Skip to main content

အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်) ကျောင်းဆောင်သစ်ဖွင့်လှစ်

လွိုင်ကော်    ဖေဖော်ဝါရီ   ၂၉

ပြည်နယ်အတွင်းရှိ လူငယ်၊ လူရွယ်များအတွက် အင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များလေ့လာ ဆည်းပူးသင်ယူနိုင်ရေး၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာနှင့်သက်မွေးပညာ ကဏ္ဍများအတွက် အထောက်အပံ့ကောင်းများ ဖြစ်စေရေး အတွက် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရစက်မှုလက်မှု သိပ္ပံ(လွိုင်ကော်) ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က  အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ယနေ့ ပြည်နယ်အတွင်းရှိ လူငယ်များအတွက် မြို့ပြအင်ဂျင်နီယာဘာသာရပ်၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအားနှင့်စက်မှုအင်ဂျင်နီယာ ဘာသာရပ်များကိုသင်ကြား ပို့ချပေးမည့်ကျောင်းကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်နည်းပညာနှင့် သက်မွေးပညာကဏ္ဍသည် လွန်စွာအရေးကြီးပြီး အရည်အသွေး ပြည့်ဝစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက မူဝါဒများ ချမှတ်အကောင်အထည်ဖော် နေသည်ကို တွေ့မြင် ရပါကြောင်း၊  မိမိတို့ ပြည်နယ်အစိုးရအနေနှင့် ယခုလို သက်မွေးပညာ ကျောင်းများ ဖြစ်ပေါ်လာစေ ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းသား/ သူများ၊ ဝန်ထမ်း များနှင့် ဆရာ၊ ဆရာမများအနေနှင့် လိုအပ်ချက်များ၊ တင်ပြရန်များရှိပါကတင်ပြနိုင်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှလည်း နည်းပညာနှင့် သက်မွေးပညာရပ်သည် ဒုတိယတန်းစားပညာရပ် မဟုတ်ကြောင်း လူမှုစီးပွားကဏ္ဍများ ဖွံ့ဖြိုးရန်အတွက် ယင်းပညာရပ်များကို ပထမတန်းစား ပညာရပ်ဖြစ်အောင် ကြိုးပမ်းရန် လိုပါကြောင်း၊ မိမိတို့အစိုးရအနေနှင့် မိမိတို့လိုလားသည့်အရွေ့ကိုအရောက်လှမ်းနိုင်ရန်အတွက် တာဝန်ယူဆောင် ရွက်နေသည့် (၄)နှစ်တာကာလအတွင်း သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများနှင့်အတူ အလေးအနက်ထား ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ယင်းကဏ္ဍဖွံ့ဖြိုးရေးအတွက် အထူး အလေးအနက်ထား ကြိုးပမ်းစေလိုပါကြောင်း၊ ယင်းကျောင်းကြီး အား ၂၀၁၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ထပ်မံဖြည့်ဆည်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ယခင်က စက်မှုအထက်တန်းကျောင်းတစ်ခုတည်းရှိခဲ့ပြီး မိမိတို့အစိုးရအနေနှင့်အစိုးရ အထက်တန်း ကျောင်းကိုလည်း ဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ကယားပြည်နယ်အတွင်းရှိ သက်မွေးပညာရပ်ကို စိတ်ပါဝင်စားသည့် လူငယ်များအနေနှင့် ကျွမ်းကျင်မှုများ တိုးတက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ပိုမိုကောင်းမွန်သော နည်းပညာနှင့် သက်မွေး ပညာများ တိုးတက်ရေး အတွက် မဟာဗျူဟာများချမှတ် ဆောင်ရွက်နေပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် အစိုးရစက်မှုလက်မှု သိပ္ပံ(လွိုင်ကော်)သည် မဟာဗျူဟာမြောက် စီမံကိန်းတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ရေရှည် တည်တံ့အောင်မြင်ရန်၊ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရန်၊ နည်းပညာများကိုမျက်ခြေ မပြတ်စေဘဲ ဒေသနှင့် ကိုက်ညီပြီး အရည်အသွေးပြည့်သည့် သင်ကြားသင်ယူမှုများ ဖြစ်လာစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ကြီး၏ စီမံခန့်ခွဲမှု၊ ဆရာ၊ ဆရာမများ၏ လိုက်ပါဆောင်ရွက်မှု၊ သင်တန်းသား/ သူများ၏ စိတ်ပါ ဝင်စားမှုများ မြင့်မားလာအောင် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာကျောင်းအတွက် လိုအပ်ချက်များရှိပါက