဖြင့်ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းဌာနချုပ်  ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့်ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ သင်တန်းကာလတစ်လျှောက်လုံး မျှော်မှန်းချက်၊ ရည်မှန်းချက်ရှိစွာဖြင့် အစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့ပြီး မိမိကိုယ်ကို ထိန်းထိန်းသိမ်းသိမ်းနှင့် နေထိုင်ခဲ့မှုကြောင့် ထူးချွန်ဆုများရရှိခဲ့ခြင်းဖြစ်သဖြင့် ကောင်းမွန် သည့် အခြေခံကောင်းများရှိခဲ့ပြီးဖြစ်ကြောင်း၊ ရှေ့ဆက်လက်လျှောက်လှမ်း ရမည့် ဘဝ ခရီးတစ်လျှောက်တွင်လည်း မိမိတို့၏ရည်မှန်းချက်များ မပျောက်ပျက်၊ မယိမ်းယိုင်စေရေး အတွက် အသိတရား၊ သတိတရား၊ ရောင့်ရဲတင်းတိမ်စိတ်တို့ဖြင့် မိမိကိုယ်ကို ထိန်း ကြောင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆုရဗိုလ်လောင်းတို့၏ မိဘများမှာ သာမာန် နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ပိုမိုဝမ်းမြောက်ဂုဏ်ယူပါကြောင်း သို့ဖြစ်၍ ငယ်စဉ်ကလေးဘဝမှ တက္ကသိုလ် ရောက်သည်အထိ ကျွေးမွေးစောင့်ရှောက်သွန်သင်ပေးခဲ့သည့် မိဘများ၏ စကားကို နားထောင်ခြင်းအားဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်သကဲ့သို့ အသိပညာများနှင့် အတတ်ပညာများကို သင်ကြားပေးလိုက်သည့် တပ်မတော်၏ ဂုဏ်ကျေးဇူးကိုလည်း စစ်သားကောင်းပီသစွာ နေထိုင်ကျင့်ကြံခြင်း၊ ခေါင်းဆောင် တစ်ယောက်အနေဖြင့်သာမ က တပ်မတော်သားများနှင့် မိသားစုဝင်များအား တာဝန်ကျေပွန်စွာပြုစုကုသ အလုပ် အကျွေးပြုခြင်း အားဖြင့်လည်း ကျေးဇူးသိတတ် ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက် များ အောင်မြင် ပြည့်မြောက်စေရေးအတွက် မိမိကိုယ်ကို စောင့်ထိန်းမှု၊ ကြိုးစားအား ထုတ်မှုတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ အမျိုး၏ ဂုဏ်ကိုထိန်းရမည်၊ ရိုးသားမှုဂုဏ်ကိုထိန်းရမည်၊ စစ်သားကောင်းတစ်ယောက်၏ဂုဏ်ကို ထိန်းသိမ်း ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်