Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ အမျိုးသမီး စစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသမီး (အရာရှိ) များအား စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၂

တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရ အမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းအုပ်ကြီးနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြု ခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်း တပ်ခွဲများက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)မှ အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းမေသက်နွယ်အား အကောင်းဆုံး ဗိုလ်လောင်းဆု ပေးအပ် ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်း မိန့်ခွန်း ပြောကြားရာတွင်  မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်းနေထိုင်သည့် ပြည်ထောင်စုကြီး ဖြစ်သည့်အတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် မိမိတို့ တပ်မတော် သားများ အမြဲတမ်း ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည့် အမျိုးသားရေး တာဝန်ပင်ဖြစ်ကြောင်း၊ အမျိုးသားရေးဆိုသည်မှာ တစ်မျိုးသားလုံး၏ အကျိုးစီးပွားနှင့် ဘာသာ၊ သာသနာ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည် ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေး မူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ရာတွင် ပြည်သူပြည်သား များနှင့်အတူ လက်တွဲ ညီညီ အစွမ်းကုန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်လာ‌ရေး အတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ပြည်သူနှင့် တစ်သားတည်း ဖြစ်အောင်လုပ်ဆောင်ပြီး ပြည်သူ၏လိုအပ်ချက်၊ တိုင်းပြည်၏ လိုအပ်ချက်များကို တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ လုပ်ဆောင်ပေးခဲ့သည်ကို သမိုင်းကြောင်း တွင် အထင်အရှားမြင်တွေ့ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မွန်မြတ်ကောင်းမွန်သည့်သမိုင်း အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းသွားကြရန် မှာကြားလိုကြောင်း။

မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုးသမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အချို့ကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှုကဏ္ဍအချို့ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့် စစ်မှုထမ်းများကို လက်ရုံး တပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များတွင် တာဝန်ပေးအပ်ခဲ့သည်များ ရှိခဲ့ကြောင်း။

၁၉၅၄ ခုနှစ်တွင် မြန်မာအမျိုးသမီး စစ်ဝန်ထမ်းတပ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးခဲ့သည့် အမျိုးသမီး အရာရှိများသည် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင် နိုင်ခဲ့ကြသည့် အစဉ်အလာ ကောင်းများကို ဂုဏ်ယူဖွယ်ရာတွေ့ရှိရမည်ဖြစ်ပြီး နောက်ပိုင်းတွင် အမျိုးသမီး သူနာပြုအရာရှိ များ၊ ဘွဲ့ရအမျိုးသမီးအရာရှိများ၊ အမျိုးသမီးဆရာဝန်အရာရှိများ၊ အမျိုးသမီး သူနာပြုနှင့် ဆေးဘက်ကျွမ်းကျင်သူများ၊ အမျိုးသမီးတပ်ကြပ်ကြီး/ စာရေးများ၊ အမျိုးသမီးစစ်သည်များ စသည်ဖြင့် သုံးထောင်ကျော်ခန့် ခန့်အပ်တာဝန် ပေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

မိမိတို့တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းအား တည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထု ပါဝင်နိုင်ရေး အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင်ရေးနှင့် တပ်မတော်တွင် အမျိုးသမီး စစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် သင်တန်းကျောင်းများ ဖွင့်လှစ်ပြီး လေ့ကျင့် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ထို့ပြင် သင်တန်းဆင်းဘွဲ့ရ အမျိုးသမီးအရာရှိများကို သက်ဆိုင်ရာဘာသာရပ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိနိုင်ရေး ဆက်လက်ပညာဆည်းပူး သင်ကြားစေလျက်ရှိကြောင်း၊ သင်တန်းဆင်း အမျိုးသမီးအရာရှိများအနေဖြင့် ကြည်း၊ ရေ၊ လေ၊ ရုံး၊ ဌာနများအပါအဝင် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ အသီးသီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကိုလေ့လာကြည့်ပါက လူသားအရင်းအမြစ်ကို အပြည့်အဝ အသုံးချနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လူသားအရင်းအမြစ်ကို အသုံးပြုရာတွင်လည်း ယောက်ျား၊ မိန်းမ မခွဲခြားဘဲ ပါဝင်ဆောင်ရွက် နေကြသည်ကို တွေ့မြင်ရ မည်ပင်ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုတွင် နိုင်ငံအလိုက် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေး ရည်ရွယ်လုပ်ဆောင်နေကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အမျိုးသမီးဦးရေ ၅၂ ရာခိုင်နှုန်း ရှိသည့်အတွက် အမျိုးသမီးများ၏ စွမ်းအားကို မြှင့်တင်ဖော်ထုတ် ပေးလျက်ရှိသည်ကို  ပြောကြားလိုကြောင်း။

ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း အမိနိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန်အတွက် ကျန်းမာကြံ့ခိုင်သည့်ရုပ်ပိုင်းဆိုင်ရာ အင်အားသာမက အနိုင်မခံအရှုံး မပေးသည့် စိတ်ပိုင်းဆိုင်ရာ အင်အားများပါ အစဉ်ပြည့်ဝနေရန် လိုအပ်ကြောင်း၊ လူငယ်များ ဖြစ်သည့်အတွက် ခေါင်းဆောင်မှုကိုရယူနိုင်ရန် မိမိအဖွဲ့အစည်းကို တိုးတက်အောင် ကြိုးစားအားထုတ်နေရန် လိုအပ်မည်ဖြစ်ကြောင်း၊ အောင်မြင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် တပ်ဖွဲ့ဝင်များကို ဦးဆောင်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ဦး တစ်ယောက်ချင်း သိသင့်သိထိုက်သည့် အသိပညာ အတတ်ပညာများကို လေ့လာမှုအားကောင်းမှသာလျှင် မှန်ကန်သည့်ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့ တစ်ဦးချင်း လေ့လာအားထုတ်ကြိုးပမ်းကြရန်လည်း မှာကြားလိုကြောင်း၊ ထိုသို့ ကြိုးပမ်း အားထုတ်ရာတွင် သူတစ်ပါးအပေါ်မထိခိုက်စေဘဲ ရိုးရိုးသားသား ဆောင်ရွက်ရန် လိုကြောင်း၊ အလုပ်လုပ်ရာတွင် ရည်မှန်းချက်ပြီးမြောက်စေရန်၊ အလုပ်တာဝန် ပြီးမြောက်စေရန် ကြိုးစား ဆောင်ရွက်ခြင်းမျိုးဖြင့်သာ မိမိအလုပ်တာဝန် ကျေပွန်မှုကို ဂုဏ်ယူကြရန် မှာကြားလိုကြောင်း။

ယနေ့အချိန်တွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ကြိုးပမ်း ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပြီး အဖွဲ့အစည်းတစ်ခု တိုးတက် အောင်မြင်ရေးအတွက် စည်းလုံးညီညွတ်မှု ရှိရန်မရှိမဖြစ်လိုအပ်ကြောင်း၊ မိမိတို့ တပ်မတော်သားမိသားစုများက မိမိတို့၏နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အခြေခံပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ် ခိုင်မာစွာ တည်ဆောက် ထားကြရမည်ဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်ဟူသည့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး ၄ ရပ်နှင့်အညီ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်းကလည်း ရဲဘော်အချင်းချင်းအပေါ် ထားရှိရမည့်မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိမှုတရား ဟူသည့်ရဲဘော်စိတ်ကို ထာဝစဉ်မွေးမြူထားရမည် ဖြစ်ကြောင်း၊ သို့မှသာ ကျစ်လျစ်ခိုင်မာသည့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း။

မိမိတို့တပ်မတော်သား အားလုံးအတွက် တပ်မတော်သားကောင်းတစ်ယောက် ဖြစ်စေရေး လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းတိုက်တွန်းထားသည့် အပါး ၆၀ သော စစ်သည်တော်ကျင့်ဝတ်များကို မြဲမြံစွာစောင့်ထိန်းကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့မှသာလျင် တိုင်းပြည်က အားထား ရပြီး ပြည်သူကအားကိုးရသည့် စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်သားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သည့်သူများသည် ပေးအပ်လာသည့် တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်တတ်သော စိတ်ရှိသည့်အတွက် ခေါင်းဆောင်ငယ်များအဖြစ် တာဝန် ထမ်းဆောင်မည့် သူများအနေဖြင့် မိမိကိုယ်တိုင်အသေးအဖွဲ စည်းကမ်းကအစ စံနမူနာပြ ဖြစ်အောင် နေထိုင်ကျင့်ကြံပြီး လက်အောက်ငယ်သားများပါ လိုက်နာမှုရှိစေရေး ကြပ်မတ် ဆောင်ရွက် သွားကြရန် အလေးထားမှာကြားလိုကြောင်း။

တပ်မတော်၏ အဓိကလုပ်ငန်းကြီး ၃ ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ဟူ၍ ချမှတ်ပြဋ္ဌာန်း ပေးထားပြီးဖြစ်ကြောင်း၊ ထိုအထဲမှ အခြေခံအကျဆုံးတာဝန်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး ဟူသည့်နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကိုထိပါးလာမည့် ပြည်တွင်း/ပြည်ပ အန္တရာယ်များကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားရန် ဖြစ်သော်လည်း ယနေ့ခေတ်အချိန်ကာလတွင်မူ စစ်ရေးနည်းလမ်းသာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွားရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေးမှုအရ ထိုးဖောက်ဝင်ရောက်မှုစသည့် အန္တရာယ်များကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။

နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင် မိမိတို့တစ်ဦးချင်း တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် ဆောင်ပုဒ်အတိုင်း သင်တန်းကျောင်းများမှ လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်ပညာရပ်များကို လက်တွေ့ နယ်ပယ်တွင် မှန်မှန်ကန်ကန် ထိထိ ရောက်ရောက် အသုံးချနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကို အသုံးချနိုင်ရေးအတွက် လေ့လာခြင်း၊ ကျန်းမာကြံ့ခိုင်ကျွမ်းကျင်နေရန် လေ့ကျင့်ခြင်းနှင့် စစ်အခြေခံသဘော တရားနှင့် စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင် လိုက်နာ ကျင့်သုံးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

မိမိတို့တပ်မတော်၏ နောက်ထပ်အဓိကလုပ်ငန်း တာဝန်ကြီးတစ်ခုမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်တွင် အရေးကြုံလာတိုင်း ရှေ့တန်း က အမြဲတမ်း မားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း၊ သဘာဝဘေး အန္တရာယ်များ ကျရောက်ခဲ့ သည့်အချိန်တွင်လည်း အထက်အမိန့်တောင်းခံစရာမလိုဘဲ တပ်မတော်သားများက အရင်ဆုံး ရောက်ရှိကူညီခဲ့ကြကြောင်း၊ ယင်းသည် မိမိတို့ တပ်မတော်၏ အလွန်မွန်မြတ်သည့် ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်ကို ထမ်းဆောင် နေခြင်းပင်ဖြစ်ကြောင်း၊ ယနေ့အချိန်  ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့် ပြည်သူများ ရင်ဆိုင်တွေ့ချိန်၌လည်း တပ်မတော်သည် ပြည်သူလူထုအတွက် ကဏ္ဍပေါင်းစုံမှ အစွမ်းကုန် ကူညီကာကွယ် စောင့်ရှောက်နေသည်ကို အထင်အရှား တွေ့ရမည်ဖြစ်ကြောင်း။

တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများအပေါ် ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများရရှိရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ပေးလျက်ရှိပြီး ရရှိလာသည့် ကာကွယ် ဆေးများကို နယ်မြေများအလိုက် ဦးစားပေးအဆင့်အတိုင်း အချိန်မီ ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း။

တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအတွက်အား” ဖြစ်ပြီး နိုင်ငံအတွက် အရေးကြုံပါက အမြဲတမ်းအဆင်သင့်ရှိနေသည့် အခိုင်အမာဆုံး Institution တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားကောင်းဖြစ်သူများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ လက်ဆင့်ကမ်း သယ်ပိုးထမ်းဆောင် သွားကြရန် မှာကြားလိုကြောင်း။