ပြည်နယ် အစိုးရအဖွဲ့သို့ ချိတ်ဆက်တင်ပြပေးရန် ဖြစ်ပြီးတင်ပြချက်အပေါ် အကောင် အထည်ဖော်ပေး နိုင်ရေးအဆင့်ဆင့်သို့ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့အရပ်သားအစိုးရ လက်ထက် တွင် ယင်းအခွင့်အရေးများကိုရယူရန်လိုပြီး၊ ပိုမိုကောင်းမွန် သည့်အရွေ့ကိုအရှန်အဟုန်ဖြင့် သွားနိုင်ရန် လိုပါကြောင်း၊ မြန်မာနိုင်ငံ၏ပညာရေး ပြုပြင်ပြောင်း လဲမှုကို ဆောင်ရွက်ပေးနေသည့် ပညာရေး ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေးအတွက်သာမက ကယားပြည်နယ်အတွက်သိသာ ထင်ရှားသည့်သမိုင်းမှတ်တိုင် တစ်ခုအဖြစ် ကျန်ရှိနေ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ကျောင်းသား/သူများ၏ ပညာရေးတစ်ခုတည်း တိုးတက်ရန် မဟုတ်ဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆရာ၊ ဆရာမများမှ အကောင်းဆုံး သင်ကြားပြသပေးစေလိုပြီး၊ ကျောင်းသား/သူများအနေနှင့် လည်း မိမိအကျိုး၊ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုး အတွက် ရည်ရွယ်၍ ကြိုးပမ်း ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများက ကျောင်းအတွက် လိုအပ်ချက်များ ကိုတင်ပြကြရာတွင် လျှပ်စစ်စွမ်းအင်ဘာသာရပ် သင်ကြားနိုင်ရေးအတွက် (၁၀)ပေပတ်လည် သစ်သားစားပွဲခုံ (၄)လုံး ၊ မြို့ပြအင်ဂျင်နီယာဘာသာရပ် လက်တွေ့သင်ကြားမှုအတွက် အသုံးပြုသည့်သင်ထောက်ကူသစ်သားစားပွဲ (၄) ခုံ၊ ပစ္စည်းဘီရို(၂)လုံး ၊ ကျောင်းတွင် Canteen တစ်ခုဖွင့် လှစ်လို၍ ပံ့ပိုးကူညီပေးနိုင်ရန်၊ ဓာတုဗေဒဌာနအတွက်လက်တွေ့ အခန်းသုံး ခုံရှည်နှင့် Basin ပံ့ပိုးပေးစေ လိုပါကြောင်း၊ ကျောင်းအနေနှင့် အမှိုက်စနစ်တကျ စွန့်ပစ်နိုင်ရန်အတွက် စည်ပင်အမှိုက်သိမ်းကား စေလွှတ်ပေး စေလိုပါကြောင်း၊ လက်တွေ့ပြုလုပ်နိုင်ရန် ကျောင်းတွင်းသင်တန်းများ လည်းပြုလုပ်ပေးစေလိုပါကြောင်း၊ လျှပ်စစ်စွမ်းအင်ဌာနအတွက် လက်တွေ့ပြုလုပ်သည့် ခုံနှင့်ပစ္စည်းတင်စင် ၊ ဘာသာပြ အမျိုးသားဆရာတစ်ဦး ခန့်အပ် ပေးစေလိုပါ ကြောင်း၊ စက်မှုစွမ်းအင်ဌာနမှ Vice ခုံအတွက် ခုံတစ်လုံးပံ့ပိုးပေးစေလိုပြီး လိုအပ်သည့် ဆရာ၊ ဆရာမ တိုးမြှင့်ခန့်အပ်ပေးစေလိုပါကြောင်း၊ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ဌာနမှ စာအုပ်စင်နှင့်ဘီရို လိုအပ်နေ၍ ပံ့ပိုးပေးစေလိုကြောင်း၊ လျှပ်စစ်စွမ်းအားဌာနမှ သင်ထောက် ကူပစ္စည်း နှင့် ကျောင်းပတ်ဝန်းကျင် အတွက် လျှပ်စစ်မီးထွန်းလင်းရေး ဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောင်းရှေ့ အဝင်လမ်းအား ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက်ချဲ့ပေးစေလိုကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ပြုလုပ်လို၍ အားကစားပစ္စည်း ထောက်ပံ့ ပေးစေလိုကြောင်း၊ ကျောင်းအဝင်လမ်းအား ကွန်ကရစ်လမ်း ခင်းပေးစေလို ကြောင်းဖြင့် အသီးသီး တင်ပြခဲ့ကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေး မည့်အခြေအနေများ၊ သက်ဆိုင်ရာအဆင့်ဆင့်သို့ ဆက်လက်တင်ပြဆောင်ရွက်ပေးမည့် အခြေအနေ များအား ရှင်းလင်းဖြေကြား ခဲ့သည်။

ယင်းနောက် အစိုးရစက်မှုလက်မှုသိပ္ပံ (လွိုင်ကော်) ကျောင်းဆောင်သစ်အား ကယားပြည်နယ် အစိုးရ အဖွဲ့ပြည်န်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌး၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ အစိုးရစက်မှု လက်မှုသိပ္ပံ (လွိုင်ကော်) ကျောင်းအုပ်ကြီး နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးတို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြ ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များနှင့်ဆရာ၊ ဆရာမများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်းသိရသည်။

ထွန်လေး