Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ကျင်းပပေးသည့် ၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်  ဒီဇင်ဘာ  ၂၃

၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲ အခမ်း အနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက် သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်၌ ကျင်းပပြုလုပ် ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန်၊ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကက်သလစ်ဆရာတော်များ၊ ရဟန်းတော်များ၊ ကက်သလစ်သီလရှင်များ၊ ကက်သလစ် လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများ တက်ရောက် ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကတ်သလစ် ဆရာတော် ကျောင်းတိုက်ခန်းမသို့ ရောက်ရှိကြရာ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုနှင့် သင်းအုပ်ဆရာကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာ တော်ကြီးတို့သည် ဧည့်ခန်းမဆောင်၌ သီးခြား တွေ့ဆုံ၍ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများ၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို နိုင်ငံတော်အစိုးရ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

ထို့နောက် ဘုရားရှိခိုးကျောင်း ခန်းမတွင် ခရစ္စမတ်ဆုတောင်းပွဲကိုကျင်းပရာ ကတ်သလစ် ဆရာ တော်ကျောင်း တိုက်မိသားစုက ခရစ္စမတ် Carol သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။

ယင်းနောက်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ခရစ္စမတ် သတင်းကောင်းနှင့် ဆုမွန်စကားမျှဝေ ပြောကြားရာတွင် မင်္ဂလာရှိသော ခရစ္စမတ် အခါသမယတွင် ပျော်ရွှင်ခြင်း၊ သင့်မြတ်ခြင်းများဖြင့် ပြည့်စုံနိုင်ပါစေ ကြောင်း၊ မြန်မာ ပြည်သူ ပြည်သားအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိကြပြီး ခန္ဓာစိတ်ဝမ်း ငြိမ်းချမ်း ကြပါစေကြောင်း၊ ငြိမ်းချမ်းသာယာဝပြောပြီး ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝနိုင်ကြ ပါစေကြောင်းဖြင့် ခရစ္စမတ် ဆုတောင်းပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ခရစ္စမတ်နေ့အထိမ်းအမှတ်စုပေါင်း ဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားများကို တက်ရောက်ခဲ့ သည်မှာ ယခုအကြိမ်ဆိုပါက တတိယအကြိမ်ရှိပြီဖြစ်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထား ရာ ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်း တို့ ဖြင့် ပြီးပြည့်စုံကြ ပါစေကြောင်း၊ မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ရာခိုင် နှုန်း၊ ခရစ်ယာန်ဘာသာ ကိုးကွယ်သူ ၆ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်သူ ၅ ရာခိုင် နှုန်းကျော်ခန့်ရှိပြီး ကိန်းဂဏန်းအရ ကွဲလွဲမှု အနည်းငယ်ရှိ နိုင်မည်ဖြစ်သော်လည်း ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၆၂ နှင့် ၃၆၃ တို့တွင် ဘာသာရေး လွတ်လပ် ခွင့်နှင့် ကူညီစောင့်ရှောက်မှုတို့အတွက် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ လူဦးရေ အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်များသည် နှစ်ပေါင်းများစွာ ကတည်းကပင် အချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် အမိနိုင်ငံတော် ကောင်းကျိုးကို အတူတကွ ပူးပေါင်း ဆောင်ရွက် ခဲ့ကြ ကြောင်း၊ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော် ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်းတို့ဖြင့် ပြည့်စုံစေရေးအတွက် အမျိုးသားနိုင်ငံရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တက်တက် ကြွကြွပါဝင်လှုပ်ရှား ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်မည်သို့မျှ ရှောင်လွှဲ၍ မရသည့်အခြေအနေဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတော်၏ တာဝန်များကို တပ်မတော်ကထမ်း ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံတော်အေးချမ်းသာယာဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများအပြင် ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့ကလည်း ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းလိုသည့်၊ ဖွံ့ဖြိုးတိုးတက်စေ လိုသည့် စိတ်ဆန္ဒရှိရန် အဓိက အရေးကြီးပါကြောင်း၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများရေး သည်လည်း အဓိကကျသည့်အတွက် ငြိမ်းချမ်းမှုရရှိအောင် ဦးစွာဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်ကောင်းအောင် ဆောင်ရွက်မည်ဟူသည့်ဆန္ဒဖြင့် အသိတရား၊ သတိတရားတို့ဖြင့်တစ်ဦး တစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်းအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း။

ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များအားလုံး၊ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ရွှင်ချမ်း မြေ့ကြပါ စေကြောင်း၊ နှစ်သစ်အခါသမကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြ ပါစေကြောင်းနှင့် သက်ဆိုင်ရာ ဘာသာတရားများ၏ အဆုံးအမနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ ကောင်းကျိုးကို ရှေးရှု၍ မေတ္တာနှလုံးသား၊ သည်းခံခွင့်လွှတ်သော စိတ်ထားများဖြင့် စည်းလုံးညီညွတ်စွာ လက်တွဲနေထိုင် လုပ်ကိုင် ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ဆုတောင်းစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး တို့သည် ခရစ္စမတ်ကိတ်မုန့်ကို အတူတကွလှီး၍ ဂုဏ်ပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကတ်သလစ်ဆရာတော် ကျောင်းတိုက်မိသားစုအား ခရစ္စမတ်အထိမ်း အမှတ်လက်ဆောင်နှင့် ဂုဏ်ပြုဆုငွေများ၊ အလှူငွေများပေးအပ်ခဲ့ပြီး ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာ တော်ကြီးမှလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များ ပြန်လည် ပေးအပ်သည်။

၎င်းနောက် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ လက်ထောက်ဆရာတော်ကြီး ဂျွန်စောယောဟန်က ခရစ္စမတ်ဆုမွန်ကောင်းစကားပြောကြားပြီး ဆုတောင်း မေတ္တာပို့သပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်