တပ်မတော်သည် အတိတ်ကာလက နိုင်ငံနှင့် လူမျိုးအပေါ် တာဝန်ကျေပွန်မှု၊ သစ္စာစောင့်သိမှု၊ ပေးဆပ်မှုအမျိုးမျိုးကို ကြိုးစားလုပ်ဆောင်ခဲ့ပြီးဖြစ်သကဲ့သို့ ယခုပစ္စုပ္ပန်ကာလတွင်လည်း နိုင်ငံနှင့်လူမျိုးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးကို တည့်မတ်ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှသည် အမိနိုင်ငံ နှင့် တိုင်းရင်းသားပြည်သူလူထု ကောင်းကျိုးဖြစ်ထွန်းပြီး ကမ္ဘာ့အလယ်တွင် ဆက်လက် ရပ်တည်သွားနိုင်ရန် ကိုယ်ကျိုးမငဲ့ မွန်မြတ်သည့် စိတ်ရင်းစေတနာနှင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် အမျိုးသမီးအရာရှိ ကောင်းများဖြစ်အောင် မိမိကိုယ်မိမိ ဆက်လက်ပြုစုပျိုးထောင် လေ့ကျင့်သွားကြရမည်ဟု တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ကျောင်းဌာနချုပ်  ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းမေသက်နွယ်၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်းအိမ့်မှူးသက်ချယ်၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း ပိုးဧကရီဆွေနှင့် ကြံ့ခိုင်ရေးအကောင်းဆုံးဆုရ ဗိုလ်လောင်းဆုပြည့်စုံလင်းတို့အား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိခဲ့ကြသဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် ကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် ဆောင်ရွက်တတ်သည့် အခြေခံကောင်းများကိုလည်း ဘဝ တစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်း သွားကြရန်လိုကြောင်း၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းများအနေဖြင့် ဗိုလ်လောင်းသင်တန်း မတက်ရောက်မီ တက္ကသိုလ်ပညာ၊ ဘွဲ့လွန် ပညာတို့ကို အသီးသီးဆည်းပူးလေ့လာခဲ့ကြပြီး ဖြစ်သဖြင့် အတွေးအခေါ်ပိုင်းနှင့် လူနေမှုပုံစံများ ကို လေ့လာခဲ့ကြရပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ရန်နှင့် တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာများကို အောင်မြင်ရန် ကြိုးစားခဲ့ကြရပြီး ယခုဗိုလ်လောင်းသင်တန်း တက်ရောက် ခဲ့ရာတွင်လည်း ကြိုးစားအားထုတ်မှု ရလဒ်ကြောင့် ထူးချွန်စွာဖြင့် အမျိုးသမီးအရာရှိများ အဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ကြိုးစားအားထုတ်မှုရှိပါက အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူး နိုင်မည်ပင် ဖြစ်သဖြင့် ဘဝတစ်လျှောက်လုံး ကြိုးစားအားထုတ် ဆောင်ရွက်တတ်သည့် အခြေခံ အလေ့အကျင့်ကောင်းများဖြင့် ဆက်လက်ထိန်းသိမ်း အသုံးချသွားကြစေလိုကြောင်း၊ အမျိုးသမီး စစ်မှုထမ်းများကို နိုင်ငံတော်နှင့်တပ်မတော်အတွက် လိုအပ်သဖြင့် လေ့ကျင့်မွေးထုတ်ပေး နေခြင်းဖြစ်သဖြင့် တန်ဖိုးရှိပြီး အားကိုးအားထားရသည့် ခေါင်းဆောင်များ ဖြစ်လာစေရေး ကြိုးစားအားထုတ်မှုရှိရမည်၊ မိမိကိုယ်ကို ထိန်းသိမ်းဆင်ခြင် နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိပါက လမ်းမှားရောက်နိုင်မည်ဖြစ်ပြီး မိမိကိုယ်ကို အလိုလိုက် ပါကပျက်စီးမှုကို ဖြစ်စေတတ်သဖြင့် သမာသမတ်ကျမှု၊ ကြိုးစားမှု၊ ထိန်းသိမ်းနေထိုင်မှုတို့ဖြင့် ဘဝတက်လမ်းကို တည်ဆောက်သွားကြရန်လိုကြောင်း၊ မိမိအဆင့်နှင့် မလျော်ညီသည့် နေထိုင် ပြောဆိုမှု၊ ဝတ်စား ဆင်ယင်မှုများကို ရှောင်ကြဉ်ရမည်ဖြစ်ပြီး ပေးအပ်လာသည့် တာဝန်များကို ရိုးသားကြိုးစားစွာ၊ စည်းကမ်းကောင်းမွန်စွာ၊ တပ်မတော်သားပီသစွာဖြင့် ကျေပွန်အောင် ထမ်းဆောင်ခြင်းအားဖြင့် တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရှိ အမျိုးသမီးဦးရေ ၅၂ ရာခိုင်နှုန်းအနက် နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်မည်ဟူသည့် အခြေခံစိတ်ဓာတ်များဖြင့် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်ရာ ပင် ဖြစ်ကြောင်း။

ထို့ပြင် ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက် ထိန်းသိမ်းပေးခဲ့သည့် မိဘများ၏ကျေးဇူးကို မမေ့ရန်နှင့် အကောင်းဆုံး ကျေးဇူးဆပ်ခြင်းသည် မိဘများ၏စကားကို နားထောင်ခြင်းပင်ဖြစ်ပြီး မိမိကိုယ်ကို ချင့်ချိန်နိုင်စွမ်းဖြင့် မိမိဘဝလမ်းကို တည့်မတ် ထိန်းကြောင်းသွားရမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိကိုယ်ကို လူချွန်လူကောင်းဖြစ်အောင် နေထိုင်ခြင်း၊ မိဘများ၏ လိုအပ်သည်များကို ထောက်ပံ့ပေးအပ်ခြင်း စသည့်စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများဖြင့် တတ်စွမ်းသရွေ့ ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ရရှိလာ သည့် လူမှုဆက်ဆံရေးအတွေ့အကြုံများ၊ ဗိုလ်သင်တန်း ကျောင်းမှ သင်ကြားလေ့ကျင့်ပေး လိုက်သည့်အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း၍ မိမိဘဝတိုးတက်အောင်၊ မိမိ ရည်မှန်းချက်များ မပျောက်ပျက် ရအောင် ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစား အားထုတ် သွားရမည်ဖြစ်ကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